စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သခ္ခတ္တ တိုက်နယ်ဆေးရုံမှ ဆရာဝန်နှစ်ဦးကို NLD ပါတီ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းစဉ်တွင် ပါဝင်သည်ဟုဆိုကာ စွပ်စွဲ တိုင်ကြားခံရသည့်အပေါ် အစိုးရက စုံစမ်းစစ်ဆေးနေမှုအား အပြင်းအထန် ကန့်ကွက်သည်ဟု ဖဲကြိုးနက် ဆရာဝန်များအဖွဲ့က ပြောဆိုလိုက်သည်။
“အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံ့ဝန်ထမ်းတွေကို မငြိမ်မသက် ဖြစ်အောင်လုပ်တာ အပြင်းအထန် ကန့်ကွက် ရှုတ်ချတယ်။ အခု သူတို့ပြောနေတဲ့ တိုင်ကြားထားတဲ့ ကိစ္စတွေ အားလုံးက စွပ်စွဲပြောဆိုထားတာ။ ဘာတွေ ဆက်လုပ်ဖြစ်မယ် ပြောလို့မရသေးဘူး။ အခြေအနေကို စောင့်ကြည့်နေတယ်” ဟု ဖဲကြိုးနက် ဆရာဝန်များအဖွဲ့ဝင် ဒေါက်တာ အလင်္ကာဦးက ဧရာဝတီကို ပြောသည်။
မိုးကျ ရွှေကိုယ်များ ဌာနတွင်း မဝင်ရောက်ရေး စတင်လှုပ်ရှားခဲ့သည့် ဖဲကြိုးနက် ဆရာဝန်များအဖွဲ့သည် ရွေးကောက်ပွဲ မတိုင်မီ ကာလများက “ပါတီနိုင်ငံရေး” နှင့် မပတ်သက်လိုသော်လည်း “အထူးကုခရီးစဉ်” ဟု ဆိုသော နယ်လှည့် ဆေးကုသရေး ကိစ္စများတွင် မပါဝင်ချင်ဘဲ ပါဝင်ခဲ့ရသော သက်သေ သာဓကများစွာ ရှိခဲ့ကြောင်း၊ နိုင်ငံတော် အသွင် ကူးပြောင်းစဉ် ကာလတွင် အနိုင်ရပါတီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေနိုင်သည့် စွပ်စွဲချက်များကို အရင်းပြုလျက် နိုင်ငံ့ ဝန်ထမ်းများအပေါ် မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်အား ရှုတ်ချကြောင်း ယနေ့နံနက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ကျနော်တို့ကို ၁၇ ရက်နေ့က စစ်ပြီးပြီ။ အခုစစ်ဆေး တွေ့ရှိချက်ကို နေပြည်တော်ကို တင်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောချင်ဘူး။ ကျူးလွန်ထားတာ တချက်မှ မရှိဘူး။ သူတို့ လီဆယ်လုပ်ကြံပြီး တိုင်ကြားတာပါ” ဟု တိုင်ကြားခံရသည့် သခ္ခတ္တတိုက်နယ် ဆေးရုံမှ ဆရာဝန် ဒေါက်တာမင်းမင်းစိုးက ရှင်းပြသည်။
သခ္ခတ္တတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ မင်းမင်းစိုးနှင့် ဒေါက်တာမို့မို့လင်း တို့သည် ဌာနမှ နေထိုင်ခွင့်ပြုထားသော ဝန်ထမ်းအိမ်ရာနေအိမ်တွင် NLD ပါတီ အမှတ်အသားပါ တံဆိပ်ပိုစတာ စတစ်ကာနှင့် အလံငယ် ကပ်ထားခြင်း၊ နေအိမ် ဆေးခန်းတွင် ဆေးကုသမှု လာရောက်ခံယူသော လူနာများကို NLD ကို မဲထည့်ရေး စည်းရုံး ဆောင်ရွက်ပြီး မဲထည့်မည့်သူများကို အခမဲ့ ဆေးကုသပေးခြင်း စသည့် ပါတီလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်ဆိုသော တိုင်စာရခဲ့ကြောင်း အစိုးရက ပြောဆိုထားသည်။
သို့ဖြစ်၍ အဆိုပါ ဆရာဝန် ၂ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ကုသရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်သန်း အပါအဝင် ဒေါက်တာကိုကိုလေးနှင့် ဒေါက်တာဝင်းဝင်ဌေးတို့က စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကျန်းမာရေးဝန်ကြီးဌာနသို့ စစ်ဆေးတွေ့ရှိချက်များ တင်ပြထားကြောင်း သိရသည်။