ထိုင်းစစ်တပ်အာဏာသိမ်းချိန်မှ စ၍ စီးပွားရေး ကျဆင်းလာနေရာ လာမည်နှစ်တွင် ပိုမိုဆိုးလာနိုင်ကြောင်း ပြည်ပတွင် ထွက်ပြေးခိုလှုံနေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကနှစ်သစ်ကူးဆုတောင်းတွင် သတိပေးပြောကြားလိုက်ပါတယ်။
“ကျနော်ညီအကိုမောင်နှမများကို နှစ်သစ်ကူးဆုတောင်းပါတယ်၊ တကမ္ဘာလုံး စီးပွားကျဆင်းလာတာကြောင့် ရှေ့နှစ်မှာ ထိုင်းနိုင်ငံဟာ စီးပွားရေး မကောင်းနိုင်ဘူး၊ ဒါကြောင့် ခွန်အားမွေးဖြတ်ကျော်ဖို့ ပြောချင်ပါတယ်” လို့ ဝန်ကြီးချုပ်ဟောင်း က နှစ်သစ်ကူးဆုတောင်းစကားမှာ ထည့်သွင်းပြောလိုက်ပါတယ်။
ထိုင်းစီးပွားရေးနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်သူတချို့ကလည်း ၂၀၁၄ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီး ကတည်း ပို့ကုန်လုပ်ငန်းတွေဟာ ရုန်းကန်နေရပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ရထားလမ်းစီမံကိန်းတွေမှာ အကြီးအကျယ်သုံးစွဲနေတယ်၊ ထိုင်း မိသားစုတွေမှာ အကြွေးတင်တာတွေ များပြားနေတာကို ထောက်ပြပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က ပြည်ပမှာ နေထိုင်နေရသူဖြစ်သလို ညီမဖြစ်သူ ယင့်လတ်ရှင်နာဝပ်ဟာလည်း ၂၀၁၄မှာ စစ်တပ်အာဏာသိမ်းတဲ့အတွက် ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံခဲ့ရပါတယ်။