မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့မွန်းလွဲပိုင်းက ဘဏ်အတွင်းရှိ သန့်စင် ခန်းကို မီးရှို့၍ အခြေအနေ ရှုပ်ထွေးအောင် ပြုလုပ်ကာ ငွေလုရန် ကြိုးပမ်းမှုတခု ဖြစ် ပွားခဲ့ကြောင်း ယင်းဘဏ်မှ တာဝန်ခံ အမျိုးသမီးတဦးက အတည်ပြု ပြောကြားသည်။
ယင်းအမျိုးသမီးက”သူ့ကို ကြည့်ရတာတော့ ဒီမြို့က မဟုတ်သလိုပဲ။ သူကကြိုတင်ကြံစည်ထားတဲ့ပုံပဲ။ မီးလောင်တယ်လို့ သူပဲ အော်ပြီးတော့ ကောင်တာက ငွေထုတ်ကို ဆွဲယူပြီး ပြေးမလို့ လုပ်တုန်း ဘဏ်ဝန်ထမ်းတွေက ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တာပါ”ဟု ပြောသည်။
ငွေလုရန် ကြိုးပမ်းသူမှာ လူလတ်ပိုင်း အမျိုးသားတဦး ဖြစ်ပြီး ၎င်းကို ပခုက္ကူမြို့မ ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ယင်းစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း အမျိုးသမီးက ပြောသည်။
ပခုက္ကူ ကမ္ဘောဇဘဏ်မှာလည်း ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။