ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် စေကင်း ကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ် အဖွဲ့တို့က ဒေသခံ ရွာသားများကို ဖမ်းဆီးနှိပ်စက်ခံရသည့် ဖြစ်စဉ်တခု ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့ရာ ယင်းကိစ္စကို အစိုးရအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးရန် ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့ အစည်း၊ ပလောင်(တအာင်း)ကျောင်းသားနှင့် လူငယ်များအဖွဲ့တို့က တောင်းဆိုလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် အထက်ပါဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်လင်းပွဲတခုကို ပလောင်(တအာင်း)အဖွဲ့တချို့က ဦးဆောင် ပြုလုပ်ခဲ့သည်။
ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့အစည်း မှတ်တမ်းနှင့် သုတေသနဋ္ဌာန တာဝန်ခံ လွေးပိုးကျိန်ကီးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့က အစိုးရ တပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်တို့သည် နမ့်ခမ်းမြို့နယ် မန်ပူးကျေး ရွာအုပ်စု စေကင်းကျေးရွာ၊ မန့်ပန်ကျေးရွာ၊ မန်ပူးကျေးရွာ၊ ပန်ယုတ်ကျေးရွာမှ ရွာသား စုစုပေါင်း ၇၀ ကို အ ကြောင်းပြချက် မရှိဘဲ ဖမ်းဆီးရိုက်နှိက်ခဲ့မှုကြောင့် ဒေသခံများမှာ ကျေးရွာများတွင် မနေရဲတော့ကြောင်း သတင်းစာ ရှင်လင်းပွဲ၌ ပြောကြားသည်။
ပလောင်(တအာင်း) ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အမြဲ ကြုံတွေ့နေရကြောင်း၊ ရွွာသားများကို ဖမ်းဆီးနှိပ်စက်မှု ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်၊ ထိခိုက် နစ်နာသူများကို တရားမျှတမှု ရရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း လွေးပိုးကျိန်ကီးက ဧရာဝတီသို့ ပြောသည်။
“ကျေးရွာအတွင်းမှာ ပစ္စည်းဆုံးရှုံးတာတွေ အိုးအိမ်မီးရှို့ခံရတာတွေ အရမ်းများနေပြီ။ ဒေသခံ ပြည်သူတွေကို ပေါ်တာဆွဲတာ ရိုက်နှိပ်ခံနေရတာ အရမ်းထိခိုက်နစ်နာတာတွေကို ဒီတိုင်းမထားဘဲနဲ့ ဥပဒေအနေနဲ့ ထိရောက် အရေးယူ ဆောင်ရွက်ပေးဖို့ ပြုလုပ်တာပါ”လွေးပိုးကျိန်ကီးက ဆိုသည်။
ဒီဇင်ဘာ ၂၃ရက်နေ့က စေကင်းကျေးရွာရှိ အဆောက်အဦနှင့်ဒေသခံများ၏ အိုးအိမ်များကို အတင်းအဓမ္မ ရိုက် ချိုး ဖျက်ဆီးပြီး အိမ်ထဲမှ ပစ္စည်းများ၊ အစားအသောက်များ၊ လက်ဝက်ရတနာများ တန်ဖိုး ကျပ်သိန်း ၃၀၀ခန့်နှင့် တရုတ်ယွမ် ၂၄၀၀၀ ကို သိမ်းယူသွားကြောင်း ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်များ အဖွဲ့နှင့် ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့အစည်းတို့၏ ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသား ထားသည်။
စေကင်းကျေးရွာမှ မူကြို ကျောင်းဆရာမ လွေးအမ်ခယ်က“နံနက် ၁၀နာရီကျော်မှာ လက်နက်ငယ် လက်နက် ကြီးရော ကျလာတယ်။ အဲဒီအချိန်မှာ ကျမ လန့်ပြီးတော့ ကလေးတွေနဲ့အတူ နောက်တအိမ်မှာ သွားပုန်းနေ တယ်။ သူတို့ သေနတ်တွေနဲ့ အိမ်တံခါးတွေကို ပစ်တယ်။ နောက်ကျမကို ခေါ်ပြီး မေးတယ်။ ဒီရွာမှာ သူပုန်တွေ ရှိလားလို့ မေးတယ်။ ကျမရဲ့ အိမ်က ဆွဲကြိုးတွေ အပ်ချုပ်စက်တွေ ပိုက်ဆံတွေ ယူသွားတယ်။ တီဗွီတွေလည်း ယူသွားတယ်။ မူကြိုကျောင်းမှာရှိတဲ့ ကလေးတွေရဲ့ စောင်တွေ ယူသွားတယ်။ ကလေးပစ္စည်းတွေ မီးရှို့တယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
နယ်ခမ်းမြို့နယ်ရှိ ရှေ့တန်း အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးထံ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးရန် တိုင်ကြားစာ ပို့ထားသော်လည်း လက်ရှိအချိန်ထိ ဒေသခံများထံ အကြောင်းပြန်ခြင်း မရှိကြောင်း သိရသည်။
ယင်းဒေသရှိ အပြစ်မဲ့ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မတရား ဖမ်းဆီးခြင်း၊ ညည်းပန်း နှိပ်စက်ခြင်းများ၊ အတင်းအဓမ္မ ပစ္စည်း လုယူခြင်းများနှင့် ဖျက်ဆီးခြင်း မပြုလုပ်ရန်၊ တိုင်းရင်းသားဒေသများတွင် မတရား ထိုးစစ်ဆင်နေမှုများကို ခြွင်းချက်မရှိ ရပ်တန့်ရန်နှင့် အခြေစိုက်ထားသော အစိုးရ တပ်ရင်းများကိုလည်း အမြန်ဆုံး ဆုတ်ခွာပေးရန် ယင်းအဖွဲ့ ၂ ခုက တောင်းဆိုထားသည်။