တရုတ်- မြန်မာနယ်စပ်၌ မြေမြုပ်မိုင်း ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တဦး ဒဏ်ရာရရှိသွားခြင်းနှင့် ပတ်သက်၍ တရုတ်အစိုးရက မြန်မာအစိုးရကို တရားဝင်ကန့်ကွက်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဟွာချူရင်းက ပြောဆိုလိုက်ပါတယ်။
ပေါက်ကွဲမှုမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက်နေ့က တရုတ်- မြန်မာနယ်စပ် နယ်နိမိတ် မှတ်တိုင် ၁၁၈ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အနာဂတ်မှာ အလားတူအဖြစ်မျိုး ရှောင်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ဖြစ်မယ့် ပဋိပက္ခမဖြစ်အောင်ကာကွယ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချူရင်းပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းမှာဖော်ပြထားပါတယ်။