Ethnic Issues

ဒေါ်အောင်ဆန်းစုကြည် နှင့် ဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင် သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) အဖွဲ့ဝင်များ နေပြည်တော်တွင် ယနေ့ နံနက်ပိုင်း က တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှု၌ MPC က ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြုလုပ်ရန်ပြင်ဆင်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိစ္စအား ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ပြောပြခြင်းသာဖြစ်ကြောင်း ထိုတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သော NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာ ဦးဇော်မြင့်မောင် က ဧရာဝတီသို့ ပြောသည်။

“သူတို့ ငြိမ်းချမ်းရေးညီလာခံကျင်းပမယ့် ရက်ကို လာပြီးပြောတာပါ။ အဲဒါပါပဲ။ ဒေါ်စုကို လာပြီးပြောတာပေါ့။ ဇန်နဝါရီထဲမှာ ကျင်းပ မယ်ဆိုတဲ့ရက်ကို Information လာပေးတာပါပဲ”ဟု ဒေါက်တာ ဦးဇော်မြင့်မောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ NLD ပါတီ ဗဟိုအလုပ်မှုဆောင်များဖြစ်သော ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟို ကော် မတီဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်၊ ဥက္ကဋ္ဌ ရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင်တို့ တက်ရောက်ကြပြီး MPC ဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင်နှင့် ဦးအောင်နိုင်ဦး တို့တက်ရောက်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အခြေအနေများကို နှစ်ဘက်အကြား အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း တွေ့ဆုံမှုတွင် တက်ရောက်ခဲ့သည့် MPC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

“အဓိက ကတော့ Peace Process နဲ့ အခုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စပါပဲ။ အပြန်အလှန်ဆွေးနွေးတာပါပဲ။ ကျနော်တို့လည်း ကျနော်တို့ လုပ်နေတာတွေဆွေးနွေးတာပါပဲ”ဟု ဦးလှမောင်ရွှေ က ပြောသည်။

အဆိုပါတွေ့ဆုံပွဲ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဆွေးနွေးမှုများ ရှိကြောင်း သိရသော်လည်း နှစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်များက အသေးစိပ်ပြောဆိုခြင်း မရှိပေ။

ထို့အတူ လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အခြေအနေ ရှေ့လုပ်ငန်းစဉ်နှင့် MPC ၏ အနာဂတ် အခြေအနေများကို ဆွေးနွေးကြောင်း သိရသော်လည်း အသေးစိပ် ဖွင့်ဟပြောဆိုခြင်းများ မရှိကြပေ။

MPC အဖွဲ့ အနာဂတ်နှင့် ပတ်သက်၍ “ဆွေးနွေးချက်တချို့တော့ ရှိပါတယ်။ အသေးစိပ်တော့ မပါသေးပါဘူး။ ကျနော်တို့ ပြောတာ ထက် NLD ဘက်က ပြောတာ ပိုကောင်းမယ်ထင်ပါတယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်မင်းတို့ကြား ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း သိရ သည်။

အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို ဦးတည်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဟု သမ္မတ ဦးသိန်းစိန်က တရားဝင် ပြောဆိုထားသည်။

သို့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးထားသေးသော အဖွဲ့များက လက်နက်ကိုင် အဖွဲ့များ အားလုံံး ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အခြေအနေတရပ်တွင် အတင်းတွန်း လုပ်ဆောင် နေခြင်းကြောင့် ပိုမိုရှုပ်ထွေးစေမည့် အခြေအနေများကို ဖြစ်စေနိုင်သည်ဟု ထောက်ပြ ပြောဆိုမှုများလည်း ရှိနေသည်။

Loading