နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းတွင် စတင်ပေါ်ပေါက်လာမည့် အစိုးရသစ်တခု၏ လက်ထက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဒေသတွင်း နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် စာမျက်နှာသစ်တခု ဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်နေသည်။
NLD က ယခုအချိန်အထိ ၎င်းတို့၏ မူဝါဒ ဦးတည်ချက်ကို ဖော်ပြခြင်းမရှိသေးခြင်းကြောင့် တရုတ်နိုင်ငံမှ မူဝါဒ ချမှတ်သူများ အသိုင်းအဝိုင်းတွင် မရေရာမှုတခု ပေါ်ပေါက်စေခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ အပြောင်းအလဲများ မည်သို့ ပြန်လည် ချိန်ညှိလုပ်ဆောင်ရမည်ကို အပူတပြင်း ဆွေးနွေးရန် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရ ပြောင်းလဲသွားခြင်းက အနောက်တောင်ပိုင်း အိမ်နီးချင်းနိုင်ငံအပေါ် ဆက်ဆံရေးတွင် တရုတ် နိုင်ငံ၏ ရည်မှန်းချက် အလုံးစုံကို မပြောင်းလဲစေခဲ့သော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်ဆက်ဆံ ရေးတွင် ခေတ်သစ်တခုကို စတင်နိုင်ရန် မျှော်လင့်နေသည်။ လာမည့် အနာဂတ်တွင် တရုတ်နိုင်ငံ၏ မူဝါဒအသေးစိတ်ကို NLD အစိုးရ၏ မူဝါဒနှင့် ရပ်တည်ချက်များအရ ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။
တရုတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုစ္ဆာဆန်သော ဆက်ဆံရေး
တရုတ်နိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆက်ဆံရေးက ယခင်စစ်အစိုးရ လက်ထက်တွင် ရပ်တန့်ခဲ့ရသည်။ ၁၉၉၀ နှင့် ၂၀၁၁ ခုနှစ် အတွင်း ကာလများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကြောင့် အဆင်ပြေအောင် မဖြစ်မနေ လုပ်ခဲ့ရသည့် ဆုံးဖြတ်ချက်တခုလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရှိခဲ့သည့်အချိန်က အရင်ဆုံး စာရေးသားပေးပို့ ဂုဏ်ပြုခဲ့သူများထဲတွင် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်လည်း တယောက်အပါအဝင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သော စစ်အစိုးရက တရုတ်နိုင်ငံ၏ NLD နှင့် ဆက်ဆံရန် စတင်အားထုတ်မှုကို သဘောမကျခဲ့ပါ။ နှစ်နိုင်ငံဆက်ဆံရေး အပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့ပြီး တရုတ်နိုင်ငံက ၎င်းတို့၏ သံအမတ်ကို ၁၉၉၀ နှစ်လယ်ပိုင်းမှ ၁၉၉၁ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်မြို့မှနေ၍ ပြန်လည် ခေါ်ယူထားခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အလားတူဖြစ်ရပ်မျိုးကို ရှောင်လွှဲနိုင်ရန် အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရာထူးနေရာကို စက်တင်ဘာလမှ ဒီဇင်ဘာလ နှောင်းပိုင်းအထိ လစ်လပ်ထားခဲ့သည်။
မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခဲ့သည့် နှစ် ၂၀ ကာလအတွင်းတွင် စစ်အစိုးရ၏ အကဲဆတ်မှုကြောင့် တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့နှင့် ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင် ထားခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သည့် အတွက် တရုတ်သံတမန်များ၊ အစိုးရအရာရှိများ၊ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းများသည် အတိုက်အခံပါတီနှင့် ဆက်ဆံရေး လုံးဝမရှိသလောက်နီးပါး ဖြစ်ခဲ့ရသည်။ အဆိုပါ မူဝါဒက တရုတ်နိုင်ငံအတွက် အကျိုးရှိခဲ့သည်။အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ လက်ထက်က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာနှင့် နိုင်ငံခြားရေးရာ မူဝါဒ ချမှတ်ခြင်းလုပ်ငန်းများ အပေါ်တွင် အနည်းငယ်မျှသာ ဩဇာ လွှမ်းမိုးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အစီအစဉ်များ အောင်မြင်ရေးအတွက် အစိုးရနှင့်သာ အလုပ်လုပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီတို့နှင့် အဆက်အသွယ် မရှိခြင်းက တရုတ်နိုင်ငံအတွက် အဓိကပြဿနာတခု မဟုတ်ခဲ့ပါ။ သို့သော်လည်း ဦးသိန်းစိန်အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ပြည်တွင်းနိုင်ငံရေးတွင် ဩဇာလွှမ်းမိုးလာခဲ့သည့်အခါ NLD နှင့် အဆက်အသွယ် မရှိခြင်းက တရုတ်နိုင်ငံအတွက် အမြော်အမြင်ရှိသော သို့မဟုတ် လက်တွေ့ကျသော နည်းဗျူဟာတခု မဟုတ်တော့ပါ။ ထို့ကြောင့် တရုတ်နိုင်ငံက ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းလာခဲ့သည်။ ၂၀၁၁ ခုနှစ် မှစ၍ တာဝန်ထမ်းဆောင်ခဲ့သော သံအမတ်တိုင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို မှန်မှန်သွားရောက် တွေ့ဆုံခဲ့ကြသလို တရုတ်အစိုးရ အရာရှိများ၊ ပညာရှင်များ၊ စာနယ်ဇင်းသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များကလည်း ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ မကြာခဏဆိုသလို သွားရောက်ခဲ့ကြသည်။ ဆက်ဆံရေးတည် ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြောင်း ပြသနိုင်ရန် အတွက် တရုတ်အာဏာပိုင်များက NLD ကိုယ်စားလှယ်အဖွဲ့ အများအပြားကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။
ပုံမှန်ဆက်ဆံရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြု၍ ၎င်းတို့နှင့် အပြုသဘောဆောင်သည့် ကောင်းမွန်သော ဆက်ဆံရေး တည်ထောင်နိုင်ရန် လိုအပ်သော မူဝါဒများကို ချမှတ် ဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ မရေရာမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။ ၁၅ နှစ်မျှ နေအိမ်အကျယ်ချုပ်နှင့် နေထိုင်ခဲ့ရသည့် ကာလများအတွင်းတွင် တရုတ်နိုင်ငံက စစ်အစိုးရကို ထောက်ခံခဲ့သည့်အတွက် တရုတ်အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်က မကျေနပ်မှုများ ရှိနေနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသလို တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကို ယုံကြည်သူ တယောက်၊ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်တယောက်၊ အနောက် နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) နှင့် ရင်းနှီးသူတယောက် ဖြစ်နေခြင်းကြောင့် သူ၏ အနာဂတ်မူဝါဒများ၊ ရပ်တည်ချက်များက တရုတ်နိုင်ငံအတွက် နိမိတ်ပြခြင်းတခုလို ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ပိုင်ယုံကြည်မှုကြောင့် ဖြစ်စေ ဝတ္တရားအရဖြစ်စေ တရုတ်နိုင်ငံမှ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံနိုင်သည်ကို စိုးရိမ်နေကြသည်။ သူကဲ့သို့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များ ဖြစ်သည့် ဒလိုင်လားမားနှင့် လူ့အခွင့်အရေး လှုပ် ရှားတက်ကြွသူ လူရှောင်ဘို (Liu Xiaobo) တို့ကို စာနာထောက်ထားမည်ကို စိုးရိမ်ကြသည်။ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က အနောက်တိုင်းကို ထောက်ခံသူတယောက် ဖြစ်လာပြီး တရုတ်ဆန့်ကျင်ရေး မူဝါဒများ ဆောင်ရွက်လာမည်ကို သူတို့ စိုးရိမ် ကြပါသည်။
ပြီးခဲ့သည့် ၄ နှစ်ကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို သူသဘောပေါက်ကြောင်း ထိထိရောက်ရောက် ပြသနိုင်ခဲ့သည့် အသွင်ရှိပါသည်။ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို လုပ်ကိုင်မှုများက မှန်ကန်နေခဲ့ပါသည်။ တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများတွင်လည်း သူက ဂုဏ်သိက္ခာနှင့် လေးစားမှုကို ရယူနိုင်ခဲ့သည်။ နှစ်ဖက်တွေ့ဆုံမှုများနှင့် အများပြည်သူနှင့်ဆိုင်သည့် အခမ်းအနားများတွင်လည်း သူ နှင့် NLD ပါတီက တရုတ်နိုင်ငံနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံသည့် မူဝါဒကို အလေးထားကြောင်း၊ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် ကတိပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ မြန်မာလူထု အဖွဲ့အစည်းများနှင့် ဒေသခံများကို ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်ကြေးနီ သတ္တုတွင်းစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီက စီမံကိန်းကို ဖက်စပ်အနေဖြင့် ဆက်လက် ဆောင်ရွက်သွားရန် အတည်ပြုပေးခဲ့သည်။ တရုတ်နိုင်ငံက ဦးစားပေးသည့် အကြောင်းအရာများဖြစ်သော နယ်စပ်ဒေသမှ ပဋိပက္ခများနှင့် မြန်မာနိုင်ငံတလွှားမှ တရုတ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းများအတွက်မှာမူ ဒေါ်အောင်ဆန်းစုကြည်၏ အနေအထားက တရုတ်နိုင်ငံအတွက် လက်ခံနိုင်စရာ အချက်အနည်းဆုံး နိုင်ငံရေးသမား တယောက် ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အချိန်တွင် သူနှင့် တရုတ်နိုင်ငံကြားမှ ဆက်ဆံရေးပုံမှန် ဖြစ်လာရေးအတွက် အဆိုပါ အကြောင်းအရာများ အားလုံးကို ပေါင်းစပ် အဖြေရှာနိုင်ခဲ့ပြီး သူ၏ နိုင်ငံခြားရေးမူဝါဒနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများမှ အရေးကြီးသော ကွက်လပ်များကို ဖြည့်ဆည်းခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်အကျိုးစီးပွားအတွက် လက်တွဲဖော်များအဖြစ် အလုပ်လုပ်နိုင်ရန် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနှင့် သဘောတရားရေးရာ ကွဲပြားမှုများ ကိုဘေးဖယ်ထားနိုင်ကြောင်း နှစ်ဖက်လုံးက ပြသနိုင်ခဲ့ပုံရပါသည်။ ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ခြင်းက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒ ရင့်ကျက်လာခြင်းသာမက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသမားတယောက် အနေဖြင့် လက်တွေ့ကျခြင်းကိုလည်း ဖော်ပြနေပါသည်။
သမ္မတ ဦးသိန်းစိန် လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး
ဦးသိန်းစိန်၏ အစိုးရက ပြီးခဲ့သည့် ၅ နှစ် ကာလအတွင်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြား ဆက်ဆံရေးများတွင် အထင်ကြီးလောက်စရာ အောင်မြင်မှုများ ရရှိခဲ့သည်ကတော့ မငြင်းနိုင်ပါ။ သို့သော်လည်း များပြားလှသော ပြဿနာများ ဆက်တိုက်ဆိုသလို ပေါ်ထွက်နေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကိစ္စတွင် နှစ်နိုင်ငံဆက်ဆံရေးက ကောင်းမွန် တိုးတက်နေသည်ဟု နှစ်ဖက်လုံးက ပုံဖော်နေခဲ့သော်လည်း လက်တွေ့တွင်မူ တရုတ်-မြန်မာ ဆက်ဆံရေးက ပုံမှန်မဟုတ်ခဲ့ပါ။ မြန်မာအစိုးရက မြစ်ဆုံဆည် စီမံကိန်းကို ရပ်နားလိုက်သည့် ၂၀၁၁ခုနှစ် စက်တင်ဘာလ ကတည်းက ခက်ခဲသည့် အနေအထားတခုတွင် ရှိနေခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းရှိ ၎င်း၏ စီးပွားရေးစီမံကိန်းများ အခက်အခဲ ကြုံတွေ့နေရသည့်အတွက် မကျေမနပ် ဖြစ်ခဲ့ရပြီး စစ်အစိုးရအဖြစ်မှ ဒီမိုကရေစီ အမည်ခံအစိုးရအဖြစ် ပြောင်းလဲသွားချိန်တွင် ၎င်းတို့၏ ဆက်ဆံရေးအတွက် မျှတမှုမရှိဟု ခံစားနေခဲ့သည်။ သူ့ကိုယ်သူ မြန်မာနိုင်ငံမှ နိုင်ငံရေး အသွင်ကူးပြောင်းမှု၏ သားကောင်အဖြစ် မြင်နေသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ဆောင်ရွက်မှုများတွင် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာအစိုးရက တွန့်ဆုတ်နေခြင်းနှင့် နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် ပဋိပက္ခများတွင် တရုတ်ပိုင်နက်အတွင်းကို တိုက်ခိုက်ခဲ့ခြင်းများအပေါ် စိတ်ပျက်နေခဲ့သည်။
မြန်မာအစိုးရက တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံကြားတွင် ၎င်း၏ အနေအထားကို ချိန်ညှိခြင်းနှင့် ပတ်သက်၍ မရေရာ မသေချာမှုများ ရှိနေခြင်းကလည်း တရုတ်အစိုးရ၏ အမြင်တွင် နောက်ထပ် ပြဿနာတခုဖြစ်သည်။ မြန်မာနိုင်ငံက ဘက်မလိုက်ဝါဒကို ဆက်လက် ထိန်းသိမ်းထားမည် ဟု တရုတ်နိုင်ငံက ယုံကြည်ချင်သော်လည်း မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးတွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သော ဂျပန်ကဲ့သို့ နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု လျင်လျင်မြန်မြန် တိုးပွားလာနေခြင်းကလည်း တရုတ်နိုင်ငံ၏ ယုံကြည်မှုကို ကျဆင်းစေပြီး အားနည်းမှုကို ပိုခံစားရစေခဲ့ပါသည်။
အဆိုပါ ပြဿနာများနှင့် စိန်ခေါ်မှုများက ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒအပေါ် ခိုင်ခိုင်မာမာ သက်ရောက်စေခဲ့သည်။ တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက ၂၀၁၀-၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၁၃-၁၄ ခုနှစ်တွင် ဒေါ်လာ ၅၆ သန်းအထိ ကျဆင်းသွားခဲ့ရသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် ဒေါ်လာ ၅၁၆ သန်းနီးပါးသို့ ပြန်လည် ရောက်ရှိလာခဲ့သော်လည်း ယခင်ကနှင့် နှိုင်းစာလျှင် အလွန်နည်းပါးနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက် တည်ရှိနေပြီး ၂၀၁၃ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၂၅ ဘီလီယံအထိ ၁၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။
သို့သော်လည်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့မှုသည် ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ ပို့လွှတ်ပေးနေသည့် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတခုတည်းနှင့်ပင် ၄၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဖြစ်သည်။ မရေရာသည့် နိုင်ငံရေး အခြေအနေများ၏ ဖိအားအောက်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အရေးကိစ္စများတွင် ၎င်း၏ ဗျူဟာမြောက် အနေအထားကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်လာသည့်အတွက် တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ကိစ္စများတွင် ဝင်ရောက်စွတ်ဖက်ခဲ့သည်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းတချို့ကို တားဆီးခဲ့သည်ဟု မြန်မာအရာရှိအချို့က ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာသည် အထိ ဖြစ်ခဲ့ရသည်။
NLD ၏ တရုတ်ဆိုင်ရာ အနာဂတ်မူဝါဒ
၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ဦးသိန်းစိန် အစိုးရထံမှ အာဏာလွှဲပြောင်း ရယူသည့်အခါ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ပြဿနာ အများအပြားကိုလည်း အမွေဆက်ခံရတော့မည် ဖြစ်သည်။ သို့သော်လည်း NLD က ဦးဆောင်သည့် အစိုးရသစ် ပေါ်ပေါက် လာခြင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ကာလသစ်တခု စတင်လိုက်နိုင်မည့် အခွင့်အရေး တခုလည်း ဖြစ်သည်။ ဦးသိန်းစိန်၏ အစိုးရသည် ယခင်စစ်အစိုးရကဲ့သို့ တရုတ်နိုင်ငံအပေါ် မှီခိုသည်၊ ခရိုနီဆန်သော တရုတ်ကုမ္ပဏီများနှင့် ဆက်ဆံရေးရှိနေသည် အစရှိသဖြင့် ပြည်သူလူထု၏ အမြင်မကြည်လင်သည့် ပြဿနာများနှင့် အမြဲတမ်းရင်ဆိုင်နေခဲ့ရပြီး တရုတ်ဆန့်ကျင်ရေး သဘောထားများကိုလည်း တိုးလာစေခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် NLD က ပြည်တွင်းမှ အင်အားနှင့် အလုပ်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အသစ်အနေအထားမှ ပြန်လည်စတင်မည် ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည့် စီမံကိန်းများ အရေးကိစ္စများတွင် ဓမ္မဓိဋ္ဌာန်ကျမှုအပေါ် အခြေခံသည့် မူဝါဒ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည့် အနေအထားဖြစ်သည်။ တရုတ်နိုင်ငံနှင့် ကြောင်းကျိုးဆီလျော်စွာ ဆက်ဆံနိုင်သလို စိတ်ခံစားချက် သို့မဟုတ် သမိုင်းကြောင်းများမပါဘဲ လက်တွေ့ကိုအခြေခံ၍ ဖြစ်နိုင်ခြေ ရှိသည်များကို ပူးပေါင်း ဆောင်ရွက်သွားနိုင်လိမ့်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ က တရုတ်နိုင်ငံ၏ တောင်းဆိုမှုများကို လက်ခံလိမ့်မည် သို့မဟုတ် ငြင်းဆန်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အထူးခံစားခွင့်များ ပေးမည့်အစား မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ မျှတ၍ ပွင့်လင်းမြင်သာသော ဆုံးဖြတ်မှုများ ပြုလုပ်သွားဖို့က ပိုများနေပါသည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကနဦး ပြောကြားချက်များတွင်လည်း အနာဂတ်တွင် ထိုလမ်းကြောင်းအတိုင်းသာ သွားမည်ဆိုသည်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ဆင်ဟွာ (Xinhua) သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်နိုင်ငံကို မိတ်ဆွေအဖြစ် သဘောထားမည့် မူဝါဒကျင့်သုံးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူတို့၏ ယုံကြည်မှုကို ရရှိနိုင်မည့် ပုံစံအနေအထား ဖြစ်သင့်သည်ဟု အလေးအနက် ပြောခဲ့ပါသည်။ တရုတ်နိုင်ငံ၏ One Belt One Road (တခုတည်းသောရပ်ဝန်း၊ တခုတည်းသော လမ်းကြောင်း) အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့ကြောင်းနှင့် အားလုံး အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ထိုသို့ ပြောခဲ့ခြင်းကို တရုတ်နိုင်ငံကလည်း ကြိုဆိုခဲ့သည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံထံမှ အထူးအခွင့်အရေးမျိုးကို မျှော်လင့်နိုင်တော့မည် မဟုတ်သော်လည်း တန်းတူညီမျှစွာ ဆက်ဆံမှုကိုတော့ မျှော်လင့်နိုင်ပါသည်။
NLD အစိုးရအပေါ် တရုတ်၏ မူဝါဒ
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဩဇာလွှမ်းနိုင်မှုအပေါ် နှစ်သက်ကျေနပ်နေဆဲဖြစ်ပြီး အရေးပါသည့် အင်အားတခု သက်သက်ထက်လည်း ပိုပါသည်။ အမှန်တကယ်တွင်လည်း ၎င်း၏ တည်ရှိမှုနှင့် ဩဇာ လွှမ်းမိုးမှုက မြန်မာနိုင်ငံမှ လူတိုင်းအပေါ် သက်ရောက်နေနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရပြောင်းလဲ သွားခြင်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသည့် ဗျူဟာမြောက် ရည်ရွယ်ချက်များကို ပြောင်းလဲစေမည် မဟုတ်ပါ။ မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်ပေးမည့် စီမံကိန်းများနှင့် ၎င်း၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအပေါ် ဖိအားပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ တည်ငြိမ်အေးချမ်းသော နယ်စပ်တခု လိုအပ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင်နေဆဲဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံက NLD အစိုးရနှင့် ၎င်းတို့၏ ဆက်ဆံရေးကို မိတ်ဆွေများအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ကြောင်း ပြသခြင်း စတင်ပါလိမ့်မည်။ အစိုးရသစ်၏ ဦးစားပေး ရည်ရွယ်ချက်များ အထမြောက်စေရန်အတွက် ငွေကြေး၊ အကူအညီပေးရေး စီမံကိန်းများနှင့် ငြိမ်းချမ်းရေးအတွက် အကူအညီများ ပေးခြင်းများပင် ပြုလုပ်လာနိုင်ဖွယ် ရှိနေပါသည်။ သို့ရာတွင် ၆ လမှ ၁၂ လ ကာလအတွင်းတွင် တရုတ်နိုင်ငံက ၎င်းအတွက် အရေးကြီးသော အကြောင်း ကိစ္စများနှင့် ပတ်သက်၍ တုံ့ပြန်မှုပေးရန် တောင်းဆိုလာနိုင်ဖွယ်ရာလည်း ရှိနေပါသည်။ ၎င်းတို့ထဲတွင် ဆိုင်းငံ့ထားသည့် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ အပြီးသတ် ဖြေရှင်းပေးရန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရေရာသော ဆုံးဖြတ်ချက် ချပေးရန်တို့အပြင် တရုတ်-မြန်မာ အဝေးပြေးလမ်းများနှင့် ဧရာဝတီ မြစ်ကြောင်းမှတဆင့် ကုန်စည် ပို့ဆောင်မှုကို ပူးပေါင်းဆောင်ရွက်ရန် ကဲ့သို့သော One Belt and One Road စီမံကိန်းများအတွက် သဘောတူညီချက်များ ပေးရန်တို့လည်း ပါဝင်လာမည်ဖြစ်သည်။
တရုတ်နိုင်ငံက တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေမည် ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံ နယ်စပ်တလျှောက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်သည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ရန်ရှိနေပြီး လေ့လာစောင့်ကြည့်သူ အမြောက်အမြား ကလည်း သူ၏ နောက်ခံအနေအထားနှင့် လူကြိုက်များမှုက ငြိမ်းချမ်းရေးလုပ်ငန်းတွင် လူနည်းစု တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပိုမို ရရှိနိုင်လိမ့်မည်၊ ထို့ကြောင့် ထွက်ပေါက်မရှိဘဲ ပိတ်နေရာမှ လမ်းစပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းပြီး ညီညွတ်မှုရှိလာခြင်းက တရုတ်နယ်စပ်၏ အကျိုးစီးပွားကို ကျယ်ပြန့်လာစေလိမ့်မည် ဆိုခြင်းကို တရုတ်နိုင်ငံက ကောင်းကောင်း နားလည်ထားပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခများ စတင်လာသည့် အချိန်ကတည်းက တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာ အစီအစဉ်များ ပိတ်ဆို့ သွားခဲ့ရသည်ကို လတ်တလောတွင်ပင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများနှင့် နားလည်မှုရရှိ၍ ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်ခဲ့ မည်ဆိုလျှင် တရုတ်နိုင်ငံက နှောင့်ယှက်ဖွယ်ရာ မရှိပါ။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုအတွက် ကမ်းလှမ်းမှု အများအပြား ပြုလုပ်ခဲ့လျှင် ငြိမ်းချမ်းရေးအတွက်လည်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များမှာ ညှိနှိုင်းရဦးမည် ဖြစ်သော်လည်း အထက်တွင်ဖော်ပြထားခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက တောင်းဆိုလာပါလိမ့်မည်။ NLD အစိုးရက အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် အလုပ်လုပ်သည့် အချိန်တွင် တရုတ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို လေးစားရန်လည်း တရုတ်နိုင်ငံက ဆန္ဒရှိပါလိမ့်မည်။ ဟန်ချက်ညီမျှသော သံတမန်ရေးရာက လုပ်ရသည်ထက် ပြောရသည်က ပိုလွယ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများနှင့် ချောမွေ့သော ဆက်ဆံရေး အမြဲတမ်း ရှိမနေခဲ့သည့်တိုင် ရှင်းလင်းသည့် အလယ်အလတ် ချဉ်းကပ်မှုမျိုး မဟုတ်ခဲ့လျှင် တရုတ်အစိုးရက ပြင်းပြင်ထန်ထန် တုံ့ပြန်ဖွယ်ရာ ရှိနေသည်။ အမှန်တကယ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အယူအဆများနှင့် အနောက်နိုင်ငံများနှင့် သူ၏ ဆက်ဆံရေးနှင့် ပတ်သက်သော မရေရာမှုများနှင့် သံသယများက ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပိုမိုပြင်းထန်သော တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများကို အရှိန်မြင့်စေနိုင်ပါသည်။ အနာဂတ် NLD အစိုးရအနေဖြင့် ထိုအမြင်ကို အထူးသတိထားရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် တရုတ်နိုင်ငံက ကြံ့ခိုင်ရေးပါတီ (USDP)၊ စစ်တပ်နှင့် ခရိုနီများ အပါအဝင် အခြားသော နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို စွန့်လွှတ်ရန် မမျှော်လင့်သင့်ပါ။ နောက်ဆုံးဆိုရလျှင် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးက မည်သူ့အတွက်မျှ အပြည့်အဝသေချာခြင်း မရှိပါ။ ထို့ကြောင့်လည်း တရုတ်နိုင်ငံ အနေဖြင့် အလားအလာရှိသည့် အဖွဲ့အစည်းအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားလိမ့်မည် ဖြစ်သည်။ အခြားနေရာများနှင့် မြန်မာနိုင်ငံအတွင်းမှ ရရှိခဲ့ သော သင်ခန်းစာများက တရုတ်နိုင်ငံအတွက် တန်ဖိုးကြီးမားကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်သဖြင့် တရုတ် အနေဖြင့် အလားတူအမှားမျိုးကို ထပ်မံကျူးလွန်ဖွယ်ရာ မရှိပါ။
နိဂုံးချုပ် သုံးသပ်ချက်
စစ်အစိုးရနှင့် မညီမျှသည့် ပတ်သက်မှုများ နှစ် ၂၀ ခန့် ရှိခဲ့ပြီး ဦးသိန်းစိန် အစိုးရ၏ ပုံမှန်မဟုတ်သည့် ပြင်ဆင် တည့်မတ်မှုများနှင့် ၅ နှစ်ကြာ ကြုံခဲ့ရသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ယခုအခါ သူတို့၏ ဆက်ဆံရေးကို အမှန်တကယ် ပုံမှန်ဖြစ်စေမည့် အခွင့်အလမ်းကောင်းနှင့်အတူ သမိုင်းဝင် အနေအထားတခုတွင် ရောက်ရှိနေကြမည် ဖြစ်သည်။ ထိုကြောင့် နိုင်ငံရေး အမြော်အမြင်၊ သတ္တိနှင့် နှစ်ဖက်အစိုးရတို့၏ ဦးဆောင်မှုတို့ အထူးပင် လိုအပ်ပါသည်။ မိမိတို့ လိုအပ်သမျှကိုတော့ နှစ်ဖက်လုံး ရရှိလိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဖက်လုံး အကျိုးအမြတ် ရရှိလိမ့်မည်ဖြစ်သည်။ NLD အစိုးရက ပြည်သူများ၏ ဆန္ဒကို ပိုမိုတုံ့ပြန်ပေးလိမ့်မည် ဆိုသည်ကို တရုတ်နိုင်ငံအနေဖြင့် နားလည်ထားသင့်သည်။ မြန်မာနိုင်ငံမှ နိုင်ငံရေး အခြေအနေသစ်၏ အမှန်တရားကို လက်ခံသင့်သည်။ NLD အစိုးရအနေဖြင့်လည်း ၎င်းတို့၏ မူဝါဒများအတွက် လူထု၏ ထောက်ခံမှုမှ အမြင့်ဆုံးခွန်အားကို ရယူထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံက အကျပ်ကိုင်ခြင်း သို့မဟုတ် စီးပွားရေးအရ သွေးဆောင် ဖြားယောင်းခြင်းများဖြင့် ချေဖျက်လာနိုင်သောကြောင့် ဖြစ်ပါသည်။
(ယွန်ဆန် (Yun Sun) ၏ A New Era for China-Myanmar Relations? ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ ယွန်ဆန် သည် အမေရိကန် နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် Henry L. Stimson စင်တာမှ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်သည်။ Brookings Institution မှ ပြင်ပ ပညာရှင်တဦးလည်း ဖြစ်သည်။)