လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဝေဖန်နေသူများအနေဖြင့် တရားသူကြီး၏ ဆုံးဖြတ်ချက်ကိုလေးစား သင့် ကြောင်း၊ ထိုင်းတရားစီရင်ရေးစနစ်အနေဖြင့် လူထုအားနှင့် ဖိအားပေးမှုများကို အလျော့ပေးသွားမှာမဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက ယနေ့ပြောဆိုလိုက်ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
“အသနားခံဖို့ သူတို့မှာ အခွင့်အရေးရှိပါတယ်၊ ဟုတ်တယ်မလား၊ ဒါမျိုး တကမ္ဘာမှာလုံးရှိတဲ့ ဥပဒေတိုင်းမှာ ရှိပါတယ်၊ ဒါမျိုး ထိုင်းမှာမရှိဘူးလို့ ဆိုတာလား”လို့လည်း ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောပါတယ်။
အလားတူ ထိုင်းရဲတပ်ဖွဲ့ကလည်း လိပ်ကျွန်းအမှု ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုမှုကို ပယ်ချလိုက်ပြီး အဆိုပါအမှုတွင် DNA အပါအဝင် မှုခင်းဆိုင်ရာများ သိပ္ပံနည်းကျ ပွင့်လင်းမြင် သာစွာ နိုင်ငံတကာ အဆင့်မီဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲကပြောပါတယ်။
လိပ်ကျွန်းလူသတ်မှု သေဒဏ်ချခံရမှုနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင်နယ်စပ်မြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသလို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကလည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်းတောင်းဆိုထားသည်။