Politics

မဝင်းမော်ဦးကို အမျှဝေမည့်နေ့

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ အစိုးရအဖွဲ့ခေါင်း ဆောင်များ တွေ့ဆုံ၍ အာဏာလွှဲပြောင်းရေး ဆွေးနွေးသည့်သတင်းများ ကြားရတိုင်း ဦးဝင်းကြူ ဝမ်းသာနေမိသည်။

အကြောင်းရင်းကတော့ သမီးဖြစ်သူအပေါ် သူပေးထားခဲ့သည့် ကတိတခုကို အောင်မြင်အောင် ဆောင်ရွက်ပေးရန် မျှော်လင့်ချက်များ ပိုမိုပီပြင်လာသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ၂၇ နှစ်ကျော်က ဦးဝင်းကြူအနေဖြင့် သမီးဖြစ်သူ မဝင်းမော်ဦးကို ကတိတခု ပေးခဲ့မိသည်။

တိတိပပဆိုရလျှင် ထိုနေ့က ၁၉၈၈ ခုနှစ် စင်တင်ဘာလ ၁၉ ရက်နေ့ဖြစ်သည်။

ထိုအချိန်သည် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့(နဝတ စစ်အစိုးရ)က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပေါ်ပေါက်လာသည့် ရဟန်းရှင် လူ၊ ကျောင်းသား၊ ပြည်သူများ၏ ဆန္ဒပြပွဲများကို သေနတ်ဖြင့် ပစ်ခတ်၍ ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲနေသော ကာလဖြစ် သည်။

စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်း၌ မဝင်းမော်ဦးသည် မိဘများကို ဈေးကူရောင်းပြီးနောက် ကျောင်းစိမ်းဝတ်စုံ လဲလှယ်နေသည်။ အခြေခံပညာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်နေသည့် မဝင်းမော်ဦး အာဏာသိမ်း စစ်အစိုးရကို ဆန္ဒပြမည့် ကျောင်းသားသမဂ္ဂ အဖွဲ့များဆီ လိုက်သွားဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုစဉ်က ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းရန် စစ်အစိုးရက ပြင်ဆင်ထားသည့် သတင်း များ ကြားနှင့်ပြီး ဖြစ်နေသည့် မိခင် ဒေါ်ခင်ဌေးဝင်းက သမီးဖြစ်သူကို တားမြစ်သေးသည်။

“မသွားပါနဲ့လား သမီးရယ်။ သူတို့ (နဝတ စစ်အစိုးရ) က မနေ့က အာဏာသိမ်းကြောင်း ကြေညာပြီးပြီ။ ဒီနေ့ ပစ်လိမ့်မယ်။ မသွားပါနဲ့ သမီးရယ်”ဟု မိခင်ဖြစ်သူ၏တားမြစ်မှုကို သမဂ္ဂကျောင်းသူ မဝင်းမော်ဦးက လက်မခံခဲ့ချေ။

“သမီးတို့က ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်နေတာ။ သူတို့တောင် ပစ်ရဲသေးတာပဲ အမေရယ်။ သမီးတို့က ဘာလို့ အသေမခံရဲရမှာလဲ။ ဒါပေမယ့် အမေရယ်။ သမီး မြို့ထဲကို တပတ်လောက်ပတ်ပြီး ပြန်လာမှာပါ။ လာမယ်လို့ပြောထားပြီး မသွားရင် သမီးကတိပျက်သလို ဖြစ်မှာစိုးလို့ပါ။ သွားပါရစေနော်”ဟု မိခင်ဖြစ်သူကို ခွင့်တောင်းပြီးနောက် ကြည့်မြင်တိုင်မြို့နယ် အမှတ် ၄ အခြေခံပညာ အလယ်တန်းကျောင်းမှ ၈ တန်းကျောင်းသူ မဝင်းမော်ဦးတယောက် ဒီမိုကရေစီအရေး တိုက်ပွဲဝင်ရန် ကျောင်းသားသမဂ္ဂ အဖွဲ့များဆီသို့ ထွက်သွားခဲ့သည်။

ထိုနေ့က အကြီးဆုံးသမီး၊ အားအကိုးရဆုံးသမီး မဝင်းမော်ဦးကို အသက်ရှင်လျက်ဖြင့် နောက်ဆုံး မြင်တွေ့ခဲ့ရခြင်းဖြစ်မှန်း ဒေါ်ခင်ဌေးဝင်း တယောက် ကြိုတင်မသိခဲ့ပါ။

နေ့လယ်ပိုင်းတွင် ဆန္ဒပြကျောင်းသားနှင့် ရဟန်းရှင်လူ ပြည်သူများကို စစ်အစိုးရက သေနတ်ဖြင့် ပတ်ခတ်သတ်ဖြတ်၍ ဆန္ဒပြပွဲများကို ရက်စက်စွာဖြိုခွင်းနေသည့်သတင်းများ ထွက်ပေါ်လာတော့ ဦးဝင်းကြူနှင့် ဒေါ်ခင်ဌေးဝင်းတို့ မိဘ ၂ ပါးစလုံး သမီးအတွက် စိတ်ပူကြသည်။

တိုင်းပြည် ဒီမိုကရေစီရရှိရေး မကြောက်မရွံ့ ဆန္ဒပြနေသည့် သူတို့၏ သမီးကြီး ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ရန်သာ ဘုရားမှာဆုတောင်း နေရသည်။

သို့သော် ဦးဝင်းကြူတို့ ဆုတောင်းမပြည့်ခဲ့ပါ။ နေ့လယ် ၂ နာရီဝန်းကျင်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးဆီမှ ဦးဝင်းကြူတို့ အိမ်သို့ ဖုန်းဝင်လာသည်။

“မဝင်းမော်ဦးထိသွားလို့ ဆေးရုံကို အမြန်ဆုံး လိုက်ခဲ့ပါ”တဲ့။

ဦးဝင်းကြူတို့ မိသားစုတွေ ခေါင်းနပန်းကြီးသွားသည်။ အိမ်အပြင်ဘက် လမ်းမထက်တွင်လည်း တဒိုင်းဒိုင်း၊ တဒက်ဒက်ဖြင့် စစ်တပ် က မည်းမည်းမြင်ရာ ပစ်ခတ်နေသဖြင့် ဆေးရုံသို့သွားရမည့်လမ်းက အန္တရာယ် များလွန်းသည်။ နောက်ဆုံးမှာတော့ သမီးဖြစ်သူ အတွက် ရသည့်နည်းဖြင့် ဆေးရုံဆီသို့ သွားမည်ဟု ဦးဝင်းကြူ ဆုံးဖြတ်လိုက်သည်။

မဝင်းမော်ဦး၏ ဦးလေး၊ ဘကြီး တို့ကိုခေါ်ဆောင်၍ ဦးဝင်းကြူ ဆေးရုံဆီသို့ ထွက်ခဲ့သည်။ လမ်းမတလျှောက် စစ်တပ်က သေနတ်ဖြင့် တရစပ်ပစ်ခတ်နေသဖြင့် ခရီးဆက်၍မရတော့သည့်အတွက် ဦးဝင်းကြူတို့ အိမ်သို့ တခေါက် ပြန်လာခဲ့ရသည်။ အိမ်ပြန်ရောက်ပြီး မကြာမီ ဆေးရုံမှ ဒုတိယအကြိမ် ဖုန်းထပ်ဝင်လာသည်။ အသက်မီချင်ရင် အမြန်ဆုံး လိုက်လာခဲ့ရန် အကြောင်းကြားခြင်းဖြစ် သည်။ သမီးဖြစ်သူ နောက်ဆုံးထွက်သက် မီနိုင်ဖို့ မဖြစ်ဖြစ်အောင် သွားမည်ဟုဆုံးဖြတ်ပြီးနောက် ဦးဝင်းကြူတို့ လမ်းကြိုလမ်းကြား များမှတဆင့် ရန်ကုန် ဆေးရုံကြီးဆီသို့ ရောက်အောင်သွားခဲ့ကြသည်။

ဆေးရုံရောက်တော့ စစ်တပ်၏ပတ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရထားသည့် လူနာများစွာကို ဦးဝင်းကြူ တွေ့ခဲ့ရသည်။ အဆောင် တခုချင်းဆီဝင်၍ သမီးကို ရှာဖွေနေရင်း ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ဝင်းမြင့်နှင့် တွေ့တော့မှ အဆောင်အမှတ် ၃ နှင့် ၄ ကြား ရှိ အရေးပေါ်လူနာခန်းတွင် ထားရှိကြောင်း သိခဲ့ရသည်။

စစ်တပ်၏ပစ်ခတ်မှုကြောင့် မဝင်းမော်ဦး၏ ဘယ်ဘက်ပေါင်တွင် ကျည်ဆန်တချက်၊ ညာဘက်ဒူးတွင် ကျည်ဆန်တချက်နှင့် ညာ ဘက် လက်မောင်းကို ထုတ်ချင်းပေါက်ဖောက်ထွက်၍ ခန္ဓာကိုယ်ကို ကျည်ဆန် တချက် ထိမှန်ခဲ့သည့်အတွက် အဆုတ်တခြမ်းကို လှီးထုတ်ပစ်ခဲ့ရကြောင်း မဝင်းမော်ဦးကို ခွဲစိတ်ပေးခဲ့သူ ဒေါက်တာ ညွန့်ဝင်းမြင့်က ဦးဝင်းကြူကို ပြောပြသည်။

တဆက်တည်းမှာပင် သမီးဖြစ်သူ သေနတ်ဒဏ်ရာရခဲ့ပုံများနှင့် ဆေးရုံသို့ရောက်ရှိလာပုံများကို ဦးဝင်းကြူ သိခဲ့ရသည်။

ထိုနေ့က အခြေခံပညာ ကျောင်းသားသမဂ္ဂ အဖွဲ့များက အာဏာသိမ်းစစ်အစိုးရကို ချီတက်ဆန္ဒပြကြရာ မဝင်းမော်ဦးက ရှေ့ဆုံးမှနေ ၍ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုင်ကာ ချီတက်ခဲ့သည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်သို့ ဆန္ဒပြစစ်ကြောင်း ရောက်ရှိချိန်၌ အသင့်နေရာ ယူထားသည့် စစ်တပ် က ဆန္ဒပြကျောင်းသားများ၏ ခြေထောက်၊ ပေါင် အစရှိသည့် ခန္ဓာကိုယ်အောက်ပိုင်း နေရာများသို့  သေနတ်ဖြင့် ပစ်ခတ်လေတော့ သည်။ အထူးသဖြင့် ရှေ့ဆုံးမှချီတက်လာသည့် အလံကိုင်သူ၊ ဓာတ်ပုံကိုင်သူ၊ ဦးဆောင်သူများကို အဓိကထားပစ်ခတ်ခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ကိုင်ဆောင် ထားသည့် မဝင်းမော်ဦး၏ ခြေထောက်ကို ကျည်ဆန် ထိမှန်ခဲ့သည်။

ခြေထောက်ကို သေနတ်မှန်သည့်အတွက် လမ်းမပေါ်သို့ မဝင်းမော်ဦး ဒူးထောက်ကျသွားခဲ့သည်။ သို့သော် သူမကိုင်ဆောင်ထား သည့် ဗိုလ်ချုပ်အောင်ဆန်းပုံကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ဆက်ပြီး ဒူးထောက်နေခဲ့သည်။

သူငယ်ချင်းများက ဝင်းမော်ဦး ဝပ်၊ ဝင်းမော်ဦး ဝပ်ဟု အော်ဟစ်သတိပေးသည်ကို မဝင်းမော်ဦးက “ငါ မဝပ်ဘူး ငါ ဝပ်လိုက်ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်။ ဗိုလ်ချုပ်ပုံမြေ ခရင် ငါတို့ ရှုံးတာပဲ”ဟု ပြန်အော်ရင်း ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ဆောင်၍ ဆက်လက်ဒူးထောက် နေခဲ့ရာ စစ်တပ်က ထပ်မံပစ်ခတ်သည့် ကျည်ဆန်တတောင့်က မဝင်းမော်ဦး၏ ညာဘက်လက်မောင်းကိုထွင်းဖောက်၍ ခန္ဓကိုယ် အတွင်း ဝင်ရောက်သွားခဲ့သည်။

ကျည်ဆန် ၃ ချက် ထိမှန်ခဲ့သည့်အတွက် ကတ္တရာလမ်းပေါ်ရှိ သွေးအိုင်ထဲ၌ လဲကျနေသူ မဝင်းမော်ဦးကို ဦးခေါင်းဘက်မှ ဒေါက်တာ ဝင်းဇော်နှင့် ခြေထောက်ဘက်မှ ဒေါက်တာ စောလွင်တို့က သယ်ယူကာ ကယ်ထုတ်ပေးခဲ့သည့် ထိုနေ့က မြင်ကွင်းအား ဖခင် ဖြစ်သူ ဦးဝင်းကြူက ပြန်လည် ပြောပြသည်။

ကျောင်းအကျႌ အဖြူရောင်က အနီရောင်ဖြစ်သည်အထိ သွေးများစိုရွှဲနေသော မဝင်းမော်ဦးကို ဆရာဝန် ၂ ဦးက ကယ်ထုတ်နေ သည့်မြင်ကွင်းအား မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံသည်လည်း ၈၈ လူထုအရေးတော်ပုံနှင့်အတူ ကမ္ဘာကျော်သွားခဲ့သည်။

ဆရာဝန်များက မဝင်းမော်ဦးကို ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ သတိကောင်းစွာရနေသည့် မဝင်းမော်ဦးက မိဘအမည်၊ နေရပ် လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ဆေးရုံသို့ ပေးခဲ့သဖြင့် မိဘများဆီသို့ ရန်ကုန်ဆေးရုံက အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အရေးပေါ်လူနာခန်းသို့ ဦးဝင်းကြူရောက်ရှိချိန်တွင် မဝင်းမော်ဦးသည် သတိရနေပြီး ဖခင်နှင့် စကားအနည်းငယ် ပြောဆိုဖြစ်ခဲ့သည်။ ထို့နောက်တွင်တော့ နှစ်ပေါင်းများစွာ ထိန်းသိမ်းရမည့် ကတိစကားတခွန်းကို ဖခင်ဖြစ်သူထံမှ မဝင်းမော်ဦး တောင်းဆို လေတော့ သည်။

“အဖေ့ဆီကနေ သမီးကတိတခု တောင်းချင်တယ်။ အကယ်၍များ သမီးတခုခုဖြစ်ခဲ့လို့ရှိရင် သမီးတို့ တောင်းထားတဲ့ ဒီမိုကရေစီ မရမချင်း သမီးနာမည်ကိုခေါ်ပြီး အဖေ အမျှမဝေပါဘူးဆိုတဲ့ကတိကို အဖေ ပေးမလား”ဟု ဖခင်ကို ကတိ တောင်းခံလေသည်။

ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ အိမ်သားတဦး ကွယ်လွန်ပါက ကျန်ရစ်သူ မိသားစုဝင်များက သံဃာတော်များ ပင့်ဖိတ်ပြီး ကွယ်လွန်သူ ကို ရည်စူး အလှူဒါနပြုလုပ်၍ ယင်းဒါနကို ကွယ်လွန်သူ၏အမည် ခေါ်ဆိုကာ အမျှအတန်း ပေးဝေရသည်။ ထိုသို့ပြုလုပ်ခြင်းက ကွယ်လွန်သူအတွက် ဘဝတပါး၌ အကျိုးဖြစ်ထွန်းစေသည်ဟု လက်ခံထားကြသည်။ ယခုတော့ သမီးဖြစ်သူက သူကွယ်လွန်ခဲ့လျှင်တောင် ဒီမိုကရေစီမရမချင်း အမျှမဝေရန် ကတိတောင်းခံနေသည့် ကိစ္စက ဦးဝင်းကြူအတွက် ဆုံးဖြတ်ရခက်နေသည်။

နောက်ဆုံးမှာတော့ သမီးဖြစ်သူ၏ ဘဝနောက်ဆုံးအချိန် တောင်းခံသောကတိကို တည်ပါမည့်အကြောင်း ဦးဝင်းကြူ လိုက်လျော၍ ကတိပေးခဲ့ရာ မဝင်းမော်ဦးလည်း စိတ်ချသွားလေသည်လား မသိ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီ ၃၅ မိနစ် အချိန်၌ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သူ အသက် ၁၆ နှစ်အရွယ် မဝင်းမော်ဦး ကျဆုံးသွားခဲ့သည်။ ထိုတနေ့တည်းမှာပင် မဝင်းမော်ဦးနှင့်အတူ ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် ကြည့်မြင်တိုင် အ.လ.က(၄) မှ မောင်တင်ထွန်းနှင့် မောင်သန်းဌေး တို့လည်း ကျဆုံးခဲ့ကြသည်။

မဝင်းမော်ဦး ကွယ်လွန်ပြီးနောက် ဈာပနအခမ်းအနားတွင် ကြုံဆုံခဲ့ရသည့်အဖြစ်အပျက်များကလည်း ရင်နာစရာအတိ ဖြစ်ခဲ့သည်။

ထိုကာလတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးပါက အလောင်းကို ချက်ချင်း မီးသင်္ဂြိုဟ်ပစ်ရန် အာဏာသိမ်း စစ်အစိုးရက သုသာန်များတွင် အမိန့်ထုတ်ပြန်ထားခဲ့သည်။ သို့သော် ကြံတောသုသာန်ရှိ စည်ပင်ဝန်ထမ်းများက ဦးဝင်းကြူနှင့် ရင်းနှီးခင်မင်နေသူများဖြစ် သည့် အတွက် မဝင်းမော်ဦး ရုပ်အလောင်းကို သုသာန်ရှိ ရေခဲတိုက်တွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ထားရှိ၍ ကူညီ ထိန်းသိမ်း ပေးခဲ့ကြသည်။

မဝင်းမော်ဦးနေထိုင်သည့် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း အိမ်အမှတ် ၃၅ နေအိမ်မှာတော့ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ ခဲ့သူတဦးအတွက် နာရေးအခမ်းအနား ရှိမနေခဲ့ပါ။ နာရေးအခမ်းအနား ပြုလုပ်ခဲ့လျှင် အခမ်းအနားကို အကြောင်းပြု၍ ကျောင်းသား များနှင့် မိသားစုဝင်များကိုပါ စစ်အစိုးရက ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်မည်စိုးရိမ်၍ မလုပ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့ မနက်မှာတော့ မဝင်းမော်ဦးအလောင်းကို မီးသင်္ဂြိုဟ်ရန်အတွက် ဖခင် ဦးဝင်းကြူ၊ မိခင် ဒေါ်ခင်ဌေးဝင်း၊ မဝင်းမော်ဦး၏ ကြီးတော်နှင့် အဘွား ၂ ဦးတို့ ကြံတောသုသာန်သို့ လာရောက်ခဲ့ကြသည်။

တိုင်းပြည် ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူတဦး ဈာပနတွင် စုစုပေါင်း လူ ၆ ဦးသာ ရှိနေခဲ့သည်။ ထို့နောက် ရေခဲတိုက်မှ မဝင်းမော်ဦးအလောင်းကို ထုတ်ယူ၍ သာမာန်အသုဘတခုသဖွယ် ဟန်မပျက် သင်္ဂြိုဟ်ရန် ပြင်ဆင်နေခဲ့ကြသည်။ ထိုအချိန်တွင် သုသာန်၌ တာဝန်ကျနေသည့်စစ်သားတဦးက မဝင်းမော်ဦး အလောင်းရှိ သေနတ် ဒဏ်ရာမှ သွေးများစိမ့်ထွက်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ဒါ Gunshot (သေနတ်ဒဏ်ရာ) နဲ့ သေတာမဟုတ်လား။ Gunshot နဲ့သေတာကို မင်းတို့က ဘာလို့ချက်ချင်း မသင်္ဂြိုဟ်တာလဲ”ဟု စစ်သားက မီးသင်္ဂြိုဟ်စက် တာဝန်ကျ စည်ပင်ဝန်ထမ်းကို မေးမြန်းလာချိန်တွင် ဦးဝင်းကြူတို့ ဘာပြန်ဖြေရမှန်းမသိ ဖြစ်ကုန်ကြ သည်။

သေနတ်ဒဏ်ရာဖြင့်သေဆုံးသော အလောင်းများကို ချက်ချင်းသင်္ဂြိုဟ်ရန် ထုတ်ပြန်ထားသည့် နဝတ စစ်အစိုးရ၏ညွှန်ကြားချက် ကိုဖောက်ဖျက်၍ သမီးဖြစ်သူကို ကျနစွာသင်္ဂြိုဟ်ပေးရန် ပြင်ဆင်နေချိန်၌ စစ်တပ်ကသိသွားခဲ့တော့ ကူညီပေးသူ စည်ပင် ဝန်ထမ်း ရော မိဘတွေပါ ပြဿနာတက်မည့်အခြေအနေ ဆိုက်ရောက်သွားခဲ့သည်။

တာဝန်ကျစစ်သားက ယခုကိစ္စအား ၎င်း၏အထက်အရာရှိထံသို့ သတင်းပို့ရန် ထွက်သွားခဲ့သည်။ ထိုအချိန်၌ ဦးဝင်းကြူ၏ မိတ်ဆွေ စည်ပင်ဝန်ထမ်းက မီးသင်္ဂြိုဟ်ရန်ပြင်ဆင်ထားသည့် မဝင်းမော်ဦး အလောင်းကို ခြေမြန်လက်မြန်ဖြင့် အခေါင်းတခုအတွင်း ဖွက်ထား လိုက်သည်။

ထို့နေ့မနက်မှာပင် ဒလမြို့နယ်ရှိ ရဲစခန်းတခုကို ပြည်သူများက ဝင်ရောက်စီးနင်းရင်း သေနတ်ထိမှန်၍ သေဆုံးခဲ့သည့် ရဲမေတဦး၏ အလောင်းသည်လည်း ကြံတောသုသာန်သို့ ရောက်ရှိနေရာ စည်ပင်ဝန်ထမ်းက မဝင်းမော်ဦးအလောင်းနေရာ၌ ရဲမေ အလောင်းဖြင့် အစားထိုးပြီး မီးသင်္ဂြိုဟ်ရန် ပြင်ဆင်ထားလိုက်သည်။ မဝင်းမော်ဦး၏ မိဘဆွေမျိုးများကိုလည်း အခန်းတခုအတွင်း ပုန်းအောင်းနေ စေ ခဲ့သည်။

ခဏကြာတော့ တာဝန်ကျစစ်သားနှင့်အတူ ဗိုလ်ကြီးတဦး ပြန်ရောက်လာပြီး အလောင်းကို ကြည့်ရှုကြသည်။ သေနတ်ဒဏ်ရာဖြင့် သေဆုံးပြီး ယနေ့မနက်မှ သုသာန်သို့ရောက်ရှိလာသည့် ရဲမေအလောင်းကို မီးသင်္ဂြိုဟ်ရန် ပြင်ဆင်ထားသည့် အခြေအနေက နဝတ အစိုးရ၏ညွန်ကြားချက်နှင့် ကိုက်ညီနေသည့်အတွက် တစုံတရာ ပြဿနာမရှာဘဲ ပြန်ထွက်သွားခဲ့သည်။

ထိုအချိန်ကျတော့မှ ဦးဝင်းကြူနှင့် ဒေါ်ခင်ဌေးဝင်းတို့ သက်ပြင်းချနိုင်ပြီး ပုန်းအောင်းရာမှ ထွက်လာ၍ မဝင်းမော်ဦးအလောင်းကို ကျနစွာပြင်ဆင်ပြီး မီးသင်္ဂြိုဟ်ခဲ့ကြရသည်။

အာဏာသိမ်း နဝတ စစ်အစိုးရအနေဖြင့် လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြသည့်ကျောင်းသား၊ ကျောင်းသူများကို သေသည်အထိ သေနတ်နှင့်ပစ်သတ်ခဲ့သည်ကို အားမရသေးဘဲ အသက်မဲ့နေသည့် အလောင်းဘ၀ ရောက်သည်အထိ ကောင်းမွန်စွာသင်္ဂြိုဟ်ခွင့် မပေးဘဲ လိုက်လံဒုက္ခပေးခဲ့ခြင်း ဖြစ်သည်။

နဝတ စစ်အစိုးရ၏ ဆန္ဒပြကျောင်းသားများအပေါ် ထားရှိသည့်အငြိုးအတေးများက ထိုမျှနှင့် မရပ်တန့်ခဲ့ပါ။ မဝင်းမော်ဦးကို ရည်စူး၍ မိသားစုဝင်များက နှစ်ပတ်လည်ဆွမ်းကပ်ပွဲများ လုပ်သည့်အခါတိုင်းတွင်လည်း ခြိမ်းခြောက်နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“သမီးကျဆုံးပြီး တနှစ်ပြည့်တဲ့အချိန်မှာ နှစ်ပတ်လည်အနေနဲ့ အိမ်မှာဆွမ်းကပ်တယ်။ အဲဒီနေ့မှာ အိမ်ရှေ့ တည့်တည့်မှာကိုပဲ စစ်ကား ၄ စီးလာရပ်ထားတယ်။ အဲဒီတော့ ဖိတ်ကြားထားတဲ့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေတောင် လာချင်လျက်နဲ့ စစ်ကားတွေမြင် လို့ မလာရဲကြဘူး ဖြစ်ကုန်တယ်”ဟု ၁၉၈၉ ခုနှစ်က အတွေ့အကြုံကို ဦးဝင်းကြူက ပြောပြသည်။

၁၉၈၉ ခုနှစ်မှစ၍ သမီးဖြစ်သူအတွက် ရည်စူး၍ ဆွမ်းကပ်ပွဲများပြုလုပ်သော်လည်း ဦးဝင်းကြူတို့ မိသားစုဝင်များက မဝင်းမော်ဦး နာမည်ကိုခေါ်၍ အမျှမဝေခဲ့ပါ။

မဝင်းမော်ဦး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီမရမချင်း အမျှမဝေပါနှင့် ဆိုသည့် ကတိစကားကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

မဝင်းမော်ဦးကျဆုံးပြီး ၂၇ နှစ်ကျော်ကြာချိန်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက တနိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဆုံးဖြတ်လိုက်တော့ ဦးဝင်းကြူတို့ မိသားစုတွေ အားတက်ရသည်။

NLD ပါတီအနိုင်ရ၍ ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့လျှင် သမီးကြီး မဝင်းမော်ဦးကို အမျှဝေနိုင်မည် မဟုတ်ပါလား။ ထို့ကြောင့် ဦးဝင်းကြူတို့ မိသားစုတွေ အားလုံး NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝန်းရံပြီး မဲဆွယ်ပေးခဲ့ကြသည်။

မဲရလဒ်များ ကြေညာချိန်မှာတော့ ဦးဝင်းကြူတို့မျှော်လင့်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီက အမတ် နေရာ ၃၉၀ ကျော် အနိုင်ရခဲ့သဖြင့် ဦးဝင်းကြူတို့မိသားစုတွေ ဝမ်းသာလွန်းလို့ ငိုခဲ့ကြသည်။

ထိုအချိန်၌ NLD နိုင်ပြီ၊ ဒီမိုကရေစီရပြီ၊ မဝင်းမော်ဦးကို အမျှဝေသင့်ပြီ စသဖြင့် အကြံပေးပြောဆိုမှုများ ပေါ်ထွက်လာသည်။
ဦးဝင်းကြူတို့မိသားစုကတော့ လုံးဝလက်မခံဘဲ ပယ်ချခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က ဦးအုန်းကျော်ဆိုသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ညောင်းတုန်းမြို့နယ် အမြောင်း ကျေးရွာ၌ မဝင်းမော်ဦးကို အမျှဝေပွဲလုပ်သည်။ ဦးဝင်းကြူတို့ မိသားတစု အဆိုပါပွဲသို့ တက်ရောက်ခဲ့သော်လည်း မဝင်းမော်ဦးကို အမျှမဝေခဲ့ပါ။

တိုင်းပြည် ဒီမိုကရေစီရေး အတွက် အသက်ပေးသွားခဲ့သည့် အာဇာနည် မဝင်းမော်ဦးကို လွန်ခဲ့သည့် ၂၇ နှစ်ကျော်ကပေးခဲ့သည့် ကတိစကားအရ သူ့အမည်ခေါ်ဆို၍ အမျှပေးဝေမည့်နေ့ကို ဦးဝင်းကြူက ယခုကဲ့သို့ ပြောပြသည်။

“NLD ပါတီ နိုင်သွားတဲ့အတွက် ကျနော့်သမီးကို အမျှဝေမှာပါ။ လတ်တလော အနေအထားအရ သမီးတို့တောင်းခဲ့တဲ့ ဒီမိုကရေစီက ရေးရေးလေးပဲ မြင်ရသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို အာဏာလွှဲပြောင်းမှုက ဘာမှမရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို အာဏာလွှဲပြီးလို့ အစိုးရသစ်ဖွဲ့ပြီးတဲ့ အချိန်ကျမှသာလျှင် သမီးအတွက်ကို ကျေကျေနပ်နပ်ကြီး အမျှဝေမှာပါ”ဟု ဖခင် ဦးဝင်းကြူက သူ၏ ဆုံးဖြတ်ချက်ကို ဧရာဝတီကို ပြောပြသည်။

လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို အာဏာလွှဲပေးပြီးနောက် ဦးဝင်းကြူနှင့် မိသားစုဝင်များက မဝင်းမော်ဦး အမည် ခေါ်ဆို၍ အမျှဝေပွဲ ကျင်းပပါလိမ့်မည်။ တမလွန်ဘဝမှ အာဇာနည် မဝင်းမော်ဦးသည်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုကောင်း ခေါ်ဆိုနိုင်မည် ဖြစ်သည်။

သေချာသည်ကတော့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်း အသက်ပေးလှူ၍ တိုက်ပွဲဝင်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ် အမှတ် ၄ အခြေခံပညာ အလယ်တန်းကျောင်းမှ ၈ တန်းကျောင်းသူ မဝင်းမော်ဦး အမည်သည် မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်း၌ အမြဲ မှတ်တမ်းတင် ကျန်ရစ်နေမည် ဖြစ်ပါသည်။   ။

Loading