ကချင် ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအတွင်း တရားမဝင် မြေတူးစက် များ၊ ယန္တရားများဖြင့် ဝင်ရောက် ကျောက်စိမ်းတူးဖော်သည့်ကိစ္စများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးတချို့ ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းနှင့် ပြည်နယ်ဝန်ကြီးတချို့ကို မြန်မာ-တရုတ်နယ်စပ်၊ ကန်ပိုက်တီး မြို့မှ တဆင့် ဖားကန့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများသို့ တရားမဝင် ကျောက်တူးဖော်ရေး ယာဉ်၊ နှင့် စက်ယန္တရားများ ဝင်ရောက် လာမှုနှင့် ပတ်သတ်၍ ဒီဇင်ဘာလ လကုန်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် နေပြည်တော်တွင်လည်း ခေါ်ယူ စစ်ဆေးခံခဲ့ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရဝန်ကြီးတဦးက အတည်ပြု ပြောကြားသည်။
နေပြည်တော်သို့ ခေါ်ယူစစ်ဆေးရာတွင် ကချင် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းနှင့်အတူ ပြည်နယ်အစိုးရဝန်ကြီး တချို့အပြင် စီးပွားရေး တာဝန်ခံ အရာရှိနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ အရာရှိတချို့လည်း ပါရှိသည်ဟု သိရှိရသည်။
သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရဝန်ကြီးတချို့ကို ခေါ်ယူ စစ် ဆေးမှုနှင့်ပတ်သက်၍ “ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောလို့ မရသေးပါဘူး။ ဆောင်ရွက် ဆဲပါ” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က စစ်ဆေးမေးမြန်းမှုများနှင့် ပတ်သက်၍ တစုံ တရာ ဖြေကြား ခဲ့ခြင်းမရှိသော်လည်း လတ်တလော ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ရာထူးမှ ထုတ်ပယ်ခံရခြင်းမရှိဘဲ မြစ်ကြီးနားမြို့တွင်ပင် အေးအေးဆေးဆေးရှိသည်ဟု ပြောဆိုသည်။
ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအတွင်းမှ စွန့်ပစ်သည့် မြေစာပုံများ ပြိုကျ ပြီး လူရာ ကျော် သေဆုံးမှု၊ ကျောက်တူးဖော်ရေး စက်ယန္တရား၊ မြေတူးစက်ကြီးများ အလုံးအရင်းဖြင့် ဝင် ရောက် လာမှုတို့ကြောင့် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း ဆွေးနွေးမှုများ ပေါ်ပေါက်လာပြီး နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရဝန်ကြီးတချို့ စစ်ဆေးခံရခြင်းဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းပြုစုချက်များအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် အစိုးရ၏ ခွင့်ပြု ချက် ဖြင့် ပုဂ္ဂလိက ကုမ္မဏီ ၆၂၇ ခုမှ လုပ်ကွက်ပေါင်း ၇၇၁၄ ကွက် ၊ ကုမ္မဏီ ၂၃၀ ခုက အစိုးရနှင့် အကျိုး တူ လုပ်ကွက်ပေါင်း ၃၁၁ ကွက် လုပ်ကိုင်လျက်ရှိပြီး ထိုလုပ်ကွက်အားလုံးတွင် လက်ရှိ အသုံးပြု နေသည့် စက်ယန္တရားအရေအတွက်မှာ ဘက်ဟိုး ၁၈၇၂ စီး၊ မြေသယ်ယာဉ် ၃၃၂၇ စီးရှိသည်ဟု သတ္တုတွင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
သမ္မတဦးသိန်းစိန်အစိုးရက ဖားကန့်ကိစ္စအရေးများအားလုံးကို ပြေလည် နိုင်စေရန် ကျောက်စိမ်း တူးဖော် ရေး လုပ် ငန်း များကို လုံးဝပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်၍ လုပ် ငန်း ဆက် လက် လုပ်ကိုင်ခြင်းစသည့် နည်းလမ်း ၃ ခုဖြင့် ဖြေရှင်းရန် စီစဉ်ထားကြောင်း လွှတ်တော်သို့ အသိ ပေးထားသည်။