အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့အကြား တိုက် ပွဲများ ပြန်လည် မဖြစ်ပွားစေရန် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များအတွက် ၃ နှစ်စာ သုံးစွဲရမည့် ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၂၁ သန်းကျော် လိုအပ်နေကြောင်း သတင်းရရှိသည်။
ပြန်လည် ပစ်ခတ်မှုများ မဖြစ်ပွားစေရေးအတွက် စောင့်ကြည့်ရမည့် လုပ်ငန်းစဉ်များ အဖြစ် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး ကော်မတီ(JMC-U )ကို ဖွဲ့စည်းပြီး ဖြစ်သော်လည်း လုပ်ငန်းစဉ် အရ JMC-U ၏ အောက်တွင် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ(JMC-S) နှင့် ဒေသန္တရအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ(JMC-L)တို့ ထပ်မံ ဖွဲ့စည်း ရမည် ဖြစ်သဖြင့် ထိုလုပ်ငန်း အဆင့်ဆင့် လည်ပတ်ရန် ဒေါ်လာ ၂၁ သန်းကျော် လိုအပ်နေခြင်း ဖြစ်ကြောင်း JMC-U ၏ အတွင်း ရေးမှူး(၁) ဒေါက်တာ ရွှေခါးက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာရွှေခါးက“JMC တခုရဲ့ ၃နှစ်စာက ဒေါ်လာ ဘတ်ဂျက် ၂၁ သန်းကျော်စာလောက် ကျနော်တို့ လိုအပ်နေပါတယ်”ဟု ပြော ဆိုသည်။
အဆိုပါ ဒေါ်လာ ၂၁ သန်းကျော်သည် အစိုးရနှင့် NCA စာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် တပ်မတော်နှင့် နယ်မြေပိုင်းခြားမှုများ၊ ပစ်ခတ်တိုက်ခိုက်မှု ပြန်မဖြစ်ရေး အတွက် စောင့်ကြည့်ရေး ကော်မတီများ ထားရန် သုံးစွဲရမည့် ငွေ ဖြစ်သည်ဟုလည်း ဆိုသည်။
ဇန်နဝါရီလ ၈ ရက်တွင် JMC-U က ကမ္ဘာ့ကုလသမဂ္ဂ(UN) ကိုယ်စားလှယ် အပါအဝင် အလှူငွေပေးနိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်း ကိုယ်စားလှယ် ၃၀ ကျော်တို့နှင့် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)တွင် တွေ့ဆုံ ဆွေးနွေးပြီး ဘတ်ဂျက်လိုငွေ ရှိနေကြောင်း ပြောဆိုခဲ့ကြသည်ဟု သိရသည်။
JMC-U ၏ အတွင်းရေးမှူး(၂) ဖြစ်သည့် တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ကျနော်တို့ ဘတ်ဂျက်ကိစ္စ ချပြတော့ သူတို့ဘက် က သဘောကျတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နောက်ပိုင်းတော့ သူတို့လည်း လှူမယ့် သဘော ရှိပါတယ်။ အချက်အလက်တွေ ကတော့ လှူမယ်ဆိုမှပဲ ကျနော်တို့ ပြောလို့ ရပါလိမ့်မယ်”ဟု ပြောသည်။
JMC-U အနေဖြင့် ရှမ်းပြည်နယ်အတွင်း JMC-S ကို ပထမဦးဆုံး ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းရေး ဆွေးနွေးရန် ဇန်နဝါရီလ ၉ ရက် တွင် ရှမ်းပြည်နယ်၊ ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန် ရှိသူများ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)မှ တာဝန်ရှိသူများ၊ အရပ်သား ပြည်သူ ကိုယ်စားပြုသူများနှင့် အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရ သည်။
လက်ရှိတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) ၏ မတ်လအထိ ရရှိထားသည့် ဘတ်ဂျက် လက်ကျန်ကို အသုံးပြုနေရပြီး ခိုလမ်မြို့ ခရီးစဉ်တွင်လည်း တပ်မတော်မှ ၎င်းတို့၏ တပ်ဘတ်ဂျက်ဖြင့် ဆွေးနွေးပွဲများ၊ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။
JMC များကို ဖွဲ့စည်းပြီးနောက် ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားပါက JMC ကိုယ်စားလှယ်များက အပြစ်ပေး အရေးယူခြင်းများ ပြုလုပ် သွားမည်ဖြစ်ပြီး ရာဇဝတ်မှုများ ဖြစ်ပါက ရာဇဝတ်မှု ပုဒ်မများဖြင့် အရေးယူသွားမည်ဟု ဆိုသည်။
လုပ်ငန်းစဉ်များ လုပ်ကိုင်ရန်အတွက် လိုအပ်ငွေများကို နိုင်ငံတကာ အလှူရှင်များထံမှ ရရှိရန် ညှိနှိုင်းနေသည့် အပြင် နိုင်ငံတော် ဘတ်ဂျက်မှလည်း ရရှိရန် လွှတ်တော်သို့ တောင်းဆိုသွားမည်ဟု သိရသည်။
လွှတ်တော်ထံမှ လည်းကောင်း၊ နိုင်ငံတကာ အလှူရှင်များထံမှ လည်းကောင်း အလှူငွေ မရရှိသေးသည့် အချိန်တွင် တိုက်ရိုက် သက်ဆိုင်နေသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ငွေကြေးနှင့် လိုအပ်သည်များ စိုက် ထုတ်၍ လုပ်ဆောင်သွားရလိမ့်မည်ဟုလည်း ဒေါက်တာရွှေခါး က ပြောဆိုသည်။
ဒေါက်တာ ရွှေခါး က“ဘယ်ကနေမှ ဘတ်ဂျက် မလာသည့်တိုင်အောင် JMC ကတော့ လုပ်ကို လုပ်ရမယ်လေ။ တကယ့် ငြိမ်းချမ်း ရေး၊ တကယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လိုချင်တယ်ဆိုရင်တော့ ကိုယ့်ဟာနဲ့ ကိုယ်လည်း လုပ်ရမှာပေါ့”ဟု ပြောသည်။
JMC အဆင့်ဆင့်ကို ရှမ်းပြည်နယ်တွင် ဖွဲ့စည်းပြီးပါက တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ဖွဲ့စည်း သွားမည်ဟု သိရသည်။
အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများမှာ ကရင် အမျိုးသား အစည်း အရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသား တပ်ဦး(CNF)၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး(ABSDF)၊ ရခိုင် လွတ်မြောက်ရေး တပ်မတော်(ALP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)တို့ ဖြစ် သည်။