တရားခံများကို ဖမ်းဆီးရာ၌ လူ့အခွင့်အရေးနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းနိုင်သည့် နည်းလမ်းများကို ဥရောပသမဂ္ဂ (EU) က ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရဲအရာရှိများကို ၂ ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ရဲအရာရှိများအား တိုင်းရဲတပ်ဖွဲ့မှူးရုံး အစီအစဉ်ဖြင့် EU က ၂ ပတ်ကြာ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ကျော်အေးက ဧရာဝတီကို ပြောသည်။
“လူ့အခွင့်အရေးနဲ့ ကိုက်ညီတဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့ နည်းလမ်းတွေကို သင်ကြားပေးတာ ဒါပထမဆုံးပါပဲ။ ယခင်တုန်းကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံဖမ်းဆီးရာမှာ အလျဉ်းသင့်သလို ဖမ်းဆီးခဲ့ရပါတယ်။ အခုကျတော့ စနစ်တကျ ဖမ်းဆီးတဲ့အခါမှာ တဖက်စွန်း မရောက်တော့ဘူး။ နည်းစနစ် ကျကျနဲ့ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်နိုင်တော့မှာပါ”ဟု ဒုရဲမှူးကြီး ကျော်အေး က ပြောပြသည်။
ယခုပို့ချသည့် သင်တန်းကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး၌ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ ဇန်ဝါရီလ ပထမပတ်အထိ ၂ ပတ်ကြာ ပြုလုပ်ခဲ့ပြီး ထိုဆင့်ပွားနည်းပြသင်တန်း အောင်မြင်ခဲ့သည့် ရဲအရာရှိ ၃၀ က သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များကို လက်ဆင့်ကမ်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
EU က မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ ရဲအရာရှိများကို ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်သို့ခေါ်ယူပြီး နည်းပြသင်တန်းများ ပေးခဲ့ပြီးနောက် အဆိုပါ နည်းပြများကတဆင့် ဧရာဝတီတိုင်း မြို့နယ် အသီးသီးရှိ နယ်ထိန်းခေါင်း ဆောင် ရဲအရာရှိ ၃၀ ကို ဆင့်ပွားသင်တန်းအဖြစ် ထပ်မံလာရောက်ပို့ချခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာတွင် အဓိကကျသော ပြုပြင်ပြောင်းလဲရေး တခုဖြစ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လူစုလူဝေး စနစ်တကျထိန်းသိမ်းမှု သင်တန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်မြို့တွင် EU က စတင်ပို့ချခဲ့သည်။
ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် သင်တန်းပို့ချခြင်း စီမံချက်ကို ၂၀၁၅ ခုနှစ် မတ်လအထိ ဆက်လက် ဆောင် ရွက်မည်ဖြစ်ကြောင်းနှင့် ထိုစီမံကိန်းအတွက် ငွေကြေး ယူရို ၁၀ သန်းကို သုံးစွဲမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း ၈ တွင် ပြုလုပ်သည့် EU ၏ လူစုလူဝေး စနစ် တကျ ထိန်းသိမ်းမှုသင်တန်းနှင့် နိုင်ငံသားများ၏ ဒီမိုကရက်တစ် အခွင့်အရေးများအား အလေးထား လေးစားလိုက်နာရန် အထူးဂရုပြုသည့် အစီအစဉ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ရိုလန်ကိုဘီယာက ပြောဆိုခဲ့ခြင်း ဖြစ် သည်။