၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့ပေမယ့် ရှမ်းပြည်နယ်အတွင်း ပြည်နယ် လွှတ်တော် ကိုယ်စားပြုယှဉ်ပြိုင်ရာမှာတော့ ပြိုင်ဘက် အင်အားကြီးပါတီ နှစ်ခုကို ရှုံးနိမ့်ခဲ့တယ်လို့ ဆိုရ မှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အပါအဝင် စုစုပေါင်း အမတ်နေရာ ၁၅၆ နေရာ ရှိတဲ့အနက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) က ၂၄ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(USDP) က ၃၃ နေရာနဲ့ NLD က ၂၃ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်မှာ USDPနဲ့ တပ်မတော်သား အမတ်တွေရဲ့ နှစ်ခုပေါင်း အရေအတွက်ဟာလည်း NLD နဲ့ SNLD ၂ ပါတီပေါင်း အရေအတွက်ထက် ပိုများနေပါတယ်။
ဒီအတွက် အစိုးရသစ်လက်ထက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ် လွှတ်တော်ကို ဦးဆောင်ဖို့ တပြည်လုံး အတိုင်းအတာနဲ့ အနိုင် ရရှိထားတဲ့ NLD နဲ့ နိုင်ငံရေးပါတီတွေကြား ဘယ်လိုအပေးအယူ ညှိနှိုင်းမှုတွေ ရှိလာမလဲဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက တိုက်ရိုက်ခန့်အပ်ရမှာဖြစ်လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင် ရ ထားတဲ့ NLD က ရှမ်းပြည်နယ်လွှတ်တော်မှာ ဦးဆောင်နိုင်ရေးအတွက် ဘယ်ပါတီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်မလဲဆိုတာ လည်း ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်စားနေပါတယ်။
NLD ကတော့ ဘယ်သူနဲ့မှ မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးအတွက် ပါတီတွေကြားမှာ အပေးအယူညှိနှိုင်းမှုတွေ ရှိလာမှာဖြစ်ပြီး ပြည်နယ် လွှတ်တော်မှာတော့ ရွေးကောာက်ပွဲရလဒ်အရ အများဆုံးအနေနဲ့ ၃၃ ဦး အနိုင်ရထားတဲ့ USDP က ပြန်လည် ဦးဆောင်နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။
ပြည်နယ် လွှတ်တော်ကို ဦးဆောင်နိုင်ဖို့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်အတွက် ၇ ဦးအနိုင်ရထားတဲ့ ပလောင် (တအာင်း) အမျိုးသား ပါတီနဲ့ ၆ ဦး အနိုင်ရထားတဲ့ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ တို့ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ် ပါတယ်။
ရွေးကောက်ပွဲတုန်းက USDP ဟာ PNO ပါတီ ဝင်ပြိုင်တဲ့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီအခြေအနေအရ PNO က USDP နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်မယ်ဆိုရင် ပြည်နယ်လွှတ်တော်အတွင်း USDP က အင်အား ပိုမိုအသာစီးရသွားမှာ ဖြစ်ပါတယ်။
SNLD ပါတီရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုင်းလိတ်က“ကျနော်လည်း တွက်ကြည့်ပြီးပြီ။ ကျနော်တို့နဲ့ NLD ပေါင်းရင်တောင် တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိနေတဲ့အတွက် သူတို့က ပိုများပါတယ်။ ဝန်ကြီးချုပ် ခန့်အပ်ဖို့ကတော့ NLD ရဲ့ သဘောထားက အဓိကကျပါတယ်” လို့ ဆိုပါတယ်။
NLD နဲ့ SNLD ပါတီ တို့ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာကတည်းက အနိုင်ရရှိခဲ့ကြတာ ဖြစ်သလို ပါတီနှစ်ခုကြားမှာလည်း မဟာမိတ် ဆက်ဆံရေး ပုံစံရှိခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှာလည်း NLD နဲ့ SNLD ပါတီ ကိုယ်စားလှယ်တွေရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။
အစိုးရသစ်လက်ထက် ပြည်နယ်အစိုးရဖွဲ့ရေး နဲ့ လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ ပတ်သက်လို့တော့ NLD နဲ့ SNLD ကြားမှာ ဒီနေ့အထိ ညှိနှိုင်းဆွေးနွေးမှုတွေ မရှိသေးဘူးလို့ နှစ်ဖက် တာဝန်ရှိသူတွေက ဧရာဝတီကို ပြောပါတယ်။
NLD အနေနဲ့တော့ ရှမ်းပြည်နယ်အစိုးရဖွဲ့ရေးနဲ့ ပတ်သက်လို့ အရင်ကတည်းက မဟာမိတ်အဖြစ်ရှိနေတဲ့ SNLD နဲ့သာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်မယ့် အနေအထားမျိုးပါ။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကလည်း“သူ့အမြင် ကိုယ့်အမြင် သုံးသပ်နေကြတာတွေကို ဘာမှပြော စရာ မရှိပါဘူး။ ပြည်နယ်တွေမှာ အစိုးရဖွဲ့ဖို့ ဘာတို့ကို ကျနော်တို့က ဗဟို အလုပ်အမှုဆောင် အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်လို့ရမှာပါ။ အခုထိတော့ အစည်းဝေးထိုင်ထားတာ မရှိသေးပါဘူး”လို့ ပြောပါတယ်။
ဒေသခံ ရှမ်းတိုင်းရင်းသားပြည်သူ အများစုရဲ့ သဘောထားကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ အခွင့်အရေးတွေ ရရှိရေးအတွက် မိမိတို့ တိုင်းရင်းသားပါတီရဲ့ ဦးဆောင်မှုကိုသာ အလိုရှိတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသ၊ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်(တအာင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့ ပါဝင်နေပါတယ်။
ထို့အတွက် ရှမ်းပြည်နယ် လွှတ်တော်အတွင်းမှာ ပလောင်(တအာင်း)နဲ့ ကိုးကန့်တို့လို ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အနိုင်ရထား တဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ရှိနေမှာ ဖြစ်ပါတယ်။
SNLD ပါတီအနေနဲ့ကတော့ ပြည်နယ်အစိုးရ ဖွဲ့ရေးထက် ပြည်ထောင်စုအရေးဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးသာ အဓိက ဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆိုပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း ရှမ်းပြည်နယ်အတွင်းမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(TNLA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မြန်မာအမျိုးသား မဟာမိတ်တပ်ပေါင်း စု (MNDAA)၊ PNLO နဲ့ TNLA တပ်ဖွဲ့တို့ ရှိနေတဲ့အပြင် ရှမ်းပြည် မြောက်ပိုင်း နယ်မြေ တချို့မှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့တချို့ လှုပ်ရှားလျက် ရှိပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ လက်ရှိအစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)ကို ပါဝင် လက်မှတ်ရေးထိုးခဲ့တာ RCSS/SSA နဲ့ PNLO တို့သာ ရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ပါဝင်လက်မှတ်ထိုးခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အစိုးရသစ် လက်ထက်မှသာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ထုတ်ဖော်ပြောကြားတာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်အတွင်း တပ်မတော်နဲ့ SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေ အတွင်း စစ်ဘေးသင့် ဒေသခံ အရေအတွက်ကလည်း သိန်းဂဏန်းအထိ ရှိနေပါတယ်။
အစိုးရသစ်အနေနဲ့ ဒီလို စစ်ဘေးသင့်ဒုက္ခသည်တွေ အတွက် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး ကိစ္စရပ်တွေအပြင် မပြီး ဆုံး သေးတဲ့ မြေယာသိမ်းဆည်းမှု ပြဿနာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။
ရေရှည်ပြဿနာတွေဖြစ်တဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေလည်း ရှိနေပါသေးတယ်။ လက်ရှိ အစိုးရသက်တမ်းမှာ တော့ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျော့နည်းသွားအောင် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခဲ့ပါဘူး။
ဒေသခံပြည်သူတွေ အနေနဲ့လည်း ဘိန်းစိုက်ပျိုးမှုလျှော့ချရေး အတွက် အစားထိုးသီးနှံစိုက်ပျိုးရေးမှာ မျိုးစေ့မလုံလောက်တာတွေ၊ ပြန်လည် ရောင်းချဖို့အတွက် ဈေးကွက်မရှိတာတွေ စတဲ့အခြေအနေမျိုးစုံ အခက်အခဲတွေလည်း ကြုံတွေ့နေရပါတယ်။
ဒေသခံပြည်သူတချို့ကတော့ ဘိန်းစိုက်ပျိုးမှုအတွက် ဒေသတွင်း လက်နက်ကိုင်အဖွ့ဲပေါင်းစုံရဲ့ ဖိအားပေး ခြိမ်းခြောက်ကာ စေခိုင်း မှုတွေလည်း ရှိတယ်လို့ ပြောဆိုကြပါတယ်။
အဲဒီ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေရှင်းဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်း ရေး၊ မူးယစ်ဆေးဝါး ပြဿနာ၊ သယံဇာတ တရားမဝင် ရောင်းဝယ်မှု စတာတွေကတော့ အစိုးရသစ်ဖွဲ့ရမယ့် NLD ကသာ အဓိက ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ဒီလို ရှမ်းပြည်နယ်ကို ဦးဆောင်ရေးအတွက် NLD ရဲ့ သဘောထားအပေါ် မူတည်နေတဲ့အခြေအနေမှာ သူတို့အနေနဲ့ ဘယ်လို အင်အားစုတွေနဲ့ အပေးအယူညှိနှိုင်းမှုတွေ ပြုလုပ် လက်တွဲသွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ။