ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုလျှင်

နေမင်း

This article has been converted from Zawgyi One to Unicode

၂၀၁၅ ခုနှစ် လွှတ်တော်အသီးသီး ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် NLD ပါတီ၏ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတအဖြစ် မြင်တွေ့လိုသည့် ပြည်သူအသီးသီး ပုဂ္ဂိုလ် အမျိုး မျိုးတို့တွင်  ၂၀ဝ၈ ဖွဲ့စည်းပုံက ဟန့်တားထားမှုကို မည်သို့မည်ပုံ ကျော်ဖြတ်ချေဖျက်နိုင်မည့် နည်းလမ်း အား မျက်မှောက်ကာလ၌ စဉ်းစားဆွေးနွေးနေသံများ နယ်ပယ်အသီးသီးတွင် ကြားသိမြင်တွေ့နေရပါသည်။

အထူးသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၅၉ ၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများတွင် ရှိရမည့် အရည်အချင်းများအဖြစ် (က) မှ (ဆ) အထိ အချက် ၇ ချက် တွင် ပုဒ်မခွဲ (စ)၌ “မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး(သို့) ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ ဇနီး(သို့) ခင်ပွန်း သော်လည်းကောင်း၊ နိုင်ငံ ခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရိုသေသူ (သို့) နိုင်ငံခြား အစိုးရ၏ လက် အောက်ခံဖြစ်သူ (သို့) တိုင်းတပါး၏ နိုင်ငံသားဖြစ် သူများမဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစား နိုင်ခွင့်ရှိသူများမဖြစ်စေရ”ဟူသော ကန့်သတ်ချက် သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတအဖြစ်လတ်တလောရွေးကောက်တင်မြှောက် နိုင်ရေးတွင် အဓိက အခက်အခဲ အဟန့်အတားဖြစ် စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်အား လိုလားသူများက ဆိုကြပါသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အထက်ပါ ဥပဒေပုဒ်မ ၅၉ (စ) တည်ရှိနေသ၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အကြောင်းမရှိပါ။ အထက်ပါ ဥပဒေပုဒ်မကို ပြင်လိုဖျက်လိုလျှင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့အရ ပြင်ဆင်လိုသော အချက် ကို ဥပဒေမူကြမ်းအဖြစ် အဆိုတခုတည်း ပြည်ထောင်စုလွှတ်တော်တွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်ပြမှသာ လက်ခံဆွေးနွေးခွင့်ရမည် ဖြစ်ပါသည်။

အထက်ပါ ပြင်ဆင်ခွင့်အဆိုကို ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော် ပြင်ဆင်ရန်သဘော တူထောက်ခံမှသာ ယင်းအဆိုကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခွင့် ရမည် ဖြစ်ပါသည်။ ယင်းအဆိုကို ပြည်လုံးကျွတ် ဆန္ဒခံယူသောအခါတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲကထောက်ခံမှသာ ပြင်ဆင်ခွင့်ရှိမည်ဖြစ်ပါသည်။ အထက်ပါ ကန့်သတ်ချက်များကို ကျော်လွှား နိုင်မှသာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင် သမ္မတဖြစ်ခွင့် ရမည် ဖြစ်ပါသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခွင့်ကို ပမာဏအဆင့်၌ပင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှသာ ပြည်သူ့ဆန္ဒ ခံယူခွင့်ရှိမည်ဖြစ်ရာ အရပ်သား ၇၅ ရာခိုင်နှုန်း သာမက တပ်ချုပ်ကိုယ်စားလှယ်  ၂၅ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော်တွင် တပ်ချုပ် ကိုယ်စားလှယ် ထောက်ခံမဲ မရရှိလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သို့မျှပြင် ဆင်နိုင်ရန် အကြောင်းမရှိပေ။

အထက်ပါ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်အား ကျော်လွှားနိုင်ရန် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ကာလအတွင်း ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ ကျော်လွှားနိုင်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ် အတည်း ဖြေရှင်းနည်းကို စံပြု၍ဖွဲ့စည်းပုံဆိုင်ရာ ဆိုင်းငံ့ပြဿနာ ဖြေရှင်းနည်းကို လတ်တလော အသုံးပြုရန် အကြံပြုမှု များ ဒေါ်အောင်ဆန်းစုကြည်ကို လိုလားသူများအကြား ပေါ်ပေါက်လျက် ရှိနေပါသည်။

၁၉၅၈ ခုနှစ်တွင် မြန်မာ့လွှတ်တော်၌ ပေါ်ပေါက်ခဲ့သော ပြဿနာမှာ အာဏာရ ဖဆပလအဖွဲ့ချုပ်အတွင်း နုတင်ဆွေငြိမ်း ပုဂ္ဂိုလ်ရေး အကွဲပြဿနာမှ သန့်ရှင်းတည်မြဲပါတီ အဖွဲ့အစည်းလိုက် ကွဲပြဲမှုအဆင့်သို့ ရောက်ရှိ လာ သောကြောင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဗိုလ်ချုပ်နေဝင်းအား အိမ်စောင့်အစိုးရအဖြစ် ယာယီတာဝန်လွှဲပြောင်း အပ်ခဲ့ရသည့်ပြဿနာသည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် ပေါ်ပေါက် ခဲ့ပါသည်။

ထိုစဉ်က နိုင်ငံတော် အာဏာရယူခဲ့သော ဗိုလ်ချုပ်နေဝင်း၏ တာဝန်မှာ ၆ လအတွင်း လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲ ကျင်းပပေးရန်ဖြစ်ပါသည်။

ထိုစဉ်က တည်ဆဲ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၆ တွင် “အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးသည် ၆ လမျှ တဆက်တည်း ပါလီမန် အမတ်မဟုတ်လျှင် ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ အစိုးရအဖွဲ့ ဝန်ကြီးမှရပ်စဲမည်” ဟု ကန့်သတ်ပြဋ္ဌာန်းထားချက် ရှိပါသည်။
လွှတ်တော်အမတ် မဟုတ်သော ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရအဖွဲ့ဝင်များ သက်တမ်းသည် ၁၉၅၉ ခုနှစ်၊ ဧပြီလကုန်အထိသာ တရားဝင်ထမ်း ဆောင်ခွင့် ရှိမည်ဖြစ်ပါသည်။ ဗိုလ်နေဝင်းက ၆ လ အတွင်းလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သဖြင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၁၆ ကို ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင်လွှတ်တော်တွင် ယင်းပြဿနာကို အမတ်များအတွင်း အခြေအတင် ဆွေးနွေးမှုပြုခဲ့ပါသည်။ များစွာသော အကြောင်းများကြောင့် သန့်ရှင်းတည်မြဲ ၂ ဖွဲ့စလုံးက ဗိုလ်နေဝင်း၏ တင်ပြချက်ကို ထောက်ခံမဲပေးခဲ့ကြပါသည်။

ပမညတအမတ်သခင် ချစ်မောင်ကမူ “နိုင်ငံတော်သူ နိုင်ငံသားများက ပါလီမန်လွှတ်တော်ကြီးကို ရွေးကောက်တင်မြောက်ပါတယ်။ ပါလီမန်လွှတ်တော်က ပါလီမန် လွှတ်တော်အစိုးရကို ရွေးကောက်တင် မြောက်ပါတယ်။ အဲဒါဟာ မူဖြစ်ပါတယ်။ လွှဲပြောင်း ပြင်ဆင်ခြင်းမပြုနိုင်သော အခြေခံတရားကြီးတွေဖြစ် ပါတယ်။ အကယ်၍ ပုဒ်မ-၁၁၆ ကိုထပ်ပြင်ရရင် မူပျက်တယ်လို့  မြင်ပါတယ်။ အဲဒီမူပျက်တယ်ဆိုရင် ပါလီမန်အစိုးရ ကွယ်လွန်ပြီလို့ ပါလီမန်လွှတ်တော်က ကြေညာရမှာဖြစ်ပါတယ်”လို့ ထုတ်ဖော်ပြောဆိုပြီး ဇာတ်ကြီးဆယ်ဘွဲ့တွင် ပါရှိသော ဝိဓူရဇာတ်တော်ကြီးကို ပမာပြု၍ “မင်းကြီးနဲ့တူတဲ့ ဦးနုနဲ့ ပုဏ္ဏားနဲ့တူတဲ့ ဗိုလ်နေဝင်းတို့ ေြွကအံကစားကြပြီး ဘုရင်ကရှုံးတော့ ပညာရှိ ဝိဓူရအမတ်ကြီးကို ဘီလူးပုဏ္ဏားက လက်အပ်၊ ပုဏ္ဏားက ဝိဓူရကို မြင်းနဲ့ချီ၊ တောင်စဉ် ခုနှစ်ထပ် ဒုန်းစိုင်းနှင်ခဲ့သဖြင့် တောင်စွယ်တောင် ထွက်အလီလီနဲ့ တိုက်ပြီး နှိပ်စက်ခဲ့သလို ပမညတ များနဲ့လူထုဟာ ဝိဓူရနဲ့တူပြီး သွေးအလိမ်းလိမ်းထွက် ခံစားနေရသလို အထပ်ထပ် နာကျင်ခံစားနေရပါ ကြောင်း” ဖွဲ့နွဲ့တင်စားပြောဆိုခဲ့သည့် မှတ်တမ်း သည် နိုင်ငံကျော်ခဲ့ပါသည်။ ထိုစဉ်ကစ၍ လူထုက သခင်ချစ်မောင်ကို ဝိဓူရဆိုတဲ့ဘွဲ့နာမည်ထပ်တိုးခေါ် ဆိုကြသဖြင့် ဝိဓူရသခင်ချစ်မောင် အမည်သည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြိုကွဲခြင်းနှင့် တထပ်တည်း ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ယင်းဥပဒေ ပုဒ်မ-၂၀၈ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်ဥပဒေကြမ်းကို လွှတ်တော်၂ ရပ်၏ အမတ်သုံးပုံပုံ နှစ်ပုံအောက် မလျော့သော အမတ်များက ထောက်ခံမဲပေးလျှင် အတည်ဖြစ်သည်ဟု မှတ်ယူရကြောင်း ပြဋ္ဌာန်းချက်ဖြင့် အတည်ပြု အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့စာရေးသူတို့ ကြုံတွေ့နေရသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၅၉၊ ၆၀ ကိုပြင် ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ ထောက်ခံရုံနဲ့မရဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ ရဦးမည်။

ယင်းပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံ ဆန္ဒမဲရမှသာပြင်ဆင်ရမည်ဟု ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ (က) တွင် အတိအကျ ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဤပြဋ္ဌာန်းချက်အရ ဆိုပါ ကတပ်ချုပ်ကိုယ်စားလှယ်မဲများက ထောက်ခံမဲပေး သော်ငြား ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ် ခွင့်မရဘဲ လူထုဆန္ဒခံယူရဦးမည်သဘောအတိအကျ ဖော်ညွှန်းထားသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုဖျက်မဖျက် မပြင်ဘဲနှင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရန် မလွယ်ကူကြောင်း တွေ့ရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလို သူများသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကိုသာ အာရုံပြု၍နေသူက များပါသည်။ အကယ်၍ ဥပဒေပြဿနာများစွာကို ကျော်လွှား၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာငြားသော် လည်းဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပါတီ နိုင်ငံရေးသမားများ အမှန်တကယ် ရင်ဆိုင်ရဦးမည့် ဥပဒေလက်နက်ပုန်းပုဒ်မတခုသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် နဝတ၊ နအဖတို့၏ ဥပဒေ ပညာရှင်များ အတတ်ကျူးစွာရေးဆွဲထားမှုရှိခဲ့ပါ သည်။
ယင်းဥပဒေပုဒ်မသည် မူလအနိုင်ရ ကြံ့ခိုင်ရေး ပါတီကိုပင် ပျက်စီးစေခဲ့သောပုဒ်မဖြစ်ပါသည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၆၄ ဖြစ်ပါသည်။ “နိုင်ငံတော်သမ္မတ(သို့) ဒုတိယသမ္မတ များအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း ၏ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားချက် အခိုင်အမာရှိပါသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် ကိုယ့်အတတ်နှင့် ကိုယ်စူးကာ ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့ရသည့် ဩဂုတ်လ ၁၂ ရက် သန်းခေါင်ယံ အာဏာသိမ်းပွဲ အဖြစ်တင်စားသမုတ်ခဲ့သော သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းတို့၏ အာဏာလုပွဲ သည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၆၄ ကြောင့်ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။

ပါတီအဖွဲ့အစည်းအား အခိုင်အမာ ဦးဆောင် နိုင်ခွင့်မရှိလျှင်နိုင်ငံရေးအာဏာကို ရယူထိန်းသိမ်း ရန် မဖြစ်နိုင်ကြောင်း သတိပြုကြစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်တရပ်ရပ်ကို လက်ခံခဲ့ပါလျှင် ပုဒ်မ ၆၄ အရ NLD ပါတီ၏ဦးဆောင်မှုတာဝန်ကိုယာယီ စွန့်လွှတ်ရတော့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်တဦးတယောက်တည်းအပေါ် အဓိက တည် ဆောက်ထားသော NLD အဖွဲ့ချုပ်ပါတီသည် ဒေါ် အောင်ဆန်းစုကြည်မရှိဘဲနှင့်ရပ်တည်နိုင်ရန်မလွယ် ကူပါ။

အတိတ်သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအား ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် တည်ဆောက်ခဲ့သော ပြည်သူ့ရဲဘော် အဖွဲ့ကြီးသည် ဗိုလ်ချုပ်မရှိသည့်နှင့် တပြိုင်နက် ပြိုကွဲပျက်စီးခဲ့သလို အဖြစ်မျိုးကြုံ တွေ့ နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀ဝ၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို သေချာစွာလေ့လာဆန်းစစ်ပြီး တရားဝင် ဖျက်သိမ်း ပြင်ဆင်နိုင်ခြင်းမရှိသေးမီ လက်ပူတိုက်ကုသသော ဆေးမြီးတိုများကို ယုံကြည် အားထားခိုင်မာသည် ယူဆ၍သမ္မတတည်းဟူသော ကျွဲပြဲကိုစီးရန် မသင့်လျော်ဟု စာရေးသူက ရိုးသား စွာ အကြံပြုအပ်ပါသည်။ မရဲဘဲနှင့် ကျွဲပြဲစီးသူအတွက် ေြွမပါလည်းဆုံး သားလည်းဆုံးအဖြစ်မျိုးကြုံတွေ့ရ သကဲ့သို့ သမ္မတလည်းမဖြစ် ပါတီလည်း ပျက်သုန်း နိုင်သည်ကို သေချာတွက်ချက်ရန် လိုပါသည်။

စာရေးသူအနေဖြင့် မျက်မှောက်ကြုံတွေ့နေ ရသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာကို ဖြေရှင်းရာတွင် ပုဒ်မ ၅၉ (စ) သာမက ပုဒ်မ ၆၄ သည်လည်း ချန်လှပ်ထား၍ မရနိုင်သော မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးသော့ချက်တခု ဖြစ်လာမည်ဟု ယူဆပါသည်။

Loading