ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာတွင် နေထိုင်သည့် အသက် ၂၀ အရွယ် မော်ဒယ်လ် သရုပ်ဆောင် အေးချမ်း မြတ်မိုး အသတ်ခံရမှုတွင် တရားခံ အံ့ဖြိုးပိုင်ကို လူသတ်မှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားသည့်အတွက် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ် တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်ရာ တရားလိုက ပြစ်ဒဏ်ပြင်ဆင်ပေးရန် လျှောက်ထား မည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ညပိုင်းတွင် မော်ဒယ်အေးချမ်းမြတ်မိုးအသတ်ခံလိုက်ရခြင်းဖြစ်ပြီး တနှစ်ကျော် အကြာ မှ အမိန့်ချမှတ်နိုင်ခြင်းဖြစ်ကြောင်း၊ မူလက တရားစွဲဆိုစဉ်က ကြိုတင်ကြံစည် လူသတ်သည့် ပြစ်မှု ပုဒ်မ ၃၀၂(၁) (ခ) ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင် စစ်ဆေးခဲ့သော်လည်း ယနေ့ အမိန့်ချရာတွင် ခရိုင် တရား သူကြီး က ပုဒ်မ ၃၀၂(၂) ဖြင့် ပြောင်းလဲ အမိန့်ချမှတ်ခဲ့ကြောင်း အေးချမ်းမြတ်မိုး ဖခင် ဗိုလ်မှူး ဝဏ္ဏ က အမိန့် ချမှတ် အပြီး ခရိုင်တရားရုံးအရှေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။
“ကြိုတင် ကြံစည် လူသတ်မှုကို ပြောင်းလဲပြီး သာမန် လူသတ်မှုနဲ့ ထောင်ကျလိုက်တာကို တွေ့ရတယ်။ နောက်ပြီး ထောင် ဒဏ် ကလည်း ချသင့်တာထက် နည်းတယ်။ အဲဒီအပေါ် ကျနော်တို့ တရားလိုဘက်က မကျေနပ်ဘူး။ ခရိုင်ကနေ တိုင်း တရားရုံး အထိ ဆက်တက်ပါမယ်” ဟု ဖခင်ဖြစ်သူ ဗိုလ်မှူးဝဏ္ဏ က ပြောဆိုသည်။
အမိန့်ချမှတ်သည့်နေ့ ပြစ်ဒဏ်မချမှတ်မီ လူသတ်မှုဖြစ်စဉ်ကို ဖတ်ကြားရာတွင် တရားခံ အံ့ဖြိုးပိုင်ကို ဖမ်းဆီးစဉ်နှင့် ရဲဝန်ထမ်း များ စစ်ဆေးစဉ်က အံ့ဖြိုးပိုင် ဝန်ခံထွက်ဆိုခဲ့သည့် အချက်များဖြင့် ကွဲလွဲနေကြောင်း သိရှိရသည်။
“အသတ်မခံရခင် အိမ်ကို ဖုန်းဆက်တယ်။ သမီးနဲ့ အမြဲလိုက်နေတဲ့ မိခင်က ဖုန်းလာကိုင်တော့ ဒီနေ့ မိခင်မပါကြောင်း သူက သိတယ်။ ဒါကြောင့် အိမ်အောက်မှာ လာစောင့်နေပြီး သမီးလာတော့ ဓားနဲ့ ပြေးထိုးတယ်။ အဲဒီမှာ ဗိုက်ကို ဓားနဲ့ ထိုး လိုက်တဲ့အချိန် ဓားက ထောက်သွားပြီး သမီးရဲ့ လက်ကို ရှသွားတယ်။ နောက်ဆုံး သမီးလုပ်တဲ့သူက အော်တဲ့ အတွက် ကြောင့် လည်ပင်းကို ဓားနဲ့ ထိုးလိုက်ပါတယ်လို့ သူ(အံ့ဖြိုးပိုင်) ကိုယ်တိုင် ထွက်ဆိုထားပါတယ်။ တရားရုံးမှာ တကယ် တမ်း ဖြောင့်ချက်ပေးတော့ သမီးက ကိုယ့်ကိုကိုယ် သတ်သေပါမယ်လုပ်လို့ သူစွဲလိုက်ရင်း ထိုးမိပါတယ်လို့ လုပ်လိုက် တယ်။ အခု တရားသူကြီး အမိန့်မချခင် ဖတ်တဲ့ အထဲမှာ အဲဒီဓားချက်ရှတဲ့ ကိစ္စ မပါဘူး”ဟု ဖခင်ဖြစ်သူက ပြောသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာရှိ မော်ဒယ် အေးချမ်းမြတ်မိုး နေထိုင်းသည့် နေအိမ်သို့ ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ပြန်လာစဉ်တွင် လည်ပင်းကို ဓားဖြင့် ထိုးခံရပြီး ယင်းထိုးသွင်းဒဏ်ရာဖြင့်ပင် မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံ အံ့ဖြိုးပိုင်ကို တနာရီအတွင်းမှာပင် ဦးဝိစာရ အိမ်ရာဝင်း အတွင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ဖမ်းမိစဉ်တွင် သတ်သေခံ ဓားပါ တပါတည်း သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ အေးချမ်းမြတ်မိုး ဖခင်က ဆိုသည်။
သို့သော် ယနေ့ အမိန့်ချမှတ်သည့်အခါ တရားသူကြီးမှ သတ်သေခံ ဓားနှင့် ပတ်သက်ပြီး မည်သူ၏ ဓား ဖြစ်ကြောင်းကို ရှင်းရှင်း လင်းလင်း ထည့်သွင်းပြောကြားသွားခြင်း မရှိဘဲ ကြိုတင်ကြံစည် လူသတ်မှု ပုဒ်မ ၃၀၂(၁)(ခ) အမှုမှ သာမန် လူသတ်မှု ၃၀၂(၂) ကို ပြောင်းလဲပြီး အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖခင် ဗိုလ်မှူး ဝဏ္ဏ ဆိုသည်။
မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားလိုဘက်မှ သက်သေ ၁၅ ဦးနှင့် တရားခံဘက်မှ သက်သေ ၁၃ ဦးကို စစ်ဆေးခဲ့ကြောင်း၊ အံ့ဖြိုးပိုင် အနေနှင့် ရဲကို ထွက်ချက်ပေးစဉ်တုန်းက ယင်းဓားသည် သူ၏ ဓား ဟုတ်၊ မဟုတ် ဆိုသည်ကို ထွက်ဆိုခဲ့ခြင်း မဟုတ်ဘဲ သူ သတ်မိသည် ဆိုသည်ကိုသာ ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း တရားခံ ရှေ့နေ ဦးစိန် မြင့် ပြောသည်။
“ပထမတုန်းကတော့ သူ ဝန်ခံတယ်၊ နောက်ကျတော့် သူ ငြင်းတယ်။ ရဲရှေ့မှာ ဘယ်လောက်ပဲ ဝန်ခံ၊ ဝန်ခံ ရဲရှေ့မှာ ထွက် တဲ့ သက်သေက ဥပဒေအရ သက်သေခံ မဝင်ပါဘူး။ ရဲမှာ ပြောတာတွေကို အပြီးသတ် ယုံကြည်လို့ မရတဲ့အတွက် တရား ရုံး ဆိုတာ ထားတယ်။ တရားရုံး အရှေ့ရောက်တော့မှ နှစ်ဘက် ထွက်ဆိုချက်နဲ့ တရားမျှတစွာ အပြန်အလှန် ပြောခွင့် ချေပခွင့် ရှိတာပါ” ဟု ရှေ့နေ ဦးစိန်မြင့်က ဆိုသည်။
ဆက်စပ်သတင်း