ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေမှ မိုင် ၃၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင် ရေအနက်ပေ ၆၆၇၀ ခန့်အောက်တွင် သဘာဝဓါတ်ငွေ့များ ခိုအောင်းနေသည့် သဲကြောကြီးကို တွေ့ရှိခဲ့ရကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များထဲမှ တခုဖြစ်သည့် A – 6 ရေနက်ပိုင်းတွင် MPRL E&P ရေနံ ကုမ္ပဏီက ရွှေရည်ထွန်း တွင်း အမှတ် ၁ ၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခု ရှာဖွေ တွေ့ရှိမှုသည် မြန်မာ့ ကမ်းလွန်ရေနက်ပိုင်း သမိုင်းတလျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှု ဖြစ်ကြောင်း MPRL ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အစိုးရပိုင် သတင်းစာက ရေးသည်။
ထို့ကြောင့် ယခု တွေ့ရှိသော ဓါတ်ငွေ့သိုက်သည် သဘာ၀ ဓါတ်ငွေ့ ကော်လံ ၄၂၃ ပေ (၁၂၉ မီတာ)ခန့်ရှိသော သဘာဝဓါတ်ငွေ့များ ခို အောင်းနေသည့် သဲကြောကြီး ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က သဲကြော စမ်းသပ် တိုင်းတာခြင်း ဆောင်ရွက် ခဲ့ရာမှ တွေ့ရှိကြောင်း၊ အနက် ၄၂၉၇ မီတာ၊ အနက် ၄၃၅၆ မီတာနှင့် အနက် ၄၄၀၀ မီတာရှိ သဲကြော ၃ ခု အတွင်း သဘာ၀ ဓါတ်ငွေ့များ ခိုအောင်းနေမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ရှိခဲ့မှုအရ မြန်မ့ာကမ်းလွန် လုပ်ကွက်များအတွင်း ဒေသမြောက်ဖျားပိုင်း ရွှေသဘာ၀ ဓါတ်ငွေ့သိုက်မှစ၍ ဘင်္ဂလား ပင်လယ် အော် ကမ်းလွန် အလယ်ပိုင်း၊ တောင်ပိုင်းလုပ်ကွက်များအထိ သဘာ၀ ဓါတ်ငွေ့ခိုအောင်း ဖြစ်တည်မှုများ ရှိနိုင်သည်ဟု အတည်ပြု နိုင်ခဲ့ကြောင်းလည်း သိရသည်။
MPRL E&P ကုမ္ပဏီက နည်းပညာ၊ ငွေကြေး အခက်အခဲများစွာကြားမှ ရေနံ သဘာဝဓါတ်ငွေ့ တည်ရှိနိုင်မှုကို ပထမဆုံး ထုတ်ဖော် နိုင်ခဲ့သည့်အပြင် နိုင်ငံတကာ ကုမ္ပဏီများ၏ စိတ်ဝင်စားမှုကိုလည်း ရယူနိုင်ခဲ့ကြောင်း၊ ရှာဖွေတွေ့ရှိမှုသည် ကမ္ဘာ့အဆင့် ကြီးမားသော ဓါတ်ငွေ့သိုက်တခုကို ရှာဖွေနိုင်ခဲ့ခြင်း အစဖြစ်ကြောင်း၊ ဆက်လက်၍ ရှာဖွေမှုကို အဆင့်မြှင့်တင်သွားရန်အတွက် Woodside ကုမ္ပဏီ၊ Total E&P ကုမ္ပဏီများနှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဦးမိုးမြင့်က ပြောကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Woodside Petroleum အမှုဆောင် အရာရှိချုပ် Mr Coleman က“ဒါရဲ့ ရှေ့အလားအလာနဲ့ ပတ်သက်လို့ ပိုပြီးနားလည်လာအောင် နောက်ထပ် လေ့လာဆန်းစစ်မှုတွေ ဆက်ပြီး လုပ်ရပါဦးမယ်။ အခုလို ရှာဖွေတွေ့ရှိမှုကြောင့် ဒီဒေသမှာ နောက်ထပ် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်နိုင်ဖို့ အတွက် အင်အားဖြစ်စေခဲ့ပါတယ်”ဟု ပြောကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားသည်။
ဓာတ်ငွေသိုက် ရှာဖွေ တွေ့ရှိထားသည့် ရွှေရည်ထွန်း တွင်းအမှတ် ၁ ကို MPRL E&P၊ Total E&P Myanmarနှင့် Woodside Energy (Myanmar) ကုမ္ပဏီတို့က စွမ်းအင်ဝန်ကြီးဋ္ဌာန မြန်မာ့ရေနံနှင့် သဘာ၀ ဓါတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။