ကချင်ပြည်နယ်ရှိ မျိုးဆက်လူငယ်များ မူးယစ်ကျေးကျွန်မှ လွတ်မြောက်ရန်နှင့် ပြည်နယ်တဝန်းရှိ ဘိန်းစိုက်ခင်းများ ပပျောက်ရေး အတွက် ကချင်ပြည်သူများက ယခုလမှ စတင်၍ ကိုယ်ထူကိုယ်ထ တိုက်ဖျက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အဓိက တိုက်ဖျက်မှုများ လုပ်ဆောင်နေသည့် ဘိန်းစိုက်ခင်းများရှိရာ ဒေသများမှာ ကန်ပိုက်တီး၊ တနိုင်းဒေသ ဟူးကောင်းချိုင့်ဝှမ်း၊ ဆွမ်ပရာဘွန်၊ ပူတာအို၊ ချီဖွေ၊ ပန်ဝါ တို့ ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ဦးအင်ခွမ်ထန်ဂွန်း က ပြောသည်။
“ဘိန်းခင်းတွေကို ကျနော်တို့က မဖျက်ဘူးဆိုရင် ဘိန်းခင်းကနေ ထွက်လာမယ့် ဘိန်းတွေက မြို့ပေါ် ကျေးရွာတွေဆီ ရောက်လာ မယ်။ ဒါကြောင့် ကျနော်တို့က ပင်ရင်းတွေကို မဖျက်နိုင်ဘူးဆိုရင် ဒီမြို့ပေါ်က လူငယ်တွေ မျိုးဆက်သစ်တွေ မူးယစ်ကျေးကျွန် ထပ်ဖြစ်မယ်။ ဒါကိုကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ”ဟု ဦးအင်ခွမ်ထန်ဂွန်းက ဆိုသည်။
ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် နေရာအများစုသည် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များရှိသည့် နေရာများဖြစ်သည်ဟု လည်း ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်မှ စတင်ပြီး ပူတာအိုမြို့နယ်နှင့် မချမ်းဘော မြို့နယ်ရှိ ဘိန်းစိုက်ခင်းဧက ၁၀၀ ကျော်ကို ပြည်သူလူထု ၇၀၀ ခန့်က ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဘိန်းခင်းဖျက်ဆီးမှု အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်အထိ ကချင်ပြည်နယ်အနှံ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအင်ခွမ်ထန်ဂွန်းက ပြောသည်။
ဘိန်းခင်းများ ဖျက်ဆီးသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း ဘိန်းဖြတ်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အညိုရောင် နယ်မြေများတွင် ဘိန်းခင်းဖျက်ဆီးမှုများကို အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောပြသည်။
“ကျနော်တို့ အဖွဲ့က ဟူးကောင်းချိုင့်ဝှမ်းဘက်က ဘိန်းစိုက်ခင်းတွေကို ၁၁ ရက်မှာ စတင်လုပ်မှာပါ။ ဒေသခံ ၁၀၀ ကျော် သွားပါမယ်။ ဟူးကောင်းက အရမ်းကျယ်ပြန့်တာ၊ ဘယ်လောက်ဖျက်မယ်ဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့ လှုပ်ရှားတဲ့အပေါ်မူတည်ပြီး ခက်ခဲတာ မခက်ခဲတာ သိပါတယ်”ဟု ဖားကန့်မြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမရန်ဂျာလက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းကို ဒေသခံမဟုတ်သည့် စီးပွားရေးသမားများ ဖြစ်ကြကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အတွင်းရှိ မျိုးဆက်လူငယ်များသည် မူးယစ်ဆေးဝါးကြောင့် ပျက်စီးမှုများ ရှိနေကြောင်းလည်း ဦးမရန်ဂျာလက ပြောဆိုသည်။
“ကျနော်တို့ ဘိန်းခင်းတွေ ဖျက်တာ၊ မူးယစ်ဆေးဝါး တိုက်ဖျက်လာတာ၂ နှစ်ကျော်ပါပြီ။ အခုဆိုရင် ကချင်ပြည်နယ်မှာ အခု နောက် ပိုင်း တရားဝင် ရောင်းတာတွေ မရှိတော့ဘူး။ အခုနောက်ပိုင်း ပါဆယ်ဆိုတဲ့ဟာမျိုး ပါဆယ်ထုတ်နဲ့ ပစ်ပေးတာတွေပဲ ရှိတော့တယ်။ ထင်ထင်ပေါ်ပေါ် ရောင်းတာတွေ မရှိတော့ဘူး”ဟုလည်း ဦးမရန်ဂျာလက ဆိုသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဘိန်းခင်းဧက ၃,၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကချင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ၂၀၁၄ ခုနစ် ဧပြီ ၂၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် များတွင် ကော်မတီများ ဖွဲ့စည်း၍ တည်ထောင်ခဲ့သည်။