ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ထိုင်းအာဏာပိုင်များက စတင်ဖမ်းဆီးနေကြောင်း သိရသည်။
လက်ရှိအချိန်၌ ဖမ်းဆီးခံနေရသည့် မြန်မာအလုပ်သမား အများစုသည် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့အား ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ဖမ်းဆီးနေခြင်း ဖြစ်သည်။
အထူးသဖြင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်၊ ရနောင်း၊ ချင်းမိုင် စသည့် မြို့ကြီးများ၌ ဖမ်းဆီးမှုများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဧရာဝတီကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှု အများဆုံးရှိသည့် နေရာသည် ရနောင်းမြို့ဖြစ်ပြီး၊ ဖမ်းဆီမှုများ ဆောင်ရွက်ရာ၌ အလုပ်ရုံများထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ဖမ်းဆီးခံရသူများကို လ.ဝ.က အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားသည်ဟု ရနောင်းဒေသခံများက ပြောသည်။
ရနောင်းမြို့ ပုစွန်စက်ရုံတခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၀ ကျော်အား ယနေ့ နံနက်ပိုင်းတွင် ဖမ်းသွားသော်လည်း၊ အလုပ်ရှင်က ကယ်ထုတ်ပေးသည့်အတွက် အများစု ပြန်လည်လွတ်မြောက် လာသော်လည်း လူ ၃ ဦး အချုပ်ခန်း၌ ကျန်ရှိနေသေးသည်ဟု ရနောင်းမြို့ခံ ကိုအောင်သက်ဦးက ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနက် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူဦးရေသည် သိန်းဂဏန်းဝန်းကျင် ရှိနိုင်ကြောင်းနှင့် ထိုဗီဇာများကို ၂၀၀၉ ခုနှစ်က စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်သက်တမ်းကုန်ဆုံးနေသူ အများအပြား ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား တသန်းကျော်အား၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း၊ ၄ နှစ် ဗီဇာ သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်များကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ရရန် ထပ်မံနှစ်နှစ် တိုးပေးခဲ့၍ စုစုပေါင်း ၆ နှစ် အထိ နေထိုင်ခွင့် ရရှိထားကြကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း၌ တရားဝင် လက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်းရှိကြောင်း မြန်မာသံရုံးက ဧရာဝတီကို ပြောသည်။
အလုပ်သမားများအနက် မည်သည့်နေ့ရက်တွင် အရေအတွက် မည်မျှထိ သက်တမ်းကုန်ဆုံးမည် ဆိုသည်ကို မြန်မာအစိုးရ အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ သို့သော် ကုန်ဆုံးသွားသူများအား ဖမ်းဆီးခြင်း မခံရရေးအတွက် မည်သို့ဆောင်ရွက် ပေးသွားမည်ဆိုသည်ကို ကြိုတင်စီစဉ် ဆောင်ရွက်မှု၊ ထိုင်းအစိုးရနှင့် ညှိနှိုင်းထားမှု မရှိသဖြင့် အလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု မဟာချိုင် အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။
“ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ မဖမ်းသေးပေမယ့် ကြိုကြားကြိုးကြား ဖမ်းဆီးမှုတွေ စလုပ်နေပါပြီ။ အလုပ်သမားတွေဟာ ဘယ်မြို့မှာပဲနေနေ ဘယ်နေ့မှာ အဖမ်းခံရမလဲကို ကြောက်လန့်နေရတဲ့ အနေအထား ဖြစ်နေတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း စိုးရိမ်မှု ဖြစ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဗီဇာကိစ္စ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ အလုပ်သမားများလုပ်ငန်းခွင် လုံခြုံရေး စသည်တို့အား စနစ်တကျ ဆောင်ရွက်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရထံသို့ MWRN အဖွဲ့က၊ ဒီဇင်ဘာ လဆန်းပိုင်းတွင် တောင်းဆိုခဲ့သည့်တိုင် သိသာသည့် ဆောင်ရွက်မှု မရှိသေးကြောင်း ရွေ့ပြောင်းအလုပ်သမားများက ပြောသည်။
အရေအတွက် သန်းချီရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရအပါအဝင် လုပ်ငန်းရှင်များ၊ အလုပ်သမား ပွဲစားများသည် အကျိုးအမြတ် အများအပြားကို အကျိုးခံစားခွင့် ရနေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရွေ့ပြောင်းအလုပ်သမားများ အေးချမ်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရန် စနစ်တကျ စီစဉ်ပေးသင့်သော်လည်း အလေးထား လုပ်ဆောင်မှု မရှိကြောာင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
“သန်းချီတဲ့ မြန်မာအလုပ်သမားတွေဆီက နှစ်နိုင်ငံအစိုးရက အကျိုးအမြတ် ခံစားခွင့် ရနေပေမယ့် ထိုင်းရဲတပ်ဖွဲ့နဲ့ လ.ဝ.က အဖွဲ့တို့က အဲဒီလိုဝင်ငွေ မရဘူး။ ဒီတော့ ရဲတွေက လမ်းမှာတွေ့တဲ့ မြန်မာအလုပ်သမားတွေကို မတရားဖမ်းဆီး ငွေတောင်းတာတွေ လုပ်ကြတယ်။ အစိုးရကသာ စနစ်တကျ လုပ်ဆောင်ပေးရင် အဲဒီပြဿနာတွေ ဖြစ်လာစရာ မရှိဘူး” ဟု ဦးကျော်သောင်းက ဆိုသည်။
၆ နှစ်ဗီဇာသက်တမ်း ကိစ္စများအပြင် အလုပ်သမားများနှင့် သက်ဆိုင်သည့် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများသည် လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်မြို့၌ ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ပြောဆိုသည်။
၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူများအား စတင်ဖမ်းဆီးနေပြီဖြစ်၍ ၂၀၁၃ ခုနှစ် အတွင်းက ထုတ်ပေးထားသည့် ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးကြတော့မည့် အလုပ်သမား အများစုသည်လည်း စိုးရိမ်မှုများ ဖြစ်နေကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံတဝန်း၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သန်း ဝန်းကျင်ရှိပြီး၊ ယာယီနှစ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၁ ဒသမ ၇ သန်း၊ MOU ဖြင့် လာရောက်သူ ၂ သိန်းနှင့် ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပေးထားသော ပန်းရောက်ကတ် ကိုင် ဆောင်ထားသူ ၅ သိန်းဝန်းကျင်ရှိ ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲ့များထံမှ သိရသည်။