ချင်းပြည်နယ် ဟားခါးမြို့နယ်၌ မြေပြိုကျမှုကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူ ၁၃၀၀ ခန့်က နေထိုင် စရာ မြေကွက်များ အမြန်ချထားပေးရန် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များက ဟားခါးမြို့တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆို ကြောင်း သတင်း ရရှိသည်။
မိုးရာသီ မကျရောက်မီ လူနေအိမ်များအပြီး တည်ဆောက်နိုင်ရန်အတွက် မြေကွက်များ အမြန်ချထားပေးရန် ချင်းပြည်နယ် အစိုးရ အဖွဲ့ထံ တင်ပြ တောင်းဆိုထားကြောင်း ဟားခါးလေး ဒုက္ခသည်စခန်းမှ ဦးတင်ပန်းက ဧရာဝတီသို့ ပြောသည်။
ဦးတင်ပန်းက“အစိုးရ ဆောက်ပေးတဲ့ဟာနဲ့ မိမိဘာသာ ဆောက်မယ့်သူရော အိမ်ငှားသူတွေ အတွက်ပါ မြေကွက် နေရာချပေးဖို့ တောင်းဆိုတာပါ။ ဒုက္ခသည်တွေ အားလုံးမျှတအောင် အမြန်ဆုံး ကိုယ့်ယာ ကိုယ့်ခြံလေးနဲ့ ကိုယ်တတ်နိုင်သလို တဲထိုးပြီးတော့ နေ ဖို့ ပြောင်းရွှေ့နေနိုင်ဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု ပြောပြသည်။
ဒုက္ခသည်စခန်းတွင် ခိုလှုံသည့် ဒုက္ခသည်များသည် ချင်းပြည်နယ် အစိုးရထံ ရပ်ကွက်အလိုက် ဒုက္ခသည်များ တစုတစည်း နေထိုင် နိုင်ရန်၊ ဒုက္ခသည်များ နေထိုင်သည့် လမ်း၊ ရေမြောင်း ကောင်းမွန်စွာ ပြုလုပ်ပေးရန်၊ အိမ်ငှားများကိုလည်း မြေကွက်ချပေးရန် တောင်း ဆို ထားကြောင်း သိရသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျွန်ခဲန်းကလည်း ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် အတွင်း ကြုံတွေ့ခဲ့ရသည့် မြေပြိုမှုများကြောင့် ဖလမ်းမြို့နယ်၌ စံပြကျေးရွာတခု တည်ဆောင်ပေးရန် အမျိုးသား လွှတ်တော်တွင် ယနေ့ တောင်းဆိုခဲ့ရာ အစိုးရက ပယ်ချခဲ့သည်။
ဟားခါးမြို့တွင် ဇူလိုင်၂၄ ရက်မှစ၍ မြေပြိုမှုများကြောင့် မြို့ဟောင်း၊ ဈေးဟောင်း၊ ပြည်တော်သာ၊ ဈေးသစ်၊ ကျောဘုတ်နှင့် မြို့သစ် ရပ်ကွက်များမှ နေအိမ်အလုံးပေါင်း ၆၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အများစုသည် ဟားခါးမြို့ဟောင်းမှ ဖြစ်ကြောင်း သိရ သည်။