ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများကို သတ်ဖြတ်ကာ အစွယ်ဖြတ်နေသော ဂိုဏ်းတခုမှ အဖွဲ့ဝင် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဂိုဏ်းခေါင်းဆောင် အပါအဝင် လွတ်မြောက်နေသူ ၃ ဦးကို တောနင်းရှာဖွေနေသည်။
“သူတို့အဖွဲ့က ၅ ယောက်အဖွဲ့ပါ၊ အခု နှစ်ယောက်ဖမ်းမိထားတယ်၊ ဆင်ကိုပစ်သတ်ခဲ့တဲ့ တူမီး သေနတ်နဲ့အတူ ကျန်တဲ့ ၃ ယောက်က ထွက်ပြေးနေလို့ ဖမ်းဆီးရမိဖို့ တောနင်းရှာဖွေ နေပါတယ်”ဟု ပုသိမ်မြို့နယ် သလပ်ခွာ ရဲစခန်းမှ စခန်းမှုး ရဲအုပ် ဝင်းထွဋ်က ပြောသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့နယ် ချောင်းသာကြိုးဝိုင်း အကွက်အမှတ် – ၅၂ ရှိ ကျောက်ပုံ တောတွင်းစခန်း အနီး၌ မသင်္ကာဖွယ်လူတစ်ဦးအား ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ (DAYAM) အမျိုးအစား ဆိုင်ကယ်ပေါ်တွင် ဆင်မြီး၊ ဆင်နှာမောင်း အကွင်းခြောက် ၆၆ ခုနှင့် ဆင်အရေခွံခြောက် ပီနံအိတ် ၂ လုံး၊ အရှည် ၁၃ လက်မရှိ သားလှီးဓားတို့နှင့်အတူ တရားခံဟု ယူဆရသူ မောင်ဖိုး (ငဖြူကြီးရွာ၊ ငဖဲမြို့နယ်) နေသူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“မောင်ဖိုးကို ဖမ်းဆီးစစ်ဆေးနေတဲ့အချိန်မှာ နောက်တယောက်က ဆိုင်ကယ်ကိုမောင်းပြီး တောထဲကို ထွက်ပြေးသွားတယ်။ မမိလိုက်ဘူး။ တောနင်းရှာဖွေနေချိန်မှာပဲ တောထဲက သစ်တောရုံးရှေ့မှာ ယောင်လည်လည်နဲ့ သွားနေတဲ့ မောင်ခြောက်ကို ည ၈ နာရီခွဲလောက်မှာတွေ့ပြီး မသင်္ကာတာနဲ့ စစ်ဆေးခဲ့တာ တဖွဲ့တည်းသားဖြစ်နေတာကို သိခဲ့ရတယ်”ဟု စခန်းမှူး ရဲအုပ် ဝင်းထွဋ်က ပြောသည်။
တရားခံဟု ယူဆရသူ မောင်ခြောက် (မင်းလွင်ရွာ၊ ငဖဲမြို့နယ်) ထံမှလည်း ဆင်အမြှီးအမွှာ အချောင်း ၃၀၊ ဆင်ပစ်ခတ်ရာတွင် အဆိပ်အဖြစ်အသုံးပြုသော ဆေးဒန်းကြီး ၁ ထုပ်၊ ဆေးထိုးအပ် ၁ ချောင်း၊ အသင့်ဖော်စပ်ပြီး အဆိပ် ၂ ကျပ်သားခန့် ၁ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်သတ်ဂိုဏ်းအဖွဲ့တွင် လူ ၅ ဦး ပါဝင်ပြီး ဖမ်းဆီးရန်ကျန်ရှိနေသူများမှာ ဂိုဏ်းခေါင်းဆောင် သိန်းမောင်၊ မောင်ဆားနှင့် မောင်စိုး (ငဖဲမြို့နေသူ) များဖြစ်ပြီး တောဆင်များကို ပစ်ခတ် သတ်ဖြတ်သည့် တူမီးသေနတ်မှာ ဂိုဏ်းခေါင်းဆောင် သိန်းမောင်ထံတွင် ပါရှိသွားကြောင်း သလပ်ခွာရဲတပ်ဖွဲ့က ပြောသည်။
“ဆင်သတ်တဲ့အဆိပ်ကို သစ်မန်ကျည်း အဆီ၊ ကန့်၊ ဆာလဖာ၊ အရက်ပျံ၊ ယူဇောတွေနဲ့ ဖော်စပ် ထားတာလို့ ပြောတယ်။ ဆေးထိုးအပ်ကြီးကို အသုံးပြုပြီး တူမီးသေနတ်နဲ့ ဆင်ကိုပစ်တာလို့ သိရတယ်”ဟု စခန်းမှူး ရဲအုပ် ဝင်းထွဋ်က ပြောသည်။
တောဆင်ရိုင်းများ အသတ်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရင်း ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၅၂၊ ရေဆိုးချောင်းလက်တက် တောတွင်း၌ အရေခွံလှီးဖြတ်ထားသော ဆင်သေတကောင်အား တွေ့ရှိခဲ့ပြီး တိုင်းတာချက်အရ အရပ်အမြင့် ၈ ပေ ၆ လက္မ၊ လုံးပတ် ၁၄ ပေ၊ အလျား ၁၂ ပေ ခန့်မှန်းအသက် ၃၂ နှစ်ရှိသော တောဆင်ရိုင်းအထီးဖြစ်ကြောင်းနှင့် ဆင်သေအနီး ကိုက် ၅၀ ခန့်အကွာတွင် ဆင်သားရေများအား ကြပ်တိုက်သည့် စင်ကိုတွေ့ရှိခဲ့ကြောင်း သလပ်ခွာရဲတပ်ဖွဲ့က ပြောသည်။
ဆင်သတ်မှုဖြင့် ဖမ်းဆီးရမိသော မောင်ဖိုးနှင့် မောင်ခြောက်တို့အား ပြစ်မှုနံပါတ် ၂/၂၀၁၆ ၊ သစ်တော ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ (က) ဖြင့် သလပ်ခွာရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သစ်တောကြိုးဝိုင်းများ၌ ဆင်စွယ်မုဆိုများ၏ လက်ချက်ဖြင့် ဆင် ၆ ကောင် အစွယ်ဖြတ် အသတ်ခံခဲ့ရသေးသည်။