အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုတွင် အိမ်ရှင်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်အား သက်သေအဖြစ် စစ်ဆေးနိုင်ရန်အတွက် လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။
“သူ့တပ်ရင်းက မြိတ်မှာရှိတဲ့အတွက် သူ့တပ်ရင်းရဲ့ ခွင့်ပြုချက်ရမှ သူက လာအစစ်ဆေးခံမှာပါ။ ကျနော်တို့ဘက်က တင်ပြထားပါတယ်။ အခုထိတော့ အဲဒီဘက်က ခွင့်ပြုချက် မရသေးဘူးပေါ့။ လက်ရှိအထိတော့ သူတပ်မှာပဲ ရှိနေသေးတယ်။ သူနုတ်ထွက်တယ် ဆိုတာက ကျနော်တို့လည်း တဆင့်ကြားပဲ ရှိနေသေးတယ်။ တရားဝင် မထွက်လာသေးပါဘူး။ အတိအကျ နုတ်ထွက်ခွင့် ကျသွားပြီ၊ နုတ်ထွက်လာပါပြီ ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ဘာခွင့်ပြုချက်မှ မလိုတော့ပါဘူး။ တခါတည်း ခေါ်စစ်ရုံပါပဲ”ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောပြသည်။
မစုဝေ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး မြိတ်မြို့ရှိ မိခင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ကျော်နုမော်ကို သက်ဆိုင် ရာ မိခင်တပ်ရင်းက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ဒုရဲမှူးကြီး ကျော်ထွဋ် က ပြောသည်။
မစုဝေ အမှုအတွက် ဗဟန်းမြို့နယ် ရဲစခန်းက ရိုက်နှက်သူအိမ်အကူ ဒေါ်သန်းနွဲ့ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူ၍ လက်ရှိအချိန်ထိ ရဲလုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးတင်ပြမှုတွင် ဆေးစစ်ချက် အပြည့် အစုံရရှိထား သော်လည်း သက်သေအဖြစ် ဗိုလ်မှူးကျော်နုမော်ကို စစ်ဆေးရန် ကျန်နေကြောင်းနှင့် တရားရုံးကလည်း ရဲတပ်ဖွဲ့မှ တင်ပြမည့် အချက် အလက် အပြည့်အစုံကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်စစ်ဆေးနေပြီး လာမည့်ဇန်နဝါရီလ ၁၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ရုံးချိန်းကို တရားရုံးမှ ထပ်မံချိန်းဆိုထားကြောင်း၊ အရိုက်ခံရသည့် ကလေးငယ်နှင့် ကလေးငယ် မိခင် တို့ကို ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး အသက်မွေး အတတ်ပညာကျောင်း၌ ပို့ဆောင်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေး ငယ် တဦး ဒူးထောက်လျက်ရှိနေပြီး ယင်း၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန်ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင် ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှု ပြုလုပ် ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခု နှစ်ကုန်ပိုင်းက မစုဝေ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူး ကျော်နုမော်ကို မိခင်တပ်ရင်း မှ ထုတ်ပယ် လိုက်ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်တချို့ ရှိနေသော်လည်း လက်ရှိအချိန်ထိ ဗိုလ်မှူးကျော်နုမော် ကို တပ်မှထုတ်ပယ်ခြင်း ရှိ၊ မရှိနှင့် မစုဝေ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်က မည်သို့စစ်ဆေးနေသည်ကိုလည်း တိတိ ကျကျ မသိရှိရပေ။