Ethnic Issues

ခရစ်စမတ် လက်ဆောင်

This article has been converted from Zawgyi One to Unicode

“လွယ်အိတ်လိုချင်တယ်”

ဒီနှစ် ခရစ်စမတ်မှာ စန်တာကလော့စ်ဆီက ဘာလိုချင်လဲလို့ မေးတဲ့အခါ ၉ နှစ်အရွယ် “နော်မိုင်း” က ရှက်ပြုံးကလေး ပြုံးပြီး တိုးတိုးကလေး ဖြေလိုက်တာပါ။

အခြား စစ်ဘေးရှောင် ကချင်ဒုက္ခသည် ၃၀၀၀ ကျော်နဲ့အတူ နော်မိုင်းဟာ သူ့ရဲ့ ဒီနှစ် ခရစ်စမတ်ညကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က ရောဘတ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ၅ နှစ်မြောက် ကုန်ဆုံးရပြန်ပါပြီ။

“ကချင်လွယ်အိတ် လိုချင်တယ်လို့ သားက အမြဲပြောတယ်။ သူက UNICEF က ပေးတဲ့ ကျောပိုးအိတ်နဲ့ ကျောင်းသွားရမှာ ရှက်တယ်တဲ့” လို့ နော်မိုင်းရဲ့ အမေ ထမ်ခေါန်က ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အမှတ်တံဆိပ်ပါတဲ့ အပြာရောင် ကျောပိုးအိတ် အဟောင်းလေးကို လက်ညိုးထိုးပြပြီး ပြောပါတယ်။

“ဒါပေမယ့် ကျမတို့က သူ့ကို လွယ်အိတ် ဝယ်ပေးဖို့ ပိုက်ဆံ မတတ်နိုင်ဘူးလေ” လို့ သူက ဆက်ပြောပါတယ်။

ရောဘတ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု စတင် ပျက်ယွင်းပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ပြန်လည်စတင်ခဲ့တဲ့ ၂၀၁၁ ခု နှစ် နှစ်လယ်ပိုင်းလောက်ကမှာ ကချင် စစ်ဘေးရှောင် ဒုက္ခသည်တွေကို စတင်လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုနှစ် ဖေဖော်ဝါရီလမှာတော့ ဘုရားရှိခိုးကျောင်းထဲမှာ ခိုလှုံနေ စစ်ဘေးရှောင် ဦးရေဟာ ၃၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီးဝင်းအတွင်း လက်ခံနိုင်တဲ့ လူဦးရေထက် ကျော်လွန်သွားတဲ့အတွက် ဒုက္ခသည် လက်ခံမှုကို ရပ်တန့်ခဲ့ တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုအောင်မိုင်းက ဧရာဝတီကို ပြောပါတယ်။

ခရစ်စမတ် အခါသမယဟာ ခရစ်ယာန်ဘာသာဝင်တွေ အလေးအနက်ထားတဲ့ ပွဲတော်ရက်တခု ဖြစ်ပြီး ဆွေမျိုးသားချင်း တွေ၊ ညီအစ်ကို မောင်နှမတွေ၊ သူငယ်ချင်း အသိုင်းအဝိုင်းတွေ တစုတစည်းတည်း ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တတ်ကြပါ တယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင် အများစု ဖြစ်တဲ့ စစ်ဘေးရှောင်စခန်းက ကချင်ဒုက္ခသည် မိသားစုတွေ အတွက် တော့ တိတ်ဆိတ်စွာပဲ ကုန်ဆုံးရတဲ့ သာမန်ရက် တရက်လောက်သာ ဖြစ်ပါတယ်။

စစ်ဘေးရှောင် မိသားစုတွေဟာ စစ်တပ် ၂ တပ် စစ်ပြန်ဖြစ်တဲ့ အချိန်ကစလို့ ချစ်ခင်သူတွေ မိသားစုတွေနဲ့ ဝေးကွာသွား ကြရပြီး အိုးကွာအိမ်ကွာ ဖြစ်သွားခဲ့ကြရပါတယ်။ အဲဒီမိသားစုတွေထဲမှာ နော်မိုင်းရဲ့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ယခုလအတွင်းက ထုတ် ပြန်ချက်တခုအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်းဒေသတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်းခန့် စစ်ဘေးရှောင်နေရသေး တယ်လို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူ ၁ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှု အကူ အညီတွေ လိုအပ်နေပေမယ့် ၂၀၁၅ မှာ အဖွဲ့အစည်းရဲ့ ရန်ပုံငွေ ရရှိမှုဟာ သိသိသာသာ လျော့ကျသွားတယ်လို့လည်း ဆို ထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေသေးတဲ့ ဒီရောဘတ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း အတွင်း မှာတော့ အသက် ၃ နှစ်ကနေ ၁၂ နှစ်အတွင်းရှိတဲ့ ကလေးငယ်ပေါင်း တထောင်ခန့် ရှိတယ်လို့ စခန်းတာဝန်ခံ ကိုအောင် မိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ်တွေအတွက် စစ်ဘေးရှောင် မူကြိုကျောင်းကလေး တကျောင်း ထားရှိ ထားတယ်လို့လည်း သိရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေအနက် အချို့ကတော့ ဘုရားကျောင်းဝင်းအတွင်းမှာပဲ ရှိတဲ့ အထက ကျောင်းမှာ ကျောင်းတက်ကြပြီး အချို့ကတော့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ သင်ကြားပေးတဲ့ စစ် ဘေးရှောင်ကျောင်းမှာ တက်ကြတယ်လို့ ဆိုပါတယ်။

စခန်းစပြီး ဖွင့်ခဲ့တဲ့အချိန်ကစပြီး ကျောင်းက ဆရာ၊ ဆရာမတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ် အထိမ်းအမှတ်ကို သူတို့နည်း သူတို့ဟန်နဲ့ ကလေးတွေအတွက် ကျင်းပပေးလေ့ ရှိတယ်လို့ ကလေးမိဘတွေနဲ့ စခန်းတာဝန်ခံတွေက ဧရာဝ တီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလတွေမှာလည်း စစ်ဘေးရှောင် စခန်းတွေရဲ့ ခရစ်စမတ်နေ့ ဖြတ်သန်းမှုတွေဟာ ပျော်ရွှင်စရာ မရှိခဲ့ဘူးလို့ စစ်ဘေးရှောင် စခန်းတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးနေတဲ့ Zinlum အဖွဲ့အစည်းရဲ့ Program Officer ကိုနန်းဇိမ်လဂျာက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့က အခု ခရစ်စမတ်ကို Symbol တခုအနေနဲ့ပဲ လုပ်နေရတော့တယ်။ ဘာလို့လဲဆိုတော့ ခရစ်စမတ်ရဲ့ တကယ့် အဓိပ္ပာယ်က အတူတကွ အားလုံးပျော်မယ်။ နေရာဒေသမရွေး တကမ္ဘာလုံး အားလုံး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်သက် ခြင်း တို့က သူ့ရဲ့ အဓိပ္ပာယ်ပေါ့နော်။ အခုက အဲဒီလို မဖြစ်နေဘူး။ မဖြစ်နေတော့ ဘယ်သူမှ မပျော်နိုင်ပါဘူး” လို့ ကိုနန်း ဇိမ်လဂျာက ပြောပါတယ်။

“တကယ်တမ်း ခရစ်စမတ်လုပ်လည်း သူတို့ ၁ ရက်ပဲ လုပ်တုန်း ခဏပဲ။ ပြီးတာနဲ့ သူတို့ မိသားစုအရေး၊ စားဖို့၊ သောက်ဖို့ ဒီဝန်ထုပ်ဝန်ပိုးတွေက ပြန်ရောက်လာတာပဲ။ တကယ် သူတို့ရဲ့ဘဝကို ဝင်ခံစားကြည့်လိုက်တဲ့အခါမှာ သူတို့ မပျော်ဘူး။ လုံးဝ မပျော်ဘူး” လို့ သူက ဆက်ပြီး ပြောပါတယ်။

စစ်ဘေးရှောင် စခန်းတွေအတွက် လှူဒါန်းသူတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ဒုက္ခသည်တွေရဲ့ စားဝတ်နေ ရေးအတွက်ပဲ အဓိကထား လှူဒါန်းကြတာကြောင့် စခန်းက ဒုက္ခသည် မိသားစုတိုင်းအတွက် ခရစ်စမတ် ကျင်းပပေးဖို့ ZinLum အဖွဲ့အစည်း အနေနဲ့ မတတ်နိုင်ဘူးလို့ ပြောပြပါတယ်။

ကိုနန်းဇိမ်လဂျာက ခရစ်စမတ်ပွဲအခါ ရောက်တိုင်း စခန်းက ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ ဦးစားပေး ကျင်းပ ပေး ချင်တယ်လို့လည်း ပြောပါတယ်။ ခရစ်စမတ်ပွဲတွေက ကလေးတွေရဲ့ နာကျင်မှုတွေကို ခဏလေးပဲ ဖြစ်ဖြစ် ပြေပျောက် သွားစေနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။

“တဖြည်းဖြည်းနဲ့ ခရစ်စမတ်က သူတို့အတွက် အဓိပ္ပာယ်မဲ့သလို ဖြစ်နေပြီ” လို့ ကိုနန်းဇိမ်လဂျာက ပြောပါတယ်။

စစ်ဘေးရှောင် မူကြိုကျောင်းက ကလေးငယ်တွေအတွက် ခရစ်စမတ်ပွဲကို ကျောင်းက ဆရာ၊ ဆရာမတွေက သူတို့စုထား တဲ့ ပိုက်ဆံနဲ့ ပွဲလေးတခု လုပ်ပေးပြီး ကလေးတွေအတွက် လက်ဆောင်ပစ္စည်းတွေလည်း တတ်နိုင်သလောက် ဝယ်ပေး ခဲ့ကြတယ်လို့ မူကြိုကျောင်းမှာ ဆရာမအဖြစ် လုပ်ပေးနေပြီး ကိုယ်တိုင်လည်း စစ်ဘေးရှောင်တယောက် ဖြစ်တဲ့ ထန်ရာက ပြောပါတယ်။

ထန်ရာ ကိုယ်တိုင်ကတော့ ခရစ်စမတ် အချိန် ရောက်တိုင်း သူငယ်ချင်းတွေ၊ မိတ်ဆွေဟောင်းတွေနဲ့ သူ့ရပ် သူ့ရွာကို လွမ်းရတယ်လို့ ပြောပါတယ်။

“ဒီမှာ ခရစ်စမတ်လုပ်တယ် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်ဆိုရင် ဆိုရင်တောင် ကိုယ့်နေရာ ကိုယ့်ဒေသ မဟုတ်တဲ့ အခါကျ တော့ ကိုယ့်ရပ်ရွာက လူတွေနဲ့လည်း မဆုံဖြစ်တော့ဘူးလေ။ ဒီမှာ မျက်နှာချင်းဆိုင်ရတဲ့ လူတွေနဲ့ပဲ ပျော်ရတယ်။ တ ယောက်နဲ့ တယောက် အခက်အခဲကလည်း ရှိတယ်။ ခရစ်စမတ်သာ လုပ်တယ်၊ ပျော်ရွှင်မှု မရဘူး” လို့ ထန်ရာက ပြော ပါတယ်။

သူတို့အားလုံး လိုချင်တဲ့ ခရစ်စမတ် လက်ဆောင်ဟာ ငြိမ်းချမ်းရေး ဖြစ်ပါတယ်လို့လည်း ဧရာဝတီကို ပြောခဲ့ပါတယ်။

“အခုဖြစ်နေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ နောက်နှစ် နောင်အခါတွေမှာ လာမယ့် ၂၀၁၆ မှာတော့ ငြိမ်းချမ်းစေချင်ပြီ။ ဒါပဲ ဆုတောင်းတယ်။ အခု ကျမတို့ လိုအပ်နေတဲ့ လက်ဆောင်က အဓိကတော့ အဲဒီအချက် ဖြစ်တယ်” လို့ သူက ပြောပြပါ တယ်။

နော်မိုင်းရဲ့ မိခင်၊ အသက် ၄၈ နှစ် အရွယ်သာ ရှိသေးတဲ့ ထမ်ခေါန်ကတော့ အိမ်နဲ့ ဝေးနေရတဲ့ ဒီလို အချိန်တွေမှာ ခရစ်စမတ်ဆိုတာဟာ သူ့အတွက် စိတ်မလှုပ်ရှားစေတော့ဘူးလို့ ဆိုပါတယ်။

“ခရစ်စမတ်ဆိုရင် တရွာလုံး အကုန်လုံး စည်စည်ကားကား ဝိုင်းလုပ်ကြတယ်။ ဆွေမျိုးတွေကို သတိရတယ်။ သတိရလွန်း လို့ ဒီအကြောင်း ပြောတောင် မပြောချင်တော့ဘူး” ထမ်ခေါန်က မျက်ရည်တွေ ဝဲပြီး ပြောပါတယ်။

ထမ်ခေါန်ဟာ စကားပြောတာကို ရပ်ပြီး တဲအိမ်ထဲမှာ ငြိမ်သက်စွာ ထိုင်နေတဲ့ နော်မိုင်းကို လှမ်းကြည့်နေခဲ့ပါတယ်။ ထမ်
ေ ခါန် ဟာ ရောဘတ် ဘုရားရှိခိုးကျောင်းကို နော်မိုင်း ၄ နှစ်သား အရွယ်မှာ ရောက်လာခဲ့တာ ဖြစ်ပြီး နော်မိုင်းအပါအဝင် သားသမီး ၄ ယောက် ရှိတယ်လို့လည်း သိခဲ့ရပါတယ်။

ရောဘတ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းထဲမှာ အရင်က ဘောလုံးကွင်းအဖြစ် ရှိခဲ့တဲ့ ကွင်းပြင်ကျယ်ကြီးဟာ အခုတော့ စစ်ဘေးရှောင် ကချင်ဒုက္ခသည်တွေအတွက် တဲအိမ်တန်းတွေ ဖြစ်နေပါပြီ။ စခန်းမှာ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ခန့် နဲ့ ၆ နှစ်နဲ့ ၁၂ ကြားကတော့ ၇၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အသက် ၆၀ အထက် သက်ကြီးရွယ်အိုကတော့ ၂၀၀ ခန့်ရှိ ပြီးတော့ မိသားစုပေါင်း ၆၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဘုရားရှိခိုးကျောင်းကနေ ပြန်ထွက်လာခဲ့တဲ့ အချိန်မှာတော့ ညနေစောင်း ၃ နာရီလောက် ဖြစ်နေပါပြီ။ စာသင်ကျောင်း တွေထဲကနေ ကျောင်းသူ၊ ကျောင်းသားတွေ ပြေးထွက်လာပါတယ်။ ကလေးငယ် တချို့ဟာ UNICEF တံဆိပ်ပါတဲ့ ကျော ပိုးအိတ်ကလေးတွေ လွယ်ပြီး တချို့ကတော့ အရောင်ဖျော့ပြီး ဟောင်းနွမ်းနေတဲ့ ကချင်လွယ်အိတ်လေးတွေ လွယ်လို့ စာ သင်ခန်းတွေထဲက ထွက်လာပါတယ်။ တချို့ကတော့ အဖြူ၊ အစိမ်း ကျောင်းဝတ်စုံလေးတွေ ဝတ်ထားပေမယ့် တချို့ က တော့ မဝတ်ထားကြပါဘူး။

လက်ထဲမှာ ရောင်စုံပူဖောင်းလေးတွေ ကိုင်ပြီး ကစားနေကြတဲ့ ကလေးတချို့လည်း တွေ့ခဲ့ရပါတယ်။ ဆရာ၊ ဆရာမတွေ ကျင်းပပေးတဲ့ ခရစ်စမတ်ပွဲ အထိမ်းအမှတ်အပြီး သူတို့မျက်နှာမှာ အပြုံးတွေ ရှိနေခဲ့ပါတယ်။

၇ တန်းတက်နေတဲ့ ခေါန်ရှောင် အမည်ရှိတဲ့ ကျောင်းသူလေးကတော့ ဒီနှစ် ခရစ်စမတ် လက်ဆောင်အဖြစ် သူ့ရဲ့ ရွာမှာ သူ့ရဲ့ ငယ်သူငယ်ချင်းတွေနဲ့အတူ ကျောင်းပြန်တက်ချင်တယ်လို့ ဆိုပါတယ်။

Loading