ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအခင်း အကျင်း သစ် များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တွေ့ဆုံရန် UNA ခေါင်း ဆောင်များအကြား ဆွေးနွေးနေကြကြောင်း သိရသည်။
NLD နှင့် ပူးပေါင်းဆောင်ရွက်မည် ဆိုပါက အဓိက ညှိနှိုင်းဆွေးနွေးရမည့် အချက်များဖြစ်သော တိုင်းရင်းသားအရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး စသည်တို့ကို ဆွေးနွေးနေကြကြောင်း UNA ၏ ဗဟိုအဖွဲ့ဝင် ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“NLD က ကမ်းလှမ်းလာရင် ဘာတွေဆွေးနွေးကြမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေကိုလည်းပဲ ကြိုတင်ဆွေးနွေးကြတာပါ။ NLD ကတော့ ရွေးကောက်ပွဲအလွန်မှာ တွေ့မယ်ဆိုတဲ့ ကမ်းလှမ်းချက်တခုတော့ ရှိတယ်။ ဒါပေမယ့် ဘယ်ရက်မှာ တွေ့ကြမယ်ဆိုတာမျိုးတော့ အချိန်အတိအကျ မရှိပါသေးဘူး”ဟုလည်း ဦးအေးသာအောင်က ပြောပြသည်။
UNA ၏ ခေါင်းဆောင်များ၏ အစည်းအဝေးကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပနေခြင်း ဖြစ်သည်။
UNA သည် ၁၉၉၀ ရွေးကောက်ပွဲ အလွန်တွင်လည်း NLD နှင့် လက်တွဲဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု UNA အဖွဲ့က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD က အများစု အနိုင်ရထားသကဲ့သို့ UNA အဖွဲ့ဝင် ပါတီ ၄ ခုသည်လည်း အနိုင်ရထားကြောင်း၊ ထို့ကြောင့် NLD နှင့် UNA တို့ကြား လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတို့တွင် ပူးပေါင်းဆောင်ရွက်သွားရမည်ဟုလည်း ဦးအေးသာအောင် က ဆက်ပြောသည်။
UNA ခေါင်းဆောင်များ အစည်းအဝေးတွင် UNA ၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း၊ UNA အဖွဲ့သို့ ဝင်ရောက်ရန် ကမ်းလှမ်းထားသည့် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ထိုကမ်းလှမ်းထားသည့် ပါတီများသည် UNA ၏ စည်းကမ်းချက်များကို သဘောတူပါက အဖွဲ့ဝင်အဖြစ် လက်ခံရေး စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရသည်။
ထို့အပြင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)အား ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး မကြာခင်ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲ ညီလာခံနှင့် ပတ်သက်သော အကြောင်းအရာများကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း ဦးအေသာအောင်က ပြော သည်။
UNA ကို ၂၀၀၂ ခုနှစ်၊ မေလ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ မွန် အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် တို့ ပါဝင်သည်။
အသစ်ပါဝင်ရန် ကမ်းလှမ်းထားသည့် ပါတီများ၌ ချင်း ဒီမိုကရေစီ ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ရခိုင် မျိုးချစ်ပါတီ၊ ဓနု တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီတို့ ဖြစ်ကြောင်း သိရသည်။