ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာသား ကလေးငယ် ၃ ဦးကို ခိုးယူခေါ်ဆောင်သွားသည် ဆိုသော အာကာဟိန်း(ခ) သီဟနိုင်အား ဖမ်းဆီးရမိထားကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောသည်။
ထို အာကာဟိန်း(ခ) သီဟနိုင်၏ နောက်ကွယ်တွင် အပေါင်းအပါ၊အဖွဲ့များ ရှိ မရှိနှင့် ပတ်သက်၍လည်း ဆက်လက်စစ်ဆေးနေကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စောမြင့်ဇော်က ဧရာဝတီကို ပြောပြသည်။
“တရားခံဖြစ်သူ ပြောတာကတော့ ကလေးတွေကိုချစ်လို့ ခေါ်ထားတာလို့ ပြောပါတယ်။ သူ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆို တာ ကိုတော့ ကျနော်တို့ဖော်ထုတ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒုရဲအုပ် စောမြင့်ဇော် က ဆိုသည်။
အသက် ၂၁ နှစ် အရွယ်ရှိ အာကာဟိန်း(ခ) သီဟနိုင်သည် ကချင်-ဗမာ လူမျိုး ဖြစ်ပြီး ကွန်လုံ ကျေးရွာတွင်နေထိုင်သူ ဖြစ်ကြောင်း၊ ကျပန်းအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်းလည်း ရဲမှတ်တမ်း အရ သိရသည်။
ကလေးများကို ၅ ညအိပ် ၆ ရက်မြောက်သည်အထိ အာကာဟိန်းက တောထဲတွင် ခေါ်ဆောင်ထားကြောင်း၊ ကလေးများက ပြန် မည် ဟုပြောဆိုသည့်အခါ မိမိကိုယ်ကို သတ်သေလိုက်မည်ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ကလေးငယ်များက ကြောက်လန့်ပြီး အိမ်မပြန်ရဲခြင်း ဖြစ်ကြောင်း၊ ကလေးငယ်များကို တရားခံက ပြောင်းဖူးများ မီးဖုတ်ကျွေးခြင်း၊ စားတော်ပဲများ ရှာဖွေကျွေးခြင်း ပြုလုပ် ခဲ့ကြောင်း ကလေးများ၏ ပြန်လည်ပြောပြမှုကို ကိုးကားပြီး ဒုရဲအုပ် စောမြင့်ဇော်က ပြောသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီခန့်က တောင်ကြီးမြို့နယ် ကွန်လုံ ကျေးရွာအုပ်စု ရေပူ ကျေးရွာ ဒေသခံ ပဉ္စမ တန်း ကျောင်းသား မောင်အောင်နိုင်ဟိန်း၊ ဒုတိယတန်း ကျောင်းသား မောင်ဇေယျာထွန်းနှင့် ပထမတန်း ကျောင်းသား မောင်သန့်ဇင်အောင်တို့ ၃ ဦးသည် ရေပူရွာ၏ အရှေ့ဘက်ရှိ လယ်ကွင်းပြင်သို့ ငှက်ပစ်ထွက်သွားရာမှ ည ၈ နာရီ ကျော်သည်အထိ ပြန် ရောက် မလာသည့်အတွက် မိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ကြကြောင်း၊ ထို့သို့ရှာဖွေသော် လည်း မတွေ့ရှိသဖြင့် ကလေးငယ် မိဘများက ဇန်နဝါရီလ ၁ ရက်တွင် ရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကလေးများကို ရဲတပ်ဖွဲ့ အကူအညီဖြင့် လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၄ ရက် ညနေပိုင်းတွင် ကွန်လုံကျေးရွာ အုပ်စု၊ ဘန်းကန်ကျေးရွာ၏ အနောက်ဘက်ရှိ အော်ရေးရှားတော၏ အရှေ့ဘက်တွင် ကလေးငယ် ၃ ဦးကို တွေ့ရှိခဲ့ပြီး ကလေးငယ်များ၏ ပြန်လည်ပြောကြားမှုဖြင့် အာကာဟိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောပြသည်။
ဖမ်းဆီးရမိထားသည့် အာကာဟိန်းကို ရွှေညောင်နယ်မြေ ရဲစခန်းက (ပ) ၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၃ ဖြင့် အရေးယူထားပြီး ဆက်လက် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်လည်း ကလေး ၇ ဦးကို ခိုးယူခေါ်ဆောင်သွားစဉ် ဖမ်း မိ သည်ဆိုသော သတင်းနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်တွင် ကလေးခိုးခံရသည်ဆိုသည့်အမှု၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘုရားချောင်းအုပ်စု မအူချောင်းရွာတွင် ကလေးခိုးခံရသည်ဆိုသည့်အမှု၊ မကွေးမြို့တွင် ကလေးခိုးခံရသည်ဆိုသည့် အမှု သတင်းများနှင့်အတူ ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကလေးခိုးခံရသည်ဆိုသည့် ကောလာဟလသတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေ သဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဟောပြောမှုများ ပြုလုပ်နေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။