Human Rights

မချောစန္ဒီထွန်း ထောင် ၆ လ ချမှတ်ခံရမှု အယူခံဝင်မည်

This article has been converted from Zawgyi One to Unicode

လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွင် တပ်မတော်ကို သရော်ခဲ့သဖြင့် မအူပင် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မချောစန္ဒီထွန်း(ခ)ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးက အီလက်ထရောနစ် ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည့် အပေါ် အယူခံဝင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မချောစနီ္ဒထွန်း၏ မိခင်ဖြစ်သူ ဒေါ်အိစံက“ကျမသမီးအပေါ်မှာ ချမှတ်တဲ့ပြစ်ဒဏ်ဟာ တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် လာမယ့် ဇန်နဝါ ရီလ ၄ ရက်နေ့ လွပ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာမလား စောင့်ကြည့်ပါမယ်။ အဲဒီအချိန်မှာ လွတ်မလာခဲ့ရင်တော့ ခရိုင် တရားရုံးကို အယူခံဆက်တင်ဖို့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် တပ်မတော်၏ အသစ် ပြောင်းလဲလိုက် သည့် စစ်ဝတ်စုံ အရောင်အသစ်တို့အား ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် ခိုင်းနှိုင်းပြောဆိုသည်ဟုဆိုကာ မချောစန္ဒီထွန်း(ခ) ချစ်သမီးအား တပ်မတော် ကိုယ်စား ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ ပထမတန်း စစ်ရေးဦးစီး အရာရှိ ဒုတိယ ဗိုလ်မှူး ကြီး ကျော်ထင်က အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ညတွင်းချင်း ဖမ်းဆီးခဲ့သည်။

တပ်မတော်ဘက်က မချောစန္ဒီထွန်းကို အသရေဖျက်မှု ပုဒ်မ ၅၀၀၊ အီလက်ထရောနစ် ပုဒ်မ ၆၆(ဃ)တို့ဖြင့် စွဲချက်တင်ခဲ့သော်လည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ မှာ သက်သေမခိုင်လုံသဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မအူပင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။

မချောစန္ဒီထွန်းက တရားရုံးတွင် ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ဓာတ်ပုံမတင်ခဲ့ကြောင်း၊ အကောင့်ပိုင်ရှင်မှာလည်း သူမဟုတ်ကြောင်း၊
ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီး၍ ဓာတ်ပုံများ ပြသသည့်အချိန်မှသာ အဆိုပါဓာတ်ပုံများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

သို့သော် တရားရုံးက ထောင်ဒဏ် အပြစ်ပေးခဲ့သဖြင့် မချောစန္ဒီထွန်းမှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ပထမဦးဆုံး ဖမ်းဆီးခံရသူနှင့် ထောင်ဒဏ်ချမှတ်ခံရသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။

မချောစန္ဒီထွန်း၏ ရှေ့နေဦးရောဘတ်စန်းအောင်က“ဒီဓာတ်ပုံက သူတင်တာမဟုတ်ဘူး။ ဘယ်သူတင်တယ်ဆိုတာလည်း သူမသိဘူး။ သူ့ကိုရဲက ဖမ်းပြီး ဓာတ်ပုံတွေပြတော့မှ သူသိတာ။ အဲဒါကို ပုံရှိနေလို့ အရေးယူခံရတယ်ဆိုတာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ် ၁၉ နဲ့ နှိုင်းဆရတော့မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ မှာလည်း ကိုယ့်ရဲ့ထင်မြင်ချက်ကို မတင်ရဘူး၊ မပြောရ ဘူးလို့ ကန့်သတ်မထားဘူး။ အခြေခံဥပဒေအရ ပြောမယ်ဆိုရင်တော့ ဒီဟာကဘာမှ အပြစ်မရှိပါဘူး”ဟု ပြောသည်။

မချောစန္ဒီထွန်းကို စီရင်ချက်ချသည့် ရုံးချိန်းသို့ တရားလို ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင် အပါအဝင် တပ်မတော်ကိုယ်စားလှယ် တဦး တယောက်မျှ လာရောက်ခဲ့ခြင်း မရှိပါ။

တရားသူကြီးက ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မအူပင်အကျဉ်းထောင်သို့ မပို့ဆောင်မီ မချောစန္ဒီထွန်း(ခ) ချစ်သမီးက “သမီးကို ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ဦးရဲထွဋ် ဇနီးကလည်း ပြစ်မှုထင်ရှားပါတယ်။ အဲဒီအတွက် သူ့ကိုပါ တရားစွဲစေချင် ပါတယ်။ အားလုံးဟာ ဥပဒေအောက်မှာပဲ ရှိစေချင်ပါတယ်။ မြန်မာနိုင်ငံသားချင်း အတူတူကို NLD ပါတီဝင်ကိုမှ ဖိနှိပ်တယ်ဆိုတာ လုံး၀ မဖြစ်စေချင်ပါဘူး”ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech (EC) ဖြင့် ဘွဲ့ရထားသူ မချောစန္ဒီထွန်းမှာ မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းတွင် လိုက်ပါရင်း အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတဦး ဖြစ်သည်။ နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နှုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ ဝင်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများ ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့သူ ဖြစ်သည်။

Loading