လိပ်ကျွန်းလူသတ်မှုတွင် မြန်မာ ၂ ဦးကို သေဒဏ်ချမှတ်ခြင်းအပေါ် မြန်မာပြည်သူများ ဆန္ဒပြမှုနှင့် ပတ်သက်၍ တည်ငြိမ်ကြရန်နှင့် ဥပဒေအတိုင်း လုပ်ဆောင်မှုများ မပြီးသေးပါကြောင်း ထိုင်းရှေ့နေများ ကောင်စီက တိုက်တွန်းချက် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မေတ္တာရပ်ခံချက်ဖြင့် ထိုင်းရှေ့နေများကောင်စီသည် မြန်မာ ၂ ဦး၏ အမှုတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လိပ်ကျွန်းလူသတ်မှုအတွက် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ထိုင်းရောက် မြန်မာများ၊ ထိုင်း-မြန်မာနယ်စပ်မှ မြန်မာများနှင့် ရန်ကုန်မြို့တို့တွင် ယင်းပြစ်ဒဏ်ချမှတ်မှုအပေါ် ပြန်လည်သုံးသပ်ပေးရန်၊ တရားမျှတမှု ရှိစေရန် တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။
မြန်မာသံအမတ်ကြီးနှင့် သေဒဏ်ချမှတ်ခံရသူ ၂ ဦး၏ မိဘတို့သည့် ထိုင်းရှေ့နေများ ကောင်စီနှင့်အတူ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တွေ့ဆုံရန်ရှိကြောင်း၊ ထိုင်းရှေ့နေများ ကောင်စီက အထက်တရားရုံးတွင် တဆင့်ပြီးတဆင့် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည့်ကိစ္စ အသေးစိတ်ကို ရှင်းပြမည်ဖြစ်ကြောင်း သိရသည်။