ကိုလံဘီယာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကျူးဘားနိုင်ငံ၊ ဟာဗားနားမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲတွေကနေ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေ အဖြစ် နှစ်ပေါင်း ၅၀ ကျော် ပြည်တွင်းစစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူ၊ နစ်နာခဲ့တဲ့သူ (Victim) တွေကို ပြန်လည်ပြုစု ပျိုးထောင်၊ ကုစားပေးဖို့ (Reparation) နဲ့ အစိုးရစစ်တပ်၊ သူပုန်တပ်ဖွဲ့တွေနဲ့ လက်ယာ အင်အားစု ပြည်သူ့စစ်တွေကို သူတို့ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အထူးခုံရုံးတွေ ဖွဲ့စည်း ထူထောင်ဖို့ ကိုလံဘီယာ အစိုးရနဲ့ ကိုလံဘီယာ တော်လှန်ရေးတပ်ဦး (FARC) သူပုန်တွေအကြား သဘောတူညီမှု ရခဲ့ပါတယ်။
တောင်အမေရိကတိုက်မှာရှိတဲ့ ကိုလံဘီယာနိုင်ငံဟာ ၁၉၆၀ ဝန်းကျင်ကနေ ယခုအချိန်တိုင်အောင် နှစ်ပေါင်း ၅၀ကျော် ပြည်တွင်းစစ် ဖြစ်နေတာပါ။
ရှုပ်ထွေးတဲ့ ပြည်တွင်းစစ်မှာ ကိုလံဘီယာ စစ်တပ်၊ ပြည်သူ့စစ်နဲ့ မှုခင်းနှိမ်နင်းရေး တပ်တွေက တဖက်၊ ကိုလံဘီယာ တော်လှန်ရေးတပ်ဦး (စပိန်လို FARC လို့ အတိုကောက်ခေါ်) နဲ့ ကိုလံဘီယာ အမျိုးသား လွတ်မြောက်ရေးတပ် (စပိန်လို ELV လို့ အတိုကောက်ခေါ်) တဲ့ လက်ဝဲ အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။
ကိုလံဘီယာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ၁၉၈၂ ခုနှစ်လောက်က စတင်ခဲ့ပေမယ့်၊ ပျက်သွားလိုက်၊ ပြန်ဆွေးနွေးလိုက်နဲ့ ၂၀၁၂ ခုနှစ်မှာ ပြန်လည် စတင်ခဲ့ပြီး ယနေ့တိုင် ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။ ဟားဗားနား ဆွေးနွေးပွဲကနေ နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုကို မတ်လ ၂၀၁၆ မှာ ပြီးစီး ရယူနိုင်အောင် ချမှတ်ခဲ့ကြပါတယ်။ (မကြာသေးခင်ကတော့ FARC ခေါင်းဆောင်တွေက သတ်မှတ်ချိန်အတွင်း သဘောတူညီမှုတွေ မရနိုင်သေးဘူးလို့လည်း ထုတ်ဖော် ပြောဆိုထားပါတယ်)။
ကိုလံဘီယာ ပြည်တွင်းစစ် တလျှောက်လုံး စစ်ကြောင့် ထွက်ပြေးရသူတွေ၊ မိုင်းဒဏ်သင့်သူတွေ၊ အသက်ဆုံးရှုံးသူတွေ၊ ပျောက်ဆုံးနေသူတွေ၊ လယ်ယာမြေ အသိမ်းခံရသူတွေ အမြောက်အမြားရှိနေပြီး ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား အပြန်အလှန် စွပ်စွဲမှု၊ ပြစ်တင်မှုတွေ ရှိကြပါတယ်။
နှစ်ပေါင်း ၅၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း နိုင်ငံလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းရှိတဲ့ လူပေါင်း ၅ ဒသမ ၅ သန်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရပါတယ်။ လူဦးရေ သန်းနဲ့ချီပြီး စစ်ကြောင့် ထွက်ပြေးကြရ၊ လူပေါင်း ၂ သိန်း ကျော်လောက် အသတ်ခံရ၊ ပျောက်ဆုံးမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ အတင်းအကျပ် စစ်သား စုဆောင်းခံရတာတွေလည်း သောင်းနဲ့ချီပြီး ရှိခဲ့ပါတယ်။
ဟာဗားနား ဆွေးနွေးပွဲကနေ မကြာသေးမီက ရရှိခဲ့တဲ့ သဘောတူညီချက်တွေမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေထဲက အမှန်တရား ဖော်ထုတ်မှု၊ တရား မျှတမှုရှာဖွေမှု၊ ပြန်လည် ပြုစုပျိုးထောင် ကုစားမှုနဲ့ အနာဂတ်မှာ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့ ဆိုတာတွေကို သဘောတူခဲ့ကြတာဖြစ်ပြီး ဒါဟာ ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆွေးနွေးပွဲတွေ ပြီးပြည့်စုံ အောင်မြင်စေမယ့် လမ်းကြောင်းမှန်ပဲလို့ အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ နိုင်ငံတကာ (ICTJ) အဖွဲ့က ကြိုဆိုခဲ့တာ တွေ့ရပါတယ်။
ဟာဗားနား သဘောတူချက်အရ နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရအောင် လုပ်ဆောင်ရဦးမှာ ဖြစ်သလို၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း နှစ်ဖက် သဘောတူညီမှုတွေ ရအောင်ယူပြီး အကောင်အထည် ဖော်ကြရဦးမှာ ဖြစ်ပါတယ်။ အဲဒီအထဲက စိတ်ဝင်စားစရာလည်း ကောင်းပြီး လက်ရှိလည်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတခုကတော့ နစ်နာခဲ့သူတွေအတွက် ပြန်လည်ပြုစုပျိုးထောင်၊ ကုစားရေး (Reperation) လုပ်ငန်းပဲ ဖြစ်ပါတယ်။
ကိုလံဘီယာမှာ ပြည်တွင်းစစ်အတွင်း နစ်နာခဲ့တဲ့သူတွေရဲ့ တောင်းဆို တိုက်ပွဲဝင်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေ မူရင်းဒေသကို ပြန်လာနိုင်ရေးနဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ မြေယာတွေ ပြန်လည် ပေးအပ်နိုင်ဖို့အတွက် နစ်နာခဲ့ရသူများ အတွက် ဥပဒေ (Victim Law) ကို ၂၀၁၁ ခုနှစ်မှာ သမ္မတ မန်နူယန်ဆန်းတို့စ် (Juan Manuel Santos) လက်ထက်မှာ ပြဌာန်းနိုင်ခဲ့ပါတယ်။
ဟာဗားနား ဆွေးနွေးပွဲ ရလဒ်တခုဖြစ်တဲ့ နစ်နာခဲ့သူ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက် ပြန်လည် ပြုစုပျိုးထောင်၊ ကုစားရေး (Reperation) ဟာ လက်ရှိရှိနေတဲ့ နစ်နာခဲ့တဲ့သူတွေအတွက် ဥပဒေ (Victim Law) အရ နစ်နာခဲ့ရ သူတွေအနေနဲ့ ပြန်လည် ကုစားရေးကို တောင်းခံရရှိနိုင်မှာ ဖြစ်ပါတယ်။
နှစ်ဖက်ဆွေးနွေးပွဲတွေမှာ နစ်နာခဲ့ရသူတွေအတွက် ပြန်လည်ပြုစု ပျိုးထောင်၊ ကုစားရေးပေးဖို့ ရည်ရွယ်ချက်ကတော့ နစ်နာခဲ့သူတွေ အတွက် ဂုဏ်သိက္ခာ ပြန်လည်မြှင့်တင်ပေးဖို့၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ အရပ်သား ပြည်သူတွေနဲ့ ပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်းတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက်ပဲ ဖြစ်ပါတယ်။
ကိုလံဘီယာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နစ်နာခဲ့ရသူတွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခွင့် ရကြပါတယ်။ ဟာဗာနား ဆွေးနွေးပွဲမှာ နစ်နာခဲ့ရသူတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရသလို၊ ကိုလံဘီယာနိုင်ငံအတွင်း ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲတွေနဲ့ စစ်ဒဏ် ပိုမိုခံစားရတဲ့ ဒေသတွေက တက္ကသိုလ်တွေ ကြီးမှူး ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာလည်း သောင်းနဲ့ချီပြီး တက်ရောက် ဆွေးနွေးခွင့်ရကြတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ “နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA)” ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ သဘောတူ လက်မှတ်ထိုးခဲ့ပေမယ့် NCA မှာ တိုင်းရင်းသား အားလုံးပါဝင်ရေး မူအရ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိနေဆဲပါ။
၄ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း နှစ်ပေါင်း ၇၀ နီးပါး ရှိခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရော၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ကိုယ်စားလှယ်တွေပါ သူတို့ရဲ့အသံ၊ သူတို့ရဲ့ဆန္ဒတွေ ထုတ်ဖော်ခွင့် မရခဲ့ပါဘူး။ လူထုအခြေပြု အဖွဲ့အစည်းတွေလည်း ထဲထဲဝင်ဝင် ပါဝင်နိုင်ခွင့်လည်း မတွေ့ရပါဘူး။
NCA သဘောတူညီချက်အရ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (The Framework for Political Dialogue) ကို သမ္မတ ဦးသိန်းစိန်ထံ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပေးအပ်လိုက်ပြီဖြစ်ပေမယ့် လူထုကို ချပြခြင်း မရှိသေးပါဘူး။
ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေထဲက အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများ ခေါင်းစဉ်အောက်က (ခ) လူမှုရေး ကဏ္ဍမှာပါတဲ့ အပိုဒ် (၃) မှာတော့ “ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ” လို့ ပါဝင်တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စဟာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ကာလတလျှောက်လုံး နစ်နာခဲ့ရသူတွေအတွက် ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာလားဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ကိုလံဘီယာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ မရသေးပေမယ့်၊ ပြည်တွင်းစစ်တလျှောက် နစ်နာခဲ့ရသူတွေအတွက် ပြန်လည် ထူထောင်ရေးကိစ္စနဲ့ လက်နက်ကိုင် အဖွဲ့အစည်းများ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်တဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေ ဆောင်ရွက်ဖို့ အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေ အကြား သဘောတူညီနိုင်တာ၊ ထည့်သွင်း ဆွေးနွေးနိုင်တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ တာဝန် ထမ်းဆောင်ခဲ့တဲ့ သမ္မတအပေါ် နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ပြဌာန်းမယ့် ဥပဒေကြမ်းတွေတောင် ပြင်ဆင်နေတာ တွေ့ရပါတယ်။
ဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်တွင်းစစ်တလျှောက် နစ်နာခဲ့ရသူ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက် ပြဌာန်းချက်တွေ၊ ဖြေရှင်းပေးမယ့် မူဝါဒတွေထက်၊ အုပ်ချုပ်ရေးပိုင်းမှာ အမြင့်ဆုံး တာဝန်ယူခဲ့တဲ့ သမ္မတ အပါအဝင်၊ နဝတ၊ နအဖ ခေတ်အဆက်ဆက်က တာဝန်ရှိသူတွေကို နောက်ကြောင်းပြန် အရေးမယူနိုင်အောင်သာ ဦးစားပေး ကာကွယ်နေတာ တွေ့ရပါတယ်။
ကိုးကား – ictj.org
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)