ရှမ်းပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ စစ်ရေး စောင့်ကြည့်မှု ကော်မတီ တရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ကိုယ်စားလှယ်များက ရှမ်းပြည်နယ် ခိုလမ်မြို့ရှိ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်၍ ရှမ်းပြည်နယ် JMC ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းသွားမည်ဟု သိရသည်။
JMC ပြည်ထောင်စုအဆင့်၏ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက“ခိုလမ်မြို့ကို နောက်တရက်၊ နှစ်ရက်မှာ သွားမှာပါ။ ၉ ရက် နေ့ နဲ့ ၁၀ ရက်နေ့ တရက်ရက် ဖြစ်ပါလိမ့်မယ်”ဟု ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် JMC ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းမည့်အကြောင်းကို ဇန်နဝါရီလ ၇ ရက် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင်ကျင်းပသည့် တတိယအကြိမ် JMC ဆွေးနွေးပွဲအပြီးတွင် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဧရာဝတီ ကို ပြောဆိုလိုက် ခြင်း ဖြစ်သည်။
JMC ပြည်ထောင်စုအဆင့်သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့အကြား ပြန်လည် ပစ်ခတ်မှုများ မဖြစ်ပွားစေရေး စောင့်ကြည့်ရန် ဖွဲ့စည်းထားသည့် စစ်ရေးကော်မတီ တရပ် ဖြစ်သည်။
အဆိုပါ ကော်မတီတွင် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
JMC သည် NCA စာချုပ်အရ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်ဟူ၍ သုံးဆင့် ဖွဲ့စည်းပြီး အပစ်အခတ်များ ပြန်လည် မဖြစ်ပွားရေးကို စောင့်ကြည့်ရမည် ဖြစ်သည်။
ရှမ်းပြည်နယ်တွင်ဖွဲ့စည်းရန် ပထမဦးဆုံး ရွေးချယ်လိုက်ရခြင်းသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်စခန်းများကို တပ်မတော်မှ လာရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်ချုပ် စော အိုင်းဇက်ဖိုး က ပြောသည်။
ရှမ်းပြည်နယ်အတွင်း “ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ”ဖွဲ့စည်းရာတွင် ပါဝင်ဆွေးနွေးရန် JMC ပြည်ထောင်စု အဆင့် ကော်မတီ မှ ကိုယ်စားလှယ် ၃ ဦး (သို့) ၄ ဦး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ RCSS မှ တာဝန်ရှိသူများနှင့် ရှမ်းတိုင်းရင်းသားနယ်မြေခံ အသိသက်သေများ ပါဝင်မည်ဟုလည်း သိရသည်။
JMC ပြည်ထောင်စုအဆင့် ကော်မတီမှ ပါဝင်မည့် ကိုယ်စားလှယ် ၃ ဦး(သို့) ၄ ဦးကိုမူ ဇန်နဝါရီလ ၈ ရက် JMC အစည်းအဝေးတွင် ရွေးချယ်သွားမည်ဟု ဆိုသည်။
JMC ပြည်ထောင်စုအဆင့် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကိုကိုကြီးက“ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီတရပ် ဖြစ်လာပြီ ဆိုရင် အဲ့ဒီဒေသမှာ လောလောဆယ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြား ထိတွေ့မှုတွေကို စောင့်ကြည့် တာတွေ ထိန်းညှိတာတွေ ထိန်းကျောင်းတာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ဦးကိုကိုကြီးက ခိုလမ်မြို့တွင် ဆွေးနွေးပြီးပါက အပြန်အလှန်ပစ်ခတ်မှု မဖြစ်ပွားစေရန် နှစ်ဖက်တပ်များ လိုက်နာ ရမည့် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ၏ အသေးစိတ် အချက်အလက်များကို ချမှတ်သွားမည်ဖြစ်ပြီး အောက်ခြေ တပ်များနှင့် ပြည်သူများကိုလည်း ထုတ်ပြန်ကြေညာခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဟုလည်း ပြောသည်။
ရှမ်းပြည်နယ်တွင် ဖွဲ့စည်းပြီးပါက NCA လက်မှတ်ထိုးထားသည့် ကရင်ပြည်နယ်၊ ချင်းပြည်နယ် တို့တွင်လည်း သက်ဆိုင်ရာ တပ်မတော်ဌာနချုပ် တာဝန်ရှိသူများနှင့် JMC ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အသီးသီးကို ဖွဲ့စည်းသွားမည် ဟုလည်း သိရသည်။
အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်ငြိမ်း ချမ်းရေး ကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ ပအို့ဝ် အမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရခိုင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ALP) ၊ RCSS/SSA နှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ဖြစ်သည်။
အဆိုပါ ၈ ဖွဲ့မှာ JMC အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲကော်မတီ (UPDJC )ကိုလည်း အစိုးရနှင့် ဖွဲ့စည်း ထားပြီး ဇန်နဝါရီလ ၁၂ ရက်တွင် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။