Ethnic Issues

AA နှင့် အစိုးရ တပ်မတော် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ အကြား ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

AA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က “၂၇ ရက် မနက်ပိုင်း ၁၀နာရီလောက်က စဖြစ်တာပါ၊ ကျနော်တို့ရဲ့ လှုပ်ရှားစစ်ကြောင်း တပ်ဖွဲ့ဝင်အချို့နဲ့ မြန်မာ့တပ်မတော်ဘက်က စစ်ကြောင်းတွေ ထိပ်တိုက်တိုးပြီး ဖြစ်တာပါ”ဟု ဧရာဝတီကို ပြောသည်။

တိုက်ပွဲသည် ကျောက်တော်မြို့နယ်အတွင်းရှိ မဟာမုနိဘုရားအရှေ့မြောက်ဘက် ရန်ကုန်-စစ်တွေ လမ်းမနှင့် ၄မိုင်ခန့် အကွာတွင် ဖြစ်ပွားနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက် မနက်ပိုင်းတွင်လည်း တိုက်ပွဲ ၄ကြိမ်ခန့် ဖြစ်ပွားသည်ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောပြသည်။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသော်လည်း ဆိုးဆိုးဝါးဝါးအခြေအနေ မရှိဟုလည်း ၎င်းက ပြောသည်။

ကျောက်တော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်မှ ပြောရေးဆိုခွင့်ပေးထားသူ ဗိုလ်ချုပ် အောင်ရဲဝင်း က ၎င်းအနေဖြင့် ခရီးသွားနေသဖြင့် ကျောက်တော် တိုက်ပွဲကိစ္စ မပြောနိုင်သေးကြောင်း ဧရာဝတီကို ဖြေကြားသည်။

၂၀၁၅ ခုနှစ် မတ်လ အတွင်းကလည်း တပ်မတော်နှင့် AA အကြား ကျောက်တော်မြို့အတွင်း တိုက်ပွဲ ဖြစ်ပွား၍ AA တပ်သား ၅ ဦး ကို ဖမ်းဆီးရမိပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇/၁) နှင့် အရေးယူခြင်းများ၊ AA တပ်သားများထံမှ ရရှိသည့် ipad မှ တဆင့် မိသားစုဝင်များကို ခေါ်ယူ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။

AA သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗဟိုဌာနချုပ် ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် အခြေစိုက်ကြောင်း သိရ သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော်မှ လိုင်ဇာမြို့ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးတွင် AA မှ ၈ ဦး ပါဝင်သွားခဲ့သည်။

ထို့နောက်ပိုင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် အစိုးရနှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားရာတွင် AA က ကိုးကန့်ဘက်မှ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

AA သည် အစိုးရဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်လို၍ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရက ဆွေးနွေးခြင်း မပြုဘဲ ချန်လှပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့လည်း ဖြစ်သည်။

Loading