စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကုန်ထုတ်လုပ်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားသည့် အကြီးစားစက်ရုံတချို့ကို ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း သိရသည်။
ထိုသို့လွှဲပြောင်းရခြင်းသည် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် အသုံးချနိုင်ရန် ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာန က ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၏ ဌာနတွင်း တင်ပြအကြောင်းကြားစာ၌ ပါရှိသည်။
စက်မှုဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ရက်စွဲဖြင့် ထိုသို့လွှဲပြောင်းရန် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် အပြီးလွှဲပြောင်းရန် ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း စက်မှုဝန်ကြီး ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးလှမိုး လက်မှတ်ထိုးထားသော တင်ပြအကြောင်းကြားစာတွင် ပါရှိခြင်း ဖြစ်သည်။
ထိုသို့စီစဉ်မှုနှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာန၏ လက်ထောက် အမြဲတမ်းအတွင်းဝန် တဦးဖြစ်သော ဦးအောင်စိုးရက“အခုကိစ္စကိုတော့ မသိပါဘူး။ အရင်ဖြစ်ခဲ့ပြီးတာတွေတော့ သိပါတယ်။ အရင်က ပြင်ဦးလွင်မှာရှိတဲ့ ဆေးဝါးစက်ရုံကို ကာကွယ်ရေးကို ပေးခဲ့ တယ်။ အခုက တစွန်းတစတော့ ကြားထားတာ ရှိတယ်ဆိုပေမယ့် မှန်းဆရ ခက်နေတယ်။ အခုလွှဲပြောင်းပေးမယ်လို့ဆိုတဲ့ အကြီး စား စက်ရုံတွေက ကျနော်တို့ဌာနရဲ့အောက်မှာ ရှိနေပါသေးတယ်”ဟု ပြောသည်။
ထိုသို့လွှဲပြောင်းရာ၌ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ပေးရေး ကော်မရှင်က စိစစ်ပြီးမှသာ ပုဂ္ဂလိကသို့ အပြီးရောင်းချခြင်း၊ အကျိုးတူ ဆောင်ရွက်ခြင်းနှင့်ငှားရမ်းခြင်းသာ ပြုလုပ်နိုင်ကြောင်း၊ ယခုထွက်ပေါ်နေသည့် စက်မှုဝန်ကြီးဌာနက ကာကွယ်ရေး ဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးမည့် စက်ရုံများသည် ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်းပေးသည့် သဘောတွင်ပါဝင်နေကြောင်းလည်း လက်ထောက် အတွင်းဝန် ဦးအောင်စိုးရက ပြောသည်။
“ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်းပေးတယ်ဆိုတဲ့ နေရာမှာ MEC တို့ ဦးပိုင်တို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနအောက်ကပဲ ဆို တော့ ဒါကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနကို လွှဲပေးတယ်လို့ ပြောလို့ရတာပဲ။ အခုကိစ္စကတော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည့် စက်ရုံများသည် အမှတ်(၁၁) အကြီးစားစက်ရုံ (ရန်ကုန်)၊ အမှတ် (၁၂) အကြီးစား စက်ရုံ(ထုံးဘို)၊ အမှတ် (၁၃) အကြီးစားစက်ရုံ(မကွေး) ကုန်တင်ယာဉ်ဘီးဝင်ရိုး ထုတ်လုပ်မှု စက်ရုံခွဲ(မြင်းခြံ)နှင့် အမှတ် (၂၅) အကြီး စား စက်ရုံ(မြိုင်) တို့ ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက စီမံကိန်းတွေကို အခြေခံပြီး ထုတ်တာ။ အခုက ဈေးကွက်ရဲ့ လိုအပ်ချက် ရှိတာကို ထုတ်တာ။ လက်ရှိစက်ရုံတွေက လုံးဝရပ်ဆိုင်းထားတယ်လို့လည်း ပြောမရဘူး။ အမှာစာရှိရင် လုပ်ပေးတယ်။ အခုပြောနေတဲ့ စက်ရုံတွေက အဓိက မော်တော်ယာဉ် ထုတ်လုပ်တဲ့ စက်ရုံတွေပါ။ ယခင်ကပြည်ပက ကားတင်သွင်းခွင့် မရတဲ့အချိန်မှာ လည်ပတ်မှု ရှိခဲ့ပေမယ့် ကားတင်သွင်းခွင့် ပြုလိုက် တဲ့ အချိန်ကစပြီး ရပ်ဆိုင်းသွားခဲ့တဲ့ စက်ရုံတွေ ရှိလာတယ်။ လုပ်ငန်းသုံးကားတွေပဲ လုပ်နေတယ်”ဟု လက်ထောက် အတွင်းဝန် ဦးအောင်စိုးရက ဆက်ပြောသည်။
ထိုသို့ ဝန်ကြီးဌာနခြင်း လွဲပြောင်းမှု အခြေအနေနှင့် ပတ်သက်ပြီး အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“စက်မှုနဲ့ ပတ်သက်လို့ ပြောရရင် ဦးသန်းရွှေလက်ထက်မှာ ဦးအောင်သောင်းကို ထည့်မစဉ်းစားလို့ မရဘူး။ သောက်သောက်လဲ အရှုံးပေါ်နေ တဲ့ ဌာနတွေကို စက်မှုခေတ် ပြောင်းမယ်ဆိုပြီး လုပ်ခဲ့တယ်။ အဲဒါတွေက အကုန်ရှုံးတယ်။ ထီးစက်ရုံ စက်ဘီးစက်ရုံ အကုန်ရှုံးတယ်။ အခု ဈေးကွက်စီးပွားရေး ဖွင့်လိုက်တဲ့ အခါမှာ မြန်မာပစ္စည်းတွေက ဘာမှဈေးကွက် မဝင်ဘူး ဖြစ်နေတယ်။ အခု အဲဒီဌာနက သူ့ဝန်ထမ်းတွေကိုတောင် ဗြဟ္မာကြီးဦးခေါင်းဖြစ်နေတော့ ကာကွယ်ရေးကို လွှဲလိုက်တော့ ဘာမှ မရှင်းရတော့ဘူးပေါ့”ဟု ပြောသည်။
စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံ ၁၄၄ ရုံ ရှိပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်ရုံ ၃၀ ကို ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချထားပြီး စက်ရုံ ၅၈ ရုံကို ငှားရမ်းထားကြောင်း စက်မှုဝန်ကြီးဌာန ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စက်မှုဝန်ကြီး ဌာနသည် စားသောက်ကုန်၊ အထည်အလိပ်၊ ဆေးဝါးနှင့် အခြားလူသုံးကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ၊ စက်မှုကဏ္ဍတွင် လိုအပ်သည့် မော်တော်ယာဉ် အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်ယန္တရားများ၊ ဘိလပ်မြေ၊ တာယာနှင့် ရာဘာထွက်ကုန်များ၊ ရေအားလျှပ်စစ် တာဘိုင်နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်ဌာန ဖြစ်သည်။