Ethnic Issues

AA နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများ ပိုမိုပြင်းထန်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် အစိုးရ တပ်မတော်နှင့် ရကိ္ခုင့် တပ်မတော်(AA)တို့ကြား တိုက်ပွဲ များမှာ ပိုမိုပြင်းထန်လာကြောင်း သတင်းရရှိသည်။

AA ၏ ဒုတိယ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးကြီး ညိုထွန်းအောင်က“လက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားအရ သူတို့ဘက်က စစ်ကူ အင် အားတွေ ထပ်တိုးလာတယ်။ လက်ရှိ သူတို့ ပစ်နေတဲ့ ပြင်းအားတွေ လှုပ်ရှားမှု အခြေအနေတွေပေါ် မူတည်ပြီးတော့ တိုက်ပွဲက ဒီထက် ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်”ဟု ပြောသည် ။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်း ၇ နာရီကျော်မှ စ၍ တိုက်ပွဲ ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ တပ်မတော်နှင့် AA တို့ကြား ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၂၆ ရက်က AA ၏ ပြောက်ကျားတပ်ဖွဲ့များမှာ ကျောက်တော်မြို့နယ်အတွင်း သွားလာနေစဉ် တပ်မတော်၊ စစ်ကြောင်း များနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး အရှေ့မြောက်ဘက်၊ ရန်ကုန် – စစ်တွေ လမ်းမကြီးနှင့် ၄ မိုင်ခန့် အကွာတွင် ဖြစ်ပြီး လူနေကျေးရွာများလည်း ရှိသဖြင့် စိုးရိမ် ထိတ်လန့်နေရကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

ရခိုင်အမျိုးသားပါတီ၊ ကျောက်တော်မြို့နယ် အလုပ်အမှုဆောင် ဦးမောင်မဲစိန်က“မနေ့က ညနေ ၃ နာရီလောက်မှာ တိုက်ပွဲ ဖြစ်သံ တွေ ကြားရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ဒေသခံရွာသားတွေကတော့ အထူးစိုးရိမ်နေရတာပေါ့။ မနေ့က သရီချောင်းထဲမှာ လွှဆွဲနေတဲ့ ရွာသား ၂ ယောက်ကို စစ်တပ်က ဖမ်းခေါ်သွားလို့ ကျောက်တော်ကို လာတိုင်နေတာ။ ကျနော်ရုံးမှာ တိုင်နေတုန်း ရွာကို ပြန်ရောက်ပြီ ကြားတယ်။ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိသေးဘူး”ဟု ပြောသည်။

ရခိုင်လူထုမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ ပြည်သူများကဲ့သို့ တိုက်ပွဲ အတွေ့အကြုံ မရှိသဖြင့် ကြောက်လန့်နေကြခြင်း ဖြစ်ပြီး ပြည်သူများ စိုးရိမ်မှု လျော့ကျသွားစေရန် တပ်မတော်အပေါ်တွင် မူတည်ကြောင်း ဗိုလ်မှူးကြီး ညိုထွွန်းအောင်က ဧရာဝတီသို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ မတ်လက တပ်မတော်နှင့် AA မှာ ပထမဦးဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်သည်။

မတ်လအတွင်း တိုက်ပွဲဖြစ်ပွားခဲ့စဉ်က AA တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇/၁)နှင့် အရေးယူခဲ့ကြောင်း၊ ယင်း AA တပ်သားများထံမှ ရရှိသည့် ipad မှတဆင့် မိသားစုဝင်များကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

AA နှင့် မြန်မာ့ တပ်မတော်ကြား ပထမအကြိမ် တိုက်ပွဲများအတွင်း ဒေသခံများအား မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သဖြင့် လက်ရှိတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများမှာ မပြောရဲကြဘဲ ပတ်သက်မှုမရှိအောင် ရှောင်ရှားနေရကြောင်း ကျောက်တော်မြို့ခံများက ပြောသည်။

AA မှာ ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အခြေစိုက်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် တပ်စခန်းများ အခိုင်အမာ ချထားခြင်း မရှိသေးဘဲ ပြောက်ကျားစနစ်ဖြင့် လှုပ်ရှားနေသည့် အဖွဲ့တခု ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော်မှ KIA ထိန်းချုပ်ဒေသ လိုင်ဇာမြို့ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး AA မှ ဗိုလ်လောင်း  ၈ ဦး ပါဝင်သွားခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားရာ AA က MNDAA ဘက်မှ ပါဝင် ကူညီခဲ့သည်။

AA မှာ အစိုးရက ဦးဆောင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုကြောင်း တောင်းဆိုခဲ့သော်လည်း အစိုးရက လက်မခံဘဲ  ချန်လှပ်ခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်သည်။

Loading