Human Rights

ကလေး အလုပ်သမားများ အခွင့်အရေးနှင့် အကာအကွယ်ပေးရေး

This article has been converted from Zawgyi One to Unicode

အသက် ၈ နှစ်အရွယ် အိမ်အကူ ကလေးငယ် မစုဝေကိုကိုယ်လုံးတီးချွတ်၍ အမျိုးသမီးတဦးက ရိုက်နှက်သည့် ဓာတ်ပုံများ၊ မန္တလေးမြို့ရှိ အဆီချ အလှပြင်ဆိုင်တွင် ပိတ်လှောင်ကာ ရိုက်နှက်နှိပ်စက်ခံရသည့် ၁၂ အရွယ် အလုပ်သမ မိန်းကလေးဓာတ်ပုံများ လူမှုကွန်ရက် မီဒီယာများထက်တွင် ပျံ့နှံကာ ဂယက်ရိုက်ခဲ့သည်။

လူမှုကွန်ရက် မီဒီယာများတွင် ထိုကလေးငယ်များ နှိပ်စက်ခံရသည့် ဓာတ်ပုံများ ပျံ့နှံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားများ အခွင့်အရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မေးခွန်းထုတ်စရာ ရှိလာပြီဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပြည်သူလူထုက ဝေဖန်သုံးသပ်လာကြခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်များ အားလုံးသည် ဖြစ်ပွားနေဆဲ ကလေးသူငယ် မှုခင်းများဖြစ်ပြီး ကျူးလွန်ထားသူများကို အာမခံပေးထားခြင်းနှင့် စုံစမ်းစစ်ဆေးဆဲ အခြေအနေကြောင့်ဟုဆိုကာ ရဲတပ်ဖွဲ့ က အရေးယူအပြစ်ပေးခြင်း မရှိသေးဟု သိရသည်။

“ဥပဒေက ပွင့်ပွင့်လင်းလင်း ပြောရရင် အားနည်းတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးပေါ့။ ဥပဒေပြုရေးက အားနည်းတော့ အုပ်ချုပ်ရေးမှာ ယိုင်တာပဲ။ ဥပဒေပြုမှ အရေးယူဆောင်ရွက်တာတွေ လုပ်တာထက်၊ တိုင်မှ အရေးယူတာထက် သက်ဆိုင်ရာ အဆင့်ဆင့်က ဘယ်နေရာတွေမှာ ကလေးအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရလဲ အစီရင်ခံစာတွေ အဆင့်ဆင့် တင်ပြပေးလို့ရတာပဲ” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ထောက်ပြပြောဆိုသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အိမ်အကူ၊ ဆိုင်အကူ စသည့် ကလေးအလုပ်သမားများကို နှိပ်စက်ညှင်းပမ်းမှု အများအပြား ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူမှု အားနည်းနေသည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

“ဒီကိစ္စတွေကို မဖော်ထုတ်နိုင်ခြင်းသည် ရဲတပ်ဖွဲ့က သူ့အလုပ် သူမလုပ်တာ၊ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး၊ ကလေးအလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ မရဘူး။ ဥပဒေတွေဆိုတာက ထုတ်ပြန်ရုံနဲ့ မရဘူး။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေကလည်း အဲဒီ ဥပဒတွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်မှ ရမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။

မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ဆရာဝန်လင်မယား နှင့် မိသားစုက အသက် ၁၄ နှစ်အရွယ် အိမ်အကူ မသန်းသန်းစိုးကို ငရုတ်ကျည်ပွေ့ဖြင့် ပါးစပ်အတွင်း ထိုးထည့် နှိပ်စက်ခြင်း၊ မီးပူဖြင့်ကပ်ခြင်း၊ ရိုက်နှက်မှုများ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည်။

ပဲခူးမြို့နယ် ဒုတရားသူကြီး၏ ဇနီးက မီးပူဖြင့်ကပ်ကာ နှိပ်စက်ညှင်းပန်းခံရသည့် အိမ်အကူ အသက် ၁၃ နှစ်အရွယ် မအေးယုအောင် အမှု၊ ဧရာဝတီတိုင်းဒေသကြီးနေ မော်ဒယ် သီရိကိုကိုနိုင်၏ နေအိမ်တွင် နှိပ်စက်ခံရသူ အိမ်အကူ အသက် ၁၃ နှစ် အရွယ် မနော်ထက်ထက် အမှု၊ မန္တလေးမြို့နေ အထည်ဆိုင်ပိုင်ရှင် တရုတ်လင်မယားက ရေနွေးပူဖြင့် ပက်သဖြင့် ဒဏ်ရာများရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် အိမ်အကူ မအေးအေးအောင် အမှုတို့ ဖြစ်ပွားခဲ့သည်။

ထို့အပြင် လက်ပံတန်းမြို့နယ်၌ စားသောက်ဆိုင်ပိုင်ရှင်  ကြိမ်တုတ်ဖြင့်ရိုက်သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူ အသက် ၁၂ နှစ်အရွယ် ဆိုင်အကူ မောင်ချစ်မင်းကို တို့၏ အမှုများတွင် ကျုးလွန်ခဲ့သူများကို တရားစွဲဆိုခြင်း၊ ထွက်ပြေး တိမ်းရှောင်သူများကို စုံစမ်းစစ်ဆေးဆဲ အခြေအနေများတွင်သာ ရှိသည်။

မြောက်ဒဂုံမြို့နယ်နေ အိမ်ရှင် ဒေါ်အေးဝင်း၏ ရိုက်နှက်နှိပ်စက်မှုကြောင့် ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ဒဏ်ရာများ ရရှိခဲ့သည့် အသက် ၁၅ နှစ် အရွယ် အိမ်အကူ မသန်းသန်း အမှုတွင် အိမ်ရှင်ကို အင်းစိန်ထောင်၌ ဖမ်းဆီးထားပြီး တရားလိုပြ သက်သေများကို စစ်ဆေးဆဲ အခြေအနေဖြစ်ကြောင်း ဒဂုံမြောက်ပိုင်းရဲစခန်းမှ ရဲအရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

“ရဲတွေ အလုပ်မလုပ်တာ မဟုတ်ဘူး။ ကျနော်တို့လည်း ဖြစ်စဉ်တွေ၊ တာဝန်တွေ၊ ကင်းလှည့်တဲ့ကိစ္စတွေနဲ့ အနားနေရတယ် မရှိဘူး။ အခုလို ကိစ္စတွေဖြစ်လာတော့ တရားခံထွက်ပြေးတာ၊ မမိတာတွေ ဆိုတာက အာမခံပေးလိုက်တဲ့ အချိန်မှာ ထွက်ပြေးသွားတာ၊ အမှု တိုင်ကြားတာက နောက်ကျတဲ့အခါမှာ ကျူးလွန်သူက ထွက်ပြေးသွားတာမျိုးတွေကြောင့် ဖြစ်တာမျိုးတွေရှိတယ်။ မဟုတ်ရင်တော့ ထိထိရောက်ရောက် အရေးယူတာပဲ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိကြီးတဦးက ပြောသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မီဒီယာများထက်တွင် ပျံ့နှံ့ခဲ့သည့် ကလေးအလုပ်သမားများ ရိုက်နှက်နှိပ်စက်ခံရမှု များအပြင် သတင်းစာမျက်နှာများထက်သို့ ရောက်မလာဘဲ အိမ်ရှင်များဘက်မှ လျော်ကြေးပေးကာ ကျေအေးစေခြင်း နှင့် အမှုပိတ်လိုက်ခြင်းဖြင့် မတရားမှုများ လမ်းတွင်ပျောက်သွားသည့် ကိစ္စများလည်း ရှိသည်။

“ကျနော့် မိဘတွေက ပိုက်ဆံမရှိဘူး။ ဒါကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်နေတာ။ တလကို ၃ သောင်း ရတယ်။  အကုန်လုံး အမေ့ကို ပြန်အပ်တယ်။ အမေ့မှာ ပိုက်ဆံမရှိဘူး။ ကျနော့်လစာက အိမ်အတွက် စားစရိတ်ရတယ်လေ။ စားဖို့ နဲ့ အိပ်ဖို့နေရာ လက်ဖက်ရည်ဆိုင်က ပေးထားတယ်။ အလုပ်လုပ်ရတာကတော့ တခါတခါ အဆင်ပြေတယ်။ အဆင် မပြေတာတွေလည်း ရှိပါတယ်” ဟု ဒဂုံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် စားပွဲထိုး ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ မောင်မြတ်မင်း က ပြောပြသည်။

အသက် ၁၄ နှစ် အရွယ်ရှိ မောင်မြတ်မင်းသည် မှော်ဘီမြို့နယ်မှ ၄ မိုင်ခန့်အကွာရှိ ရွာငယ်တခုမှဖြစ်ပြီး ရန်ကုန်မြို့ပေါ် ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်ကာ မိသားစုကို ပြန်လည် ထောက်ပံ့နေရသူဖြစ်သည်။

အစိုးရက ကလေးသူငယ်များ၊ ကလေး အလုပ်သမားများ၏ အခွင့်အရေးများကို အကောင်အထည် ဖော်နိုင်ရန် နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းခြင်းနှင့် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကလေးလုပ်သား စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နေသည်ဟု ပြောဆိုထားသည်။

၁၉၉၃ ခုနှစ်က ပြဌာန်းခဲ့သည့် ကလေးသူငယ် ဥပဒေပါ အခန်း၅ ပုဒ်မ ၂၄ (က) အရ ကလေးသူငယ်တိုင်းသည် မိမိဆန္ဒအလျောက် အလုပ်လုပ်ပိုင်ခွင့် ရှိသည်။ ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန်၊ အားလပ်ခွင့်နှင့် အခြားသက်သာခွင့်များကို ရပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာနသည် အလုပ်လုပ်သော ကလေးသူငယ်များ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

သို့သော် ယင်းဥပဒေများ အမှန်တကယ် အသက်ဝင်မှု ရှိ မရှိ ဟူသည့်အချက်မှာ လက်ရှိ ဖြစ်ပျက်နေသည့် ကလေးသူငယ်များ၊ ကလေးအလုပ်သမားများ၏ နှိပ်စက်ခံရသည့် ဖြစ်ရပ်များ၊ ကျူးလွန်သည့် တရားခံများကို အပြစ်ပေးအရေးယူမှု အားနည်းနေသည့် အချက်များက လက်တွေ့သက်သေပြနေသည်။

“ဥပဒေပြဌာန်းထားရုံနဲ့ လုံခြုံပြီလို့ ပြောလို့မရဘူး။ အဲဒါတွေကို လက်တွေ့ အကောင်အထည်ဖော် အရေးယူတာတွေ လုပ်ရမှာ။ အဲဒီလိုလုပ်နေလို့ ကလေးသူငယ်တွေ အလုပ် မလုပ်ရတော့ဘူးဆိုပြီး ကလေးတွေရဲ့ ပါးစပ်ကို ပိတ်ထားလို့ မရဘူး။ သူတို့က ငတ်နေတာဗျ။ ဘယ်ကလေးမှ သူများအိမ်၊ ဆိုင်မှာ ကျွန်တယောက်လို အလုပ်မလုပ်ချင်ဘူး။ ဒါကြောင့် အကောင်အထည်ဖော် အရေးယူမှုတွေအပြီးမှာ မိသားစုဝင်တွေရော ကလေးတွေကိုပါ ပံ့ပိုးကူညီမှုတွေ ပြန်လည် ပြုစုပျိုးထောင်မှုတွေ ဝိုင်းဝန်းကူညီမှုတွေ လုပ်ရမယ်။ ကလေးလုပ်သားတွေ ဘာကြောင့်များနေလဲ။ ဆင်းရဲမွဲတေမှုကြောင့် များနေတာ” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ရှင်းပြသည်။

အစိုးရက တရားဝင် ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တွင်မူ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ကလေးသူငယ် အမှုအခင်း ၂ မှုသာ တိုင်ကြားမှု ရှိခဲ့သည်ဟု ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရသည် ကလေးသူငယ်ဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ ကလေးအလုပ်သမား ဥပဒေမူကြမ်း စသည်တို့ုကို ရေးဆွဲပြဋ္ဌာန်းနေပြီး ဂျနီဗာ ကွန်ဗင်းရှင်းပါ ကလေးသူငယ် အခွင့်အရေးများ၊ ကလေး အလုပ်သမားများနှင့် သက်ဆိုင်သည့် အခန်း ၁၈၂ ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

သို့သော် နိုင်ငံတဝှမ်းတွင် ကလေးအလုပ်သမားပေါင်း များစွာ တိုးပွားနေဆဲဖြစ်သလို ကလေးသူငယ်များ၏ အခွင့်အရေး ရရှိမှုမှာလည်း နည်းပါးနေဆဲဖြစ်သည့်အပေါ် ပြည်သူလူထုက ဝေဖန်နေကြသည်။

ဦးအောင်လင်းက “ကလေးအလုပ်သမား ဘယ်လောက်ရှိလဲ ဆိုတာကို လွှမ်းခြုံသိနိုင်မယ့် စစ်တမ်းက အခုထိ မပြီးသေးဘူး။ ကလေး အလုပ်သမားတွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရမယ်။ အဲဒီအတွက် ဘတ်ဂျက်က ဘယ်လောက်ထိရှိလဲ ပွင့်လင်းမြင်သာမှုမရှိဘူး။ အခုချိန်မှာ လုပ်ရမှာကို နောင် ၄ နှစ် ၅ နှစ်နေမှ လုပ်လို့မရဘူး ။ အနာဂတ်မကောင်းဘူး။ လျင်လျင်မြန်မြန် ဆောင်ရွက်ရမယ်” ဟု ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စက်ရုံအလုပ်ရုံများ နှင့် နေအိမ်များတွင် မိသားစုစားဝတ်နေရေး အဆင်မပြေမှုကြောင့် အလုပ်လုပ်ကိုင်နေရသည့် အသက် ၁၂ နှစ်မှ ၁၇ နှစ် အရွယ်ဝန်းကျင် ကလေးလုပ်သားပေါင်း များစွာ ရှိနေသည်ဟု သိရသည်။

အမျိုးသား လွှတ်တော်တွင်လည်း ကလေးအလုပ်သမား ဥပဒေ မူကြမ်းကို ရေးဆွဲ ဆောင်ရွက်ကာ အတည်ပြုထားပြီး ဖြစ်သည်။

အဆိုပါမူကြမ်းအရ အသက် ၁၄ နှစ်မပြည့်သေးသော မည်သူကိုမဆို ဆိုင်တခု၌ဖြစ်စေ အလုပ်ဌာနတခု၌ ဖြစ်စေ အလုပ် မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရန်၊  အသက် ၁၆ နှစ်မပြည့်သေးသူအား သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပိုလုပ်ခွင့် မပြုရန် နှင့် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း မခိုင်းစေရ သို့မဟုတ် အလုပ်မလုပ်စေရ၊ ကလေးသူငယ်များကို အလုပ်လုပ်ရန် သင့်တော်ကြောင်း တာဝန်ခံ ဆရာဝန်၏ ခွင့်ပြုချက်ရမှာသာ အလုပ် လုပ်ကိုင်စေနိုင်သည်ဟု ယင်းဥပဒေတွင် ပြဌာန်းထားသည်။

ထိုဥပဒေကို ချိုးဖောက်သည့် မည်သည့် အလုပ်ရှင်ကိုမဆို ခြောက်လထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ ဒဏ်ငွေ သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ကိုဖြစ်စေ ချမျတ်နိုင်ကြောင်း ရေးဆွဲထားသည်။

“ကလေးအလုပ်သမားတွေ နှိပ်စက်ခံနေရတယ်။ ဒါက အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူရမှာ။ သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေအရ ဒီလိုမျိုးလုပ်ရင် ပြစ်မှုမြောက်တယ် ဆိုတာကို ဗဟုသုတနည်းပါးလို့ မသိဘူး။ အလုပ်ရှင်တွေကို အရေးယူမှုက အရမ်းကို အားနည်းမှုရှိပါတယ်။ အဲဒီတော့ ဒါတွေကို သိအောင် လုပ်ရမယ်။ ကလေး အလုပ်သမားတွေကို ညဘက် ဘယ်အချိန်ကနေ နေ့ဘက် ဘယ်အချိန်ထိ မခိုင်းရဘူးဆိုတာမျိုး ရှိတယ်။ ဒါပေမယ့် ခိုင်းနေကျတာပဲ။ သိသိကြီးနဲ့ ခိုင်းတာရှိတယ်။ မသိလို့ ခိုင်းတာရှိတယ်။ ကလေးတွေဆိုပြီး ငါတို့ခိုင်းချင်သလို ခိုင်းလို့ရတာပဲဆိုတဲ့ အတွေးမျိုးကို ပြောင်းလဲပေးရမယ်။ တာဝန်ရှိသူတွေက ဗဟုသုတ၊ အသိပညာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာက ကလေးအလုပ်သမား အခွင့်အရေး ဆိုတာ တိမ်မြုပ်နေတာပဲ” ဟု ဥပဒေ ကုစားရေးအဖွဲ့မှ ဒေါ်လှလှရီက ရှင်းပြသည်။

နိုင်ငံတဝန်းတွင် ကလေးအလုပ်သမားပေါင်း များစွာ မိသားစုစားဝတ်နေရေး နှင့် ၎င်းတို့ဘဝ ရှင်သန်နေထိုင်ရရေး အတွက် လှုပ်ရှားရုန်းကန်နေရသည်။ သို့ဖြစ်ရာ ကလေးလုပ်သားများ  အနာဂတ် လှပရေး နှင့် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ အပြည့်အဝ ရရှိရေးတို့ကို အစိုးရသစ်က မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုသည်ကို ကလေးအခွင့်အရေးအတွက် လှုပ်ရှားသူများ၊ ဥပဒေသမားများက စောင့်ကြည့်နေကြသည်။

Loading