ရိုးမကုမ္ပဏီ အုပ်စု(Yoma Strategic Holdings) က လုပ်ကိုင်ခွင့် ရရှိထားသည့် မြန်မာ့မီးရထားရုံးချုပ်ဟောင်း မြေနေရာဝန်းအား ယခင်ငှားရမ်းထား သည့်သက်တမ်း ထပ်မံတိုးရန်အတွက် ရိုးမကုမ္ပဏီ အုပ်စုနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားတို့ သဘောတူမှုစာချုပ် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ယင်းသက်တမ်း တိုးမှုကို နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဥပဒေ ပါ အချက်များ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း သက်တမ်းတိုးနှစ်ကိုမှု မသိရှိရသေးပေ။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ရိုးမကုမ္ပဏီအုပ်စု တို့သည် အဆိုပါ မြေနေရာကို ၁၉၉၈ ခုနှစ်မှစ၍ ကနဦး နှစ် ၅၀ ငှားရမ်းခွင့် ရထားရာမှ ယခုအခါ ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်ပြီး မြေဧက ၁၀ ဧကတွင် မြေနေရာ ၁ နှင့် မြေနေရာ ၂ ဟူ၍ မြေငှားသက်တမ်းတိုး စာချုပ် ၂ ခု ခွကာ စီမံကိန်းများ အကောင်အထည် ဖော်သွားမည်ဟု သိရသည်။
Yoma Strategic Holdings က ထိုမြေနေရာ ၂ ခုတွင် အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့်ဟိုတယ် ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက်ဟူ၍ နှစ်ပိုင်းခွဲကာ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊ ယခု သဘောတူညီမှု စာချုပ်အပြီး ၃ လအတွင်း အပြီး လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်းလည်း ရိုးမအုပ်စုက ဇန်နဝါရီ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ထိုမြေနေရာဝန်းကို “Land Mark Project”ဟု အမည်ပေးထားပြီး ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ ယခင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းအား ရှေးမူ မပျက် ထိန်းသိမ်း၍ ကြယ်ငါးပွင့်အဆင့် ဟိုတယ် တည်ဆောက်မည့် Yangon Peninsula Hotel စီမံကိန်း၊ အဆင့်မြင့် လူနေတိုက်ခန်းများ၊ ဟိုတယ်နှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာရုံးခန်းများလည်း ပါဝင်မည်ဟု ဆိုသည်။
ယခုအကောင်အထည်ဖော်ရန် သဘောတူညီမှု လက်မှတ်ထိုးလိုက်သော Land Mark စီမံကိန်းတွင် လက်တွဲလုပ်ဖော် ကိုင်ဖက်များအဖြစ် ဟောင်ဟောင်နှင့် ရှန်ဟိုင်းဟိုတယ် The Hongkong and Shanghai Hotels Limited၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီ အိမ်ခြံမြေ တို့လည်း ပါဝင်နေကြောင်း သိရသည်။
ရိုးမအုပ်စု (Yoma Strategic Holdings) ၏ ယခုဖွံ့ဖြိုးရေး စီမံကိန်းများတွင် နိုင်ငံတကာငွေကြေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(IFC) နှင့်လည်း ပါဝင်ပတ်သက်လျက်ရှိပြီး ယခုလက်မှတ်ရေးထိုးမှုတွင် IFC ၏ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ရိုးမအုပ်စု၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ကမ္ဘာ့ဘဏ်၏ အခွဲတခုဖြစ်သော IFC သည် ရိုးမအုပ်စုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် ချေးငွေများ ချေးခဲ့မှုနှင့် ပတ်သက်ပြီး သဘောတူ ထုတ်ချေးမှုများရှိခဲ့သည့်အပေါ် အမေရိကန် အခြေစိုက် US Campaign for Burma အဖွဲ့က IFC ၏ မြန်မာနိုင်ငံအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေးဟူသည့် ချေးငွေများအား ထုတ်ချေးကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် အမှန် တကယ် ဆင်းရဲမွဲတေမှု လှျှော့ချရေးအတွက် ထိရောက်မှု မရှိဟု ထောက်ပြ ဝေဖန် ပြောဆိုခဲ့သည်။