Crime

လိပ်ကျွန်းအမှု ဆုံးဖြတ်ချက် တရားမျှတကြောင်း တရားလို မိသားစုဝင် ပြောဆို

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အသတ်ခံခဲ့ရသော ဗြိတိသျှလူမျိုး David Miller ၏ မိသားစုဝင်များက ယနေ့ ပြစ်ဒဏ်စီရင်မှုက တရားမျှတကြောင်း ပြောခဲ့သည်။

လိပ်ကျွန်းတွင် Hannah Witheridge နှင့် David Miller တို့ အသတ်ခံရသည့် အငြင်းပွားဖွယ်ရာအမှုတွင် အသက် ၂၂ အရွယ်ဖြစ်ကြသော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ပြစ်မှုထင်ရှားကြောင်း ကော့စမွေခရိုင် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် Hannah Witheridge အား အဓမ္မပြုကျင့်မှုနှင့် လုယက်မှုတို့အတွက် ထောင်ဒဏ် အနှစ်၂၀ ထပ်ပေါင်းချမှတ်ခဲ့သည်။

အမိန့်ချပြီးနောက် တရားရုံးအပြင်ဘက်တွင် သေဆုံးသူ David ၏ အကိုဖြစ်သူ Michael Miller က ယနေ့ ပြစ်ဒဏ်စီရင်မှုက တရားမျှတကြောင်း ပြောခဲ့သည်။ မိဘ၂ပါးဖြစ်သူ Ian ၊ Sue Miller အပါအဝင် ၎င်း၏ဘေးတွင်ရပ်နေသော သတို့သမီးလောင်းတို့နှင့်အတူ ပြောကြားခဲ့ပါသည်။

“ဒီနေ့ ရလဒ်က Davidနဲ့ Hannah တို့အတွက် တရားမျှတမှုရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သက်သေတွေအရ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ပြစ်မှုကျူးလွန်တယ်ဆိုတာ ထင်ရှားပါတယ် ။ သူတို့အတ္တ ကျေနပ်မှုရဖို့ အဓမ္မပြုကျင့်ခဲ့ပြီးတော့ အဲဒါကို ဖုံးကွယ်ဖို့ လူသတ်ခဲ့ကြတယ်။ သူတို့ နောင်မရကြဘူး။ မှန်ကန်တဲ့ တရားစီရင်ချက်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” ဟု Michael Miller က ပြောသည်။ “ကျနော်တို့ မိသားစုရဲ့ ဘဝတွေလည်း ထာဝရပြောင်းလဲသွားပါပြီ။ David အိမ်ပြန် မလာနိုင်တော့ဘူး။ နောက်ဆုံး ပွေ့ဖက်မှု့တွေ၊ နောက်ဆုံးနှုတ်ဆက်မှုတွေလည်း မလုပ်နိုင်တော့ပါဘူး ”ဟုလည်း ပြောဆိုသည်။

Hannah Witheridge ၏ မိသားစုဝင်များကမူ တရားရုံးသို့ မတက်ရောက်ခဲ့ပါ။ သို့သော် ရုံးတော်သို့ လာရောက်ပြီး ဆုံးဖြတ်ချက်ကို နားထောင်နိုင်ရန် “အင်မတန် ခက်ခဲ”နေသည်ဟု ထုတ်ပြန်ကြေညာသည်။ “တရားရုံးသို့ တင်လျှောက်မှုများကို နားထောင်ရန်မှာ ကြီးစွာသော စိန်ခေါ်မှုဖြစ်ကြောင်း ကျနော်တို့ တွေ့ရှိရသည်။ နာကျင် ခံခက်သော ရှုပ်ထွေးသည့် အချက်အလက်များကိုလည်း ကျနော်တို့ သည်းခံခဲ့ရသည်။ တရားရုံး ဆုံးဖြတ်ချက်ကို ကြေလည်ရန်နှင့် ကျနော်တို့၏ ဇာတ်ကြောင်းကို လျော်ကန်သင့်မြတ်စွာ တင်ပြရန် မိသားစုတစုဖြစ်သော ကျနော်တို့အတွက် အချိန်လိုပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

Hannah Witheridge နှင့် David Miller တို့၏ အလောင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းက ခိုတောင်ခေါ် လိပ်ကျွန်းရှိ Sairee ကမ်းခြေတွင် တွေ့ရှိခဲ့သည်။ အသက် ၂၃ နှစ်အရွယ် Witheridge က အဓမ္မပြုကျင့်ခံထားရပြီး ဥယျာဉ်သုံး ပေါက်ပြားဖြင့် အရိုက်ခံထားရသည်။ အသက်၂၄ နှစ်အရွယ် Millerက သတိမေ့မြောအောင် အရိုက်ခံထားရပြီးနောက် ပင်လယ်ထဲသို့ ဆွဲချခံခဲ့ရသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အတွက်လည်း တရားမျှတသော စီရင်ချက်ဖြစ်ကြောင်း Miller မိသားစုဝင်များက ပြောကြားခဲ့ချိန်တွင် ၎င်းတို့အားကိုယ်စားပြုသည့် ရှေ့နေ ၇ ယောက်ပါဝင်သော အဖွဲ့က ထိုစီရင်ချက်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်လာ၍ ထိုင်းဘုရင့် ရဲတပ်ဖွဲ့သည် အဆိုပါအမှုကို အလျင်အမြန်ဖြေရှင်းရန် ဖိအားများအောက်တွင် ကျရောက်ခဲ့သည်။ ထိုအမှုတွင် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့သည် လူသတ်မှုတွင် ကြားဝင်ပြစ်ဒဏ်ခံရသည့်ဆိုသော စွပ်စွဲမှုများ ပေါ်ထွက်လာခဲ့သည်။ ထိုင်းနိုင်ငံ၌် ပြီးခဲ့သည့် ဖြစ်စဉ်များတွင်လည်း ပြောင်းရွေ့လုပ်သားများကို မှားယွင်းစွပ်စွဲမှုများ ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူသတ်မှုဖြစ်ပွားပြီး ၂ ပတ်အကြာတွင် မြန်မာနိုင်ငံသား ၂ ယောက်သည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်။ ထိုင်းရဲများက စစ်ဆေးမေးမြန်းစဉ်တွင် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်း၌ ပြန်လည် ပြောကြားခဲ့သည်။

ဒီအန်အေ သက်သေများက မယုံကြည်ရသဖြင့် ရှေ့နေအဖွဲ့မှ ပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့ချိန်တွင် ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားသည့်နေရာကို လက်စလက်နများ ဖျောက်ဖျက်ခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။ အမှုစစ်ဆေးနေစဉ်ကာလအတွင်း အရေးပါသော လူသတ်မှုဖြစ်ပွားရာ နေရာကလည်း ရှုပ်ထွေးနေခဲ့သည်။

စီရင်ချက်ချစဉ်အတွင်း စစ်ဆေးမေးမြန်းခဲ့ချိန်တွင် အသတ်ခံရသည့်စုံတွဲအား ကိုယ်ထိလက်ရာက် ကျူးလွန်ခဲ့သည်ဆိုသော သက်သေ အထောက်အထား မရှိကြောင်းနှင့် ဒီအန်အေသက်သေများအား နိုင်ငံတကာအဆင့်မြင့်မီ ဆောင်ရွက်ခဲ့ကြောင်း တရားသူကြီးများကပြောသည်။ တရားသူကြီး ၂ ယောက်သည် ကော့စမွေ တရားရုံး၏ တရားခွင်အခန်း နံပါတ် ၆ တွင် စီရင်ချက်ချခဲ့သည်။

သတ်မှတ်ထားသည်နေရာတွင်ရှိနေသော ပင်ပန်းနွမ်းလျနေပြီး ထောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တရားခံ ၂ယောက်နှင့် အကွာအဝေးအနည်းငယ်တွင် Miller မိသားစုသည် စီရင်ချက်အား ဘာသာပြန်ပေးနေသည်ကို စူးစိုက်စွာ နားထောင်ခဲ့သည်။

တရားခံ၏ မိခင်ဖြစ်သူများက ၎င်းတို့အနောက်တွင်ထိုင်လျက် အမှုကြားနာစဉ် တလျောက်လုံး ငိုကြွေးနေကြပါသည်။ သေဒဏ်ချမှတ်ခဲ့ပြီးနောက် တရားရုံးမှ အရာရှိများက တရားခံများကို လာခေါ်သည့်အချိန် မိခင်ဖြစ်သူများက ပွေ့ဖက်ထားခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းမှာ တရားဥပဒေအတိုင်း တရားခံကို သတ်ပစ်သည်မှာ ရှားပါးပြီး ပြီးခဲ့သည့် ၁၂ နှစ်အတွင်း ၂၀၀၉ ခုနှစ်က ၂ ဦးသာ ကွပ်မျက်ခဲ့သည်။ ထို့ကြောင့် လိပ်ကျွန်းအမှုသည် နောက်ပိုင်းအခြေအနေများတွင် သေဒဏ်မှ တသက်တကျွန်းသို့ လျော့ချဖွယ်ရာ ရှိပါသည်။ မြန်မာအစိုးရကလည်း သံတမန်ရေးနည်းလမ်းများအတိုင်း ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ လွတ်မြောက်ရေး ဆောင်ရွက်မည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံသား၂ ဦးဘက်မှ ချေပခဲ့သော ရှေ့နေများက ထိုင်းနိုင်ငံတော် အယူခံ တရားရုံးချုပ်သို့ ကော့စမွေ တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် ဦးတိုက်လျှောက်ထားသွားမည်ဖြစ်ပြီး လိုအပ်လျင် ထိုင်းနိုင်ငံ၏ တရားရုံးချုပ်အထိ တင်ပြသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါ အယူခံဝင်ခြင်း ဆုံးဖြတ်ချက်သည် ခြောက်လမှ တနှစ်အတွင်း ကြာမြင့်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

ကိုးကား – http://www.telegraph.co.uk

Loading