ခရစ်သက္ကရစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်သို့ ကူးပြောင်မည့် နှစ်သစ်ကူးည(ဒီဇင်ဘာ ၃၁ ရက်) တွင် ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ နေရာများနှင့် အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်မည့် နေရာများ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အင် အား တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
“လူစည်ကားရာ နေရာတွေမှာ လူထုလုံခြုံမှုရှိဖို့အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတဲ့ ဖြစ်စဉ်တွေ အတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဥရောပသမဂ္ဂက သင်တန်းတွေ ပေး ထားသလို ကျနော်တို့ကလည်း လက်နက်ခဲယမ်း အပြည့်အစုံ ပေးထားပါတယ်။ အင်အားဘယ်လောက် ဖြစ်မယ် ဆိုတာကတော့ ကြိုတင်ပြောလို့ မရသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဗိုလ်က ဧရာဝတီကို ပြောသည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နှစ်သစ်ကူး အကြိုနေ့ဖြစ်သည့် (ဒီဇင်ဘာလ ၃၁ရက်) တွင် လုံခြုံရေးကြိုတင်အစီအမံများ၊ ၂၀၁၅ ခုနှစ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၆ တွင် လုပ်ဆောင်ရမည့် အချက် များနှင့် ပတ်သက်ပြီး အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်ဟု ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။
ထိုအစည်းအဝေး ဆုံးဖြတ်ချက်အရ ရဲတပ်ဖွဲ့က ပုံမှန်လုံခြုံရေး ဆောင်ရွက်ခြင်းများအပြင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်း၊ အင်းယားကန်ပေါင် စသည့် အလည်အပတ် နေရာများ၊ လူစည်ကားရာ နေရာများနှင့် အထိမ်းအမှတ်ပွဲများ ကျင်းပသည့် နေရာများတွင် ပြည်သူလူထု လုံခြုံမှု ရှိစေရေးနှင့် ဒုစရိုက်မှု ကျူးလွန်နိုင်ခြေ ရှိသူ များကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်မည်ဟု သိရသည်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးနေ့ ညနေ ၄ နာရီမှ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီခွဲအထိ ရန်ကုန်တိုင်း အတွင်းရှိ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ၆၀၀၀ ကျော် က စောင့်ကြည့်လေ့လာ၍ လုံခြုံရေးယူမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးရထား ရဲတပ်ဖွဲ့စသည့် ရဲတပ်ဖွဲ့များကလည်း ၎င်းတို့အစီအစဉ်ဖြင့် လုံခြုံရေး ယူမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ လုံခြုံရေးကင်းလှည့်ယာဉ် ၄၅ စီး ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကင်းလှှည့်ယာဉ်များတွင် အချင်းချင်း ကြိုးမဲ့ဆက်သွယ်ရေးစနစ်ဖြင့် ယာဉ်အချင်းချင်း ချိတ်ဆက်ပြီး တရားခံ ဖမ်းဆီးရာတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး နှစ်သစ်ကူးည၌ ရန်ကုန်တမြို့လုံးသို့ ထိုကင်းလှည့်ကားများဖြင့် လှည့်လည် စစ်ဆေး မည်ဟု သိရသည်။