ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ လျှော့ချရေးနှင့် ထိန်းသိမ်းရေး ကို ဦးတည်ချက်ထား၍ ဆွေးနွေးသွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)က ပြောသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန(MPC)တွင် ကျင်းပသည့် UPDJC အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးတွင် ထိုသို့ဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးမျိုးဝင်းက“တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ လျှော့ချနိုင်ဖို့ ထိန်းသိမ်းနိုင်ဖို့ကို အခု ပထမ အကြိမ်ရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်အဖြစ် ထားပြီး သွားမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတလျှောက် အထောက်အကူ ပြုနိုင်အောင် ပေါ့”ဟုလည်း ပြောဆိုသည်။
ပထမကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ညီလာခံတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် ၈ ဖွဲ့တို့က အဓိက ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။
ယခု ပြုလုပ်မည့် ၅ ရက်တာ ထိုညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ကဏ္ဍကြီး ၅ ရပ်အဖြစ် ချမှတ်ကာ အဓိက ဆွေးနွေးမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ် မည် မဟုတ်ဟု ဆိုသည်။
နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ် ထူထောင်ရေးကို အခြေခံမည့် မူဝါဒ ချမှတ်ခြင်း၊ စီးပွားရေးကဏ္ဍတွင် အခွန် ကောက်ခံ၍ ခွဲဝေ သုံးစွဲခြင်း၊ လူမှုရေးကဏ္ဍတွင် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပြည်ပရောက် ဒုက္ခသည် ခိုလှုံထားသူများ ပြန်လည်နေရာ ချထား ရေး၊ လုံခြုံရေးကဏ္ဍတွင် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် အခြေခံသင့်သည့် မူဝါဒများ ချမှတ်ရန် ဆွေးနွေးခြင်း၊ မြေယာနှင့် သဘာ၀ သယံဇာတ ကဏ္ဍတွင် သယံဇာတများ ခွဲဝေသုံးစွဲရေး ကိစ္စများကို ဆွေးနွေးမည်ဟု သိရသည်။
နိုင်ငံရေးပါတီ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က“ညီလာခံ ပထမရက် ၂ ရက်လောက်က ဖွင့်ပွဲနဲ့ ညီလာခံမှာ လုပ်ငန်းစဉ်တွေ အကျဉ်းချုံး တင်ပြမယ်။ မူဘောင်တွေ တင်ပြမယ်။ ညီလာခံ စည်းမျဉ်း စည်းကမ်းတွေကို ဖတ်မယ်။ နောက် ၃ ရက်မြောက်နဲ့ ၄ ရက်မြောက်မှာ စဆွေးနွေး ဖြစ်ပါမယ်”ဟု ပြောသည်။
ညီလာခံသို့ လေ့လာသူများအဖြစ် တက်ရောက်ရန် NCA လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို ဖိတ်ကြားသွားမည်ဟု သိရသည်။
လက်မှတ်မထိုးထားသည့် အဖွဲ့များကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အ မျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/ SSA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရက္ခိုင့်တပ်မတော်(AA)တို့နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ညီလာခံသို့ တက်ရောက်ရန် ဆုံးဖြတ်ထားခြင်း မရှိဘဲ ဖိတ်ကြားမှသာလျှင် စဉ်းစားသွားမည်ဟု သိရ သည်။
လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) ၊ ရခိုင် အမျိုးသား ကောင်စီ(ANC)နှင့် “ဝ” အမျိုးသား အဖွဲ့ချုပ်(WNO)တို့ကိုမူ NCA လက်မှတ် မထိုးထားသော်လည်း အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲသို့ တိုက်ရိုက် တက်ရောက်ခွင့်ပြုထားသည်။
ညီလာခံတွင် ဆွေးနွေးမည့် အသေးစိတ်အကြောင်းအရာများကို ၄၈ ဦးပါ UPDJC အတွင်းရေးမှူးအဖွဲ့က နေပြည်တော်တွင် ဇန်နဝါရီလ ၉ ရက်မှ ၁၀ ရက်အထိ အစည်းအဝေးပြုလုပ်၍ ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။
ညီလာခံတွင် ဆွေးနွေးသူများအဖြစ် သတ်မှတ်ထားသည့်အတိုင်း အစိုးရ အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၈ ဖွဲ့ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စားလှယ် ၅၀၊ ဖိတ်ကြားသင့်သူ ၅၀ တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။