ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျ၍ သေဆုံးသူများအရေးနှင့် ပတ်သက်၍ ပြည်သူတို့၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်၍ လုပ်ငန်း ဆက်လက် လုပ်ကိုင်ခြင်းစသည့် နည်းလမ်း ၃ ခု စီစဉ်ထားသည်ဟု သတင်းရရှိသည်။
ယင်းသို့ နည်းလမ်း ၃ ခု သုံး၍ အဖြေရှာမည်ဟု သတ္တုတွင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးသိန်းသန်းထွန်းက ဒီဇင်ဘာလ ၂၈ ရက် နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဖားကန့်မြို့၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများရှိ စွန့်ပစ်မြေစာပုံများ ပြိုကျ၍ ရေမဆေးကျောက်ရှာသူ အများအပြား အသက် သေဆုံးရခြင်း၊ စွမ်းအင်ကြီးမားသည့် မြေတူးစက်ကြီးများ အသုံးပြုလာခြင်းတို့ကြောင့် ပြည်သူများ စိုးရိမ်လာသဖြင့် ပြည်ထောင်စု လွှတ်တော် နာယကက နိုင်ငံတော်သမ္မတကို ဒီဇင်ဘာလ ၁၂ ရက်က သဝဏ်လွှာ ပေးပို့ခဲ့ခြင်းအပေါ် ဒုဝန်ကြီး ဦးသိန်းသန်းထွန်း က လွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဖားကန့်ကိစ္စကို ဖြေရှင်းနိုင်ရန် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ကျောက်စိမ်း တူးဖော် ရေး လုပ်ငန်းများကို လုံး၀ ပိတ်သိမ်းခြင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်း သိမ်းခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ(ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးသွယ်ကို ဆောင်ရွက်ရန် စီစဉ်ထား သည်ဟု သိရသည်။
ဖားကန့်မြို့တွင် စွန့်ပစ် မြေစာပုံများ ပြိုကျ၍ မြေစာ ဖုံးလွှမ်း သေဆုံးမှုများ မရှိစေရေးအတွက် မြေစာပုံများကို စနစ်တကျ ဆောင် ရွက်ရန်၊ မြေစာပုံများအနီး ကျူးကျော်တဲများ၊ ဈေးဆိုင်များ ဆောက်လုပ်နေထိုင်ခွင့် မပြုရန်၊ ရေမဆေး ကျောက်ရှာသူများကို ပပျောက်အောင် ပြုလုပ်ရမည်ဟု ဒုဝန်ကြီး ဦးသိန်းသန်းထွန်းက လွှတ်တော်တွင် ပြောသည်။
ဦးသိန်းသန်းထွန်းက“ရေမဆေး ကျောက်ရှာသူတွေကို မစိစစ်ရင် နောင်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးထွားလာနိုင်ပြီး ဥပ ဒေများ သက်ရောက်မှုမရှိ ဖြစ်လာနိုင်တာကြောင့် ရေမဆေးပျံကျ လုပ်သားများ လျော့နည်းပပျောက်ရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ အခြားလုပ်ငန်းနဲ့ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပြည်နယ် အစိုးရအဖွဲ့တို့က ပူးပေါင်း ဆောင် ရွက်သွားပါမယ်”ဟု ပြောသည်။
အစိုးရ တင်ပြလာသည့် ဖားကန့်အရေး နည်းလမ်း ၃ ခုဖြင့် ဖြေရှင်းမည် ဆိုသည်မှာ ဖားကန့်မြို့တွင် ဖြစ်ပွားနေသည့် ပြဿနာ များကို အမှန်တကယ် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ကြသည်။
လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဖုန်းမြင့်အောင်က“နည်းလမ်း ၃ သွယ်နဲ့ပိတ်တာက ကောင်းမွန်တဲ့ အခြေအနေလား၊ နောင်တက်လာမယ့် အစိုးရသစ်အတွက် အခက်အခဲ ဖြစ်အောင် လုပ်တာလားလို့ မေးချင်ပါတယ်”ဟု မေးခွန်းထုတ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကလည်း“အားလုံးကို ပိတ် လိုက်မယ်။ ပိတ်ပြီး သေသေချာချာ တရားဥပဒေ စိုးမိုးမှုဆိုတဲ့ အဖြေမျိုးထက်သာတဲ့ တိုင်းပြည်အကျိုးရှိမယ့် အဖြေရှာ နည်းတခု ကိုတော့ စဉ်းစားပြီးတော့ ပြည်ထောင်စု အစိုးရအနေနဲ့ စီမံပေးပါလို့ အလေးအနက် မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။
အနယ်အနယ် အရပ်ရပ်မှ ဖားကန့်မြို့သို့ ရေမဆေး ကျောက်ရှာသူများအဖြစ် လာရောက် အလုပ်လုပ်ကိုင်သူ တသိန်းကျော်ရှိရာ ထိုသူများသည် တရားဥပဒေကိုလည်း ချိုဖောက်နေကြပြီး ကျောက်စိမ်းရိုင်းများကို လောဘဇောဖြင့် ရလို၍ အပြေးအလွှား လုယက် လုပ်ကိုင်နေရာမှ ပြဿနာများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဒုတိယ ဝန်ကြီး ဦးသိန်းသန်းထွန်းက စွပ်စွဲခဲ့သေးသည်။
NLD ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက ဒုတိယဝန်ကြီး ဦးသိန်းသန်းထွန်း၏ စွပ်စွဲချက်ကို သဘောမတူကြောင်း ပြောသည်။
ဒေါက်တာ မြတ်ဉာဏစိုးက စွန့်ပစ်မြေစာပုံများတွင် အလုအယက် အပြေး အလွှား ရှာဖွေနေကြခြင်းမှာ လောဘဇောဖြင့် မဟုတ်ဘဲ စားဝတ်နေရေး ချို့တဲ့ခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် အသက်စွန့်ပြီး လုပ်ကိုင်နေရခြင်းကြောင့် လူသားချင်း စာနာ ထောက်ထားပေးရန်၊ ကုမ္ပဏီကြီးများ၏ ရပိုင်ခွင့်များကို မစဉ်းစားဘဲ အောက်ခြေလူတန်းစားများကိုလည်း ကြည့်ရှု့ပေးရန် ပြောဆိုသည်။
အခြားလွှတ်တော်ကိုယ်စားလှယ်များကလည်း စားဝတ်နေရေး မချောင်လည်ခြင်းကြောင့် ပြည်တွင်းမှာပင် ရွှေ့ပြောင်း အလုပ် လုပ် ကိုင် နေရသူများကို ကျူးကျော်ဟူသည့် စကားလုံး၊ လောဘဇော ဟူသည့် စကားလုံးများ မသုံးနှုန်းရန် ပြောဆိုကြသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖားကန့်ကိစ္စမှာ သတ္တုတွင်းဝန်ကြီးဌာန တခုတည်း ဖြေရှင်းရမည့်ကိစ္စ မဟုတ် သဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ သစ်တောရေးရာ ဝန်ကြီးဌာန၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကိုလည်း လွှတ်တော်တွင် ဆွေးနွေးချက်များ နားထောင်ရန် ဖိတ်ကြားထားခဲ့သည်။
သတ္တုတွင်း ဝန်ကြီးဌာနမှ ယနေ့ တင်ပြပြောဆိုခဲ့သည့် အချက် သုံးချက်ကို အစိုးရအဖွဲ့မှ ပြန်လည် သုံးသပ်ကာ အားလုံး အကျိုး ရှိမည့် ကိစ္စဖြစ်အောင် ဆောင်ရွက်ပေးရန်၊ နောက်ပိုင်း ဖားကန့်ကိစ္စကို ဆက်လက်ဖြေရှင်းရာတွင် သတ္တုတွင်း ဝန်ကြီးဌာနအပြင် ဖိတ်ကြားခံထားရသည့် ဝန်ကြီးဌာနများ၊ လုပ်ငန်းအရ ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့များပါ ဝိုင်းဝန်းဆွေးနွေးရမည်ဟု သူရဦးရွှေမန်းက မှတ်ချက်ပြု ပြောဆိုသည်။
သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ရေမဆေး ကျောက်လာရှာသူများကို ခံဝန်လက်မှတ်ထိုးခိုင်း၍ ၂၀၁၃ ခုနှစ်တွင် ၇၉၈ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၃၅၂၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၁၉ ဦးကို ၎င်းတို့ နေရပ်များသို့ ပြန်သွားရန် စေလွှတ်ခဲ့ကြောင်း၊ မြေစာပုံများအနီး လာရောက် နေထိုင်သူများကိုလည်း ကျူးကျော်ဟု သတ်မှတ်ကာ ၂၀၁၃ ခုနှစ်တွင် အကြိမ် ၃၀၊ ၂၀၁၄ ခုနှစ်တွင် ၁၀၉ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ၁၆ ကြိမ် ရှင်းလင်းခဲ့သည်ဟု သိရသည်။
ဖားကန့်မြို့တွင် ကုမ္မဏီ ၆၂၇ ခု ကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက် ၊ ကုမ္မဏီ ၂၃၀ ခုကို အစိုးရနှင့် အကျိုးတူ လုပ်ကွက် ၃၁၁ ကွက် တို့ ပေး၍ ကျောက်စိမ်း တူးဖော်ခွင့် ပြုထားသည်ဟု သတ္တုတွင်းဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။