NLD အစိုးရသစ်မှာ ဝန်ကြီးနေရာ တောင်းဆိုမှုများ ရှိနေပြီး ထပ်မံတောင်းဆိုလာသူများကို စည်းမျဉ်း စည်းကမ်းအရ အရေးယူ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။
ယနေ့ နံနက်ပိုင်းက ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ရုံးချုပ်တွင် ကျင်းပရာ ယင်းအခမ်းအနားသို့ တက်ရောက် လာသည့် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ဝန်ကြီး လုပ်ချင်တဲ့သူတွေ တော်တော်မှ ကျမ မကြိုက်ဘူး။ ဝန်ကြီးလုပ်တယ်ဆိုတာ မတတ်သာလို့ တာဝန် ပေးလို့ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ နောက်တခါ ဝန်ကြီးဖြစ်ချင်လို့ စာရေးပြီးတော့ တောင်းတဲ့သူတွေကို စည်းမျဉ်း စည်းကမ်းအရ အရေးယူမယ်လို့ ပြတ်ပြတ်သားသားပဲ ဒီကနေ ပြောချင်တယ်”ဟု ပြောသည်။
ဝန်ကြီးနေရာကို တကယ်အလုပ်လုပ်နိုင်သူကိုသာ ပေးမှာ ဖြစ်၍ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ဖြစ်တိုင်း ပေးမှာ မဟုတ်ကြောင်းလည်း ပြောသည်။
ထို့ပြင် လွတ်လပ်ရေးဆိုသည်မှာ ကိုယ်လုပ်ချင်တိုင်း လုပ်ရန် မဟုတ်ဘဲ တာဝန်သိသိဖြင့် မိမိ၏ လွတ်လပ်မှုကို အများကောင်းကျိုး အတွက် သုံးနိုင်ခြင်းဆိုသည်ပင် ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိရန်အတွက် တဦးချင်း ကြိုးစားရမည် ဖြစ်ကြောင်း ဆိုသည်။
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသားအားလုံးလည်း ပါဝင်ရမည်ဖြစ်ပြီး ပြည်သူ အားလုံး တာဝန်ယူရမည့် အချိန်ရောက်ပြီ ဆိုသည်ကို သဘောပေါက်ရန် လိုကြောင်း၊ တာဝန်ယူမှုမရှိပါက လွတ်လပ်ရေး၏ အရသာကို ခံစားရမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အပြောင်းအလဲဆိုသည်မှာ စိုးရိမ်စရာ၊ ကြောက်စရာ မဟုတ်ဘဲ ဆင်ခြင်တုံတရား အပြည့်အဝနှင့် ရင်ဆိုင်စရာ ဖြစ်ပြီး အားလုံးအတွက် အကျိုးဖြစ်စေမည့် အပြောင်းအလဲဖြစ်ရေးကို အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသည် တိုင်းရင်းသား အားလုံးနှင့် ထူ ထောင်ထားသည့် ပြည်ထောင်စု ဖြစ်ပြီး နောက်တက်လာမည့် အစိုးရအနေနှင့်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရန် ပထမဆုံး လုပ်ဆောင်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံတခု ကျင်းပကာ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
နိုင်ငံတည်ဆောက်ရေးတွင် ပြည်သူများအနေဖြင့် နိုင်ငံအပေါ် ဖြည့်ဆည်းပေးချင်သည့် စိတ်ဓာတ်ရှိရန် လိုအပ်ပြီး မိမိနာမည် ထွက် အောင်သာ လုပ်နေသူများသည် ကိုယ့်နိုင်ငံ အကျိုးအတွက် ဘာမှ မလုပ်ပေးနိုင်ကြောင်း၊ NLD အစိုးရအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရ ဖြစ်စေရမည်ဟု ထပ်မံပြောကြားလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့သည်။