ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် အာဏာလွှဲပြောင်းရေးကို ၂၀၁၆ နှစ်သစ်မှာ စောင့်ဆိုင်းရင်း အားလုံးက အပြောင်းအလဲ အတွက် စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြပါတယ်။ နှစ်သစ်မှာ ဒီမိုကရေစီ အပြောင်းအလဲနဲ့ အတူ ဆယ်စုနှစ်များစွာ သည်းခံစောင့်ဆိုင်းနေရတဲ့ အိပ်မက်တွေလည်း အကောင်အထည် ပေါ်လာဖို့ ရှိနေပါတယ်။ သေချာတာကတော့ အာဏာလွှဲပြောင်းပြီးနောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပေါင်း လက္ခဏာဆောင် ဖြစ်ထွန်းမှုတွေ စတင်လာတော့မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။
နိုင်ငံရေးကဏ္ဍ သုံးသပ်ချက်
၂၀၁၆ ခုနှစ်မှာ တက်လာမယ့် အစိုးရသစ်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကနေ ပြည်တွင်း ငြိမ်းချမ်းအရေး အထိ အရေးပါတဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ရဖို့ ရှိနေပါတယ်။ ပြင်ဆင်ရ ခက်ခဲအောင်လုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လို ပြင်ဆင်မလဲ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လို စတင်မလဲ၊ စစ်ဘက်-အရပ် ဘက် ဆက်ဆံရေးကို ဘယ်လို အောင်မြင်အောင် ထူထောင်မလဲ ဆိုတာတွေကို အားလုံးက စိတ်ဝင်စားနေကြ ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားဆီးထားတယ်၊ အရေးကြီးတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်ရခက်ခဲအောင် လုပ်ထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အမြင်တချို့ကို စုစည်းထားပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းလိတ်က “ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာ လမ်းစ ပွင့်ပြီ” လို့ ဆိုပါတယ်။ “လွှတ်တော်ထဲကနေ သွားနေတဲ့ တပ်မတော်အကြီးအကဲ၊ နောက် လက်ရှိကျန်နေတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သူတို့ အကျိုးစီးပွား တပ်မတော်ရဲ့ အကျိုးစီးပွားကို ဘယ်လောက်ထိ သူတို့ စိတ်ချနိုင် မလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်” လို့လည်း ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင် ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ရာ ခက်ဦးမယ် လို့ သုံးသပ်ပါတယ်။ “အခု NLD အစိုးရသစ် တက်လာမယ့် လွှတ်တော်ထဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်မှာ အမျိုးသားလွှတ်တော်မှာ အများစု ဖြစ်မှာ။ ဒါကြောင့်မို့ တချို့ တချို့ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်၊ ဖြည့်စွက်နိုင်မယ်၊ ပယ်ဖျက်နိုင်မယ်။ ဒါပေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အရေးပါတဲ့ အဓိကကျတဲ့ ပုဒ်မတွေကို ပြင်ဖို့ ကတော့ အဟန့်အတားတွေ အခက်အခဲတွေ ရှိဦးမယ်။
ဘာကြောင့်လဲ ဆိုတော့ NLD က လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် အများစုရတယ် ဆိုပေမယ့် ၇၅ ရာခိုင် နှုန်းကျော်ဖို့တော့ မလွယ်ဘူး။ အထူးသဖြင့် ၇၅ ရာခိုင်နှုန်း ရဖို့တောင် မလွယ်သေးဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက် အရ ဆိုရင် တချို့ပုဒ်မတွေက ၇၅ ရာခိုင်နှုန်းကျော်ရင် ပြင်လို့ရတယ်။ တချို့ပုဒ်မတွေက ၇၅ ရာခိုင်နှုန်း ကျော်သည့် တိုင်အောင် ဆန္ဒခံယူပွဲ ကျင်းပရမယ်။ ဒီတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်လို့မရအောင် မပြင်နိုင်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတယ်။ ဒါကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံရဲ့ အဓိကကျတဲ့ ပြင်ရမယ့် ပုဒ်မ တွေကို အခု ၂၀၁၅-၂၀၁၆ တက်လာမယ့် လွှတ်တော်မှာ ပြင်ဖို့ကတော့ တော်တော့်ကို အခက်အခဲရှိမယ် လို့ ပြောချင်တယ်”
အမျိုးသားဒီမိုကရေစီ ပါတီသစ် ကိုယ်စားပြု အမျိုသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတော့ “တပ်မတော်နဲ့ သူတို့ အချင်းချင်းမှာတောင် ပြင်ဖို့ လုပ်ကြတာ မဖြစ်ခဲ့တော့ NLD အစိုးရ တက်လာရင်လည်း ပြင်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်။ နောက်ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့မယ် ဆိုတာကလည်း မဖြစ်နိုင်ဘူး ထင်ပါတယ်” လို့ ဆိုပါတယ်။
ရှမ်းတိုင်းရင်းသာများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “အစိုးရသစ် လက်ထက်မှာ ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ပြင်ဆင်ဖို့က တပ်နဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေ ကိုတော့ ပြင်လို့ မရနိုင်သေးဘူး လို့ ထင်တယ်။ တပ်မတော်ရဲ့ နိုင်ငံရေးအရ ပါဝင်မှုကို အာမခံထားတဲ့ ပုဒ်မတွေက အဓိကပေါ့။ ဒီနေရာမှာ အစိုးရသစ်ကို ဦးဆောင်မယ့်သူတွေရဲ့ တပ်မတော်အပေါ် ဘယ်လောက်အထိ စည်းရုံးနိုင်မလဲ ဆိုတာ မူတည်တယ်။ အစိုးရသစ် အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ယုံကြည်မှု တည်ဆောက် နိုင်ဖို့ လိုတယ်။ တပ်မတော်ဘက် ကလည်း သဘောထားမှန်မှန်နဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ကြရင်တော့ အားလုံး မျှော်လင့်တဲ့ အခြေအနေကို ရောက်နိုင်မှာ မဟုတ်ပါဘူး” လို့ သုံးသပ်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်တင်က “သူတို့က အရင် ကတည်းက အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ တို့၊ ၅၉(စ) တို့ကို ပြင်ဖို့လုပ်တယ်။ အခု အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း ညှိနှိုင်းနေကြတုန်းပေါ့။ တပ်မတော်ကတော့ ဘယ်ပါတီပဲတက်တက် သူရဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားမှာပဲ။ သူ့မူတွေတော့ ပြောင်းမှာ မဟုတ်လောက်ဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့၊ နောက်တချက်က လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့ရဲ့ တာဝန်တွေကို ဘယ် အစိုးရတက်တက် ဆက်လုပ်သွားရမယ့် သဘော ရှိပါတယ်။ အဓိကကတော့ အစိုးရသစ်နဲ့ တပ်မတော်ကြား ညှိနှိုင်းမှုပဲ။ အဆင်ပြေရင်တော့ သူတို့လိုချင်တဲ့ အနေအထားအထိ ရသွားနိုင်မှာ ပေါ့” လို့ ဆိုပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး
ပြည်တွင်း ငြိမ်းချမ်းရေးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့သာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ခဲ့ပြီး အားလုံး မပါဝင်တဲ့ ငြိမ်းချမ်းရေးလို့ တံဆိပ်ကပ်ခံရမှုနဲ့ ပြီးဆုံးသွားပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစိုးရသစ် အနေနဲ့ ဘယ်နေရာက စမယ်ဆိုတာလည်း စိတ်ဝင် စားစရာကောင်းပါတယ်။
SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က “လက်ရှိ ဦးသိန်းစိန်အစိုးရ ဖော်ဆောင်ထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အားလုံးကျေနပ်လောက် တဲ့အနေအထား မရောက်ဘူးလို့ ကျနော်မြင်တယ်။ အဖွဲ့အစည်း ၂၁ ဖွဲ့လို့ သတ်မှတ်ထားတဲ့ အထဲမှာ ၈ ဖွဲ့ပဲ လက်မှတ်ထိုးပြီးတဲ့ အတွက်ကြောင့် ရှေ့ဆက်သွားဖို့ ဆိုတာ ဟန်ချက်ညီညီ ဘယ်လိုမှ မသွားနိုင်ဘူး လို့ မြင်တယ်။ အခုကျန်တဲ့ ၁၃ ဖွဲ့ကို ဖိတ်တော့ ဖိတ်မယ်။ ဒါပေမယ့် အဲပုဂ္ဂိုလ်တွေက ဘေးမှာ လာထိုင်ပြီး သူများသုံးသပ်တာ ကြည့်နေရုံ သက်သက်နဲ့ပဲ ငြိမ်းချမ်းရေးကို ဘယ်လိုမှ အထောက်အပံ့ ဖြစ်စေနိုင်မှာ မဟုတ်ဘူး။ ပုံစံသစ်နဲ့ သွားနိုင်မယ် ဆိုရင် မျှော်လင့်ချက် ရှိကောင်း ရှိလာနိုင်မယ်။ NLD မှာ အာဏာ လက်ဆုပ်လက်ကိုင် ရှိပြီ ဆိုရင်တော့ လုပ်နိုင်မယ် ပေါ့။ ဒါပေမယ့် သူ့အနေနဲ့ တပ်မတော်ကို အရမ်းကြီး ထည့်တွက် မယ်။ တပ်မတော်ကို လုံးဝ အငြိုအငြင် မခံနိုင်ဘူး ဆိုတဲ့ အနေအထားဆိုရင် တိုင်းရင်းသားတွေနဲ့ ဝေးကွာသွား နိုင်တယ်” လို့ သုံးသပ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင်ကတော့ အကောင်းမြင်ထားပါတယ်။ သူက “ယခင်အစိုးရများနဲ့ ယခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ ကိစ္စသည် ဘယ်ပေါ်မှာ မူတည်နေ သလဲ ဆိုတော့ သံသတွေ ရှိတယ်။ ပြီးတော့ ယုံကြည်မှုကို တည်ဆောက်လို့ မရနိုင်ဘူး။ နောင် တက်လာမယ့် NLD အစိုးရနဲ့တော့ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ အတော်အတန် ယုံကြည်မှုကို တည်ဆောက်နိုင်မယ် လို့ ပြောလို့ ရတယ်” လို့ သုံးသပ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တဲ့ အခါမှာလည်း NLD အစိုးရအနေနဲ့ ကြိုးစားရမှာက တပ်မတော်နဲ့ ဝိုင်းဝန်း ညှိနှိုင်းဖို့ တပ်မတော်ကနေမှ တိုင်းရင်းသားတွေ လိုချင်တဲ့ ကဏ္ဍရပ်တွေကို သူတို့ ရှောရှောရှူရှူ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ပေးနိုင်ဖို့ စည်းရုံးနိုင်မှု အပေါ်မှာ မူတည်ပါတယ်” လို့ ဆိုပါတယ်။
ရှမ်းပြည်တိုးတတ်ရေး ပါတီ/ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလက “တက်လာတဲ့အစိုးရက တပ်မတော်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တက်လာတဲ့ အစိုးရသစ်အနေနဲ့ ကျနော်တို့ ယုံကြည်ထားတာက လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ဘယ်လိုဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ဘာလို့လဲ ဆိုတော့ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မှု မရှိရင်တော့ မြန်မာနိုင်ငံက ဘယ်တော့မှ တိုးတက် နိုင်မှာ မဟုတ်ဘူး လို့ ပြောချင်ပါတယ်” လို့ဆိုပါတယ်။
သူက ဆက်ပြီး “၂၀၁၆ မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော် တိုက်ပွဲပြန်ဖြစ် မဖြစ်ကတော့ တပ်မတော်အပေါ် မူတည်နေပါတယ်။ အဲ့ဒါကြောင့် တက်လာတဲ့ အစိုးရက တပ်မတော်ကို ကိုင်တွယ်နိုင်ရမယ်။ လက်မှတ် မထိုးတဲ့ အဖွဲ့တွေ လက်မှတ်ထိုးလာအောင်၊ လက်မှတ်ထိုးပြီးတော့လည်း နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင် အောင် ဆောင်ရွက်နိုင်မှပဲ ကျနော်တို့ ဒီတိုက်ပွဲတွေ မရှိတော့မှာပါ” လို့ လည်း ပြောပါတယ်။
ကရင် အမျိုးသားအစည်းအရုံး (KNU) တွဲဖက် အထွေထွေ အတွင်းရေးမှူး ပဒိုမန်းမန်းက “နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ နိုင်ငံရေး ဆန္ဒတွေကတော့ အစိုးရဘက်မှာရော ကျနော်တို့ ဘက်မှာရော ရှိဖို့ လိုတယ်။ ဒုတိယ တချက်ကတော့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်တဲ့ နည်းလမ်းကိုတော့ တံခါးဖွင့်ပေးဖို့ လိုပါလိမ့်မယ်။ အရင်အစိုးရလိုပဲ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ တချို့ကို ချန်ထားပြီးတော့မှ တချို့ကို လက်ခံပေးတဲ့ အနေ အထားမျိုး ဆိုလို့ ရှိရင်လည်း တနိုင်ငံလုံး ငြိမ်းချမ်းရေးကို ရနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။
နှစ်ကုန်မှာ အစိုးရတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ရကိ္ခုင့်တပ်မတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က “အစိုးရသစ်အနေနဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ဆက်ဆံရေးကို ပြေလည်အောင် ဆောင်ရွက်ပေးနိုင်မလား ဆိုတာကလည်း ပြောဖို့ စောပါသေးတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဆောင်ရွက်သွားဖို့ ရှိတယ် လို့တော့ မူဝါဒတွေ ထုတ်ထားတာ တွေ့တယ်။ ဒါပေမယ့် လက်တွေ့ အလုပ် မလုပ်ရသေးတဲ့ အတွက် တချို့ ကိစ္စတွေတော့ နည်းနည်း ပြောဖို့ ခက်ပါတယ်” လို့ သုံးသပ်ပါတယ်။
စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး
မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရ စစ်တပ်နဲ့ ဘယ်လိုညှိနှိုင်းမှု လုပ်မလဲ၊ ဘယ်လို ရှေ့ဆက်မလဲ ဆိုတာဟာ NLD အတွက် စိန်ခေါ်မှု တရပ် ဖြစ်ပါတယ်။ စစ်တပ်နဲ့ အစိုးရသစ် ဆက်ဆံရေးဟာ အရေးကြီးတယ် ဆိုတာတော့ အားလုံးက လက်ခံထားကြပါတယ်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “အသစ်တက်လာမယ့် NLDအစိုးရနဲ့ တပ်မတော်ကြားက ဆက်ဆံရေး ကတော့ နှစ်ဖက်စလုံးက လိုအပ်နေတဲ့ အခြေအနေပဲ ဖြစ်တယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ကို လိုအပ်သလို ဒေါ်အောင်းဆန်းစုကြည်ကလည်း တပ်မတော်ကို လိုအပ်တယ်” လို့ ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်ကတော့ “အရပ်ဘက်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး စတဲ့အင်စတီကျူးရှင်းတွေက တပ်မတော်၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးမူဝါဒ၊ တပ်စီးပွားရေး လက်တံခြေတံ စတာတွေကို ဒီမိုကရေစီနည်းအရ ထိန်းချုပ်နိုင်ဖို့ ဆိုတာကတော့ နှစ်အတော်ကြာကြာ ဖြတ်သန်း တည်ဆောက်ရဦးမှာပါ။ ခရီးရှည်ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ရွေးကောက်ပွဲလွန် ကာလကိုကြည့်ရင် ထိပ်တိုက်သဘောဆန်တဲ့ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး၊ တနည်းအားဖြင့် ထိပ်ပိုင်း ခေါင်းဆောင်တွေအကြား ရန်ဘက်သဘောဆန်တဲ့ ဆက်ဆံရေးကိုတော့ အရပ်ဘက်ရော၊ စစ်ဘက်ရောက တစုံတရာ လျှော့ချထားနိုင်တယ်။ ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက်နေတာ တွေ့ရပါတယ်” လို့ ဆိုပါ တယ်။
ဦးမင်းဇင်က ဆက်ပြီး “ဒီမိုကရေစီ အစိုးရရော၊ တိုင်းရင်းသား အင်အားစုတွေရော၊ တပ်မတော်ပါ ပါဝင်နိုင်မယ့် ကိစ္စရပ်မျိုးတွေမှာ ပူးတွဲ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေရင်း၊ ချဲ့ထွင်ရင်းနဲ့ပဲ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ လက်ရှိ အပစ်ရပ်စာချုပ် NCA က တဆင့်တက် ပြီး အားလုံးပါဝင်မယ့် ပြည်တွင်းငြိမ်းချမ်းရေးလို လုပ်ငန်းစဉ်မျိုး၊ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချရေး လုပ်ငန်းစဉ်မျိုး ပါပဲ။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲအလွန် ကတည်းက ပြောခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားနဲ့ တပ်မတော် သုံးပွင့်ဆိုင် ဆွေးနွေးပြီး၊ ဘုံသဘောတူရာ တွဲလုပ်၊ အဖြေရှာခြင်းက တဆင့်ပဲ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုကောင်းလာမယ် မျှော်လင့်ပါတယ်” လို့ သုံးသပ်ပါတယ်။
အင်အားကြီး နိုင်ငံတချို့နဲ့ ဆက်ဆံရေး
မြန်မာနဲ့ အင်အားကြီးနိုင်ငံများ ဆက်ဆံရေး ဆိုရင် မြန်မာ-တရုတ်ဆက်ဆံရေး၊ မြန်မာ-အမေရိကန် ဆက်ဆံရေးတို့ကို အဓိက မြင်ကြမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးပြီးနောက် အာဏာ မလွှဲရသေးပေမယ့် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေအနက် ကုန်သွယ်မှု မြန်ဆန်ဖို့ ပိတ်ဆို့မှု တချို့ကို ယာယီ ဖယ်ရှားပေးလိုက်ခြင်း အားဖြင့် ကြိုဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် Henry L.Stimson စင်တာမှ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ယွန်ဆန်ကတော့ “တရုတ်နိုင်ငံက NLD အစိုးရနှင့် ၎င်းတို့၏ ဆက်ဆံရေးကို မိတ်ဆွေများ အသွင်ဖြင့် ပူးပေါင်း ဆောင်ရွက်ရေးကို ဦးတည်ကြောင်းပြသခြင်း စတင်ပါလိမ့်မည်။ အစိုးရသစ်၏ ဦးစားပေးရည်ရွယ်ချက်များ အထမြောက်စေရန် အတွက် ငွေကြေး၊ အကူအညီပေးရေး စီမံကိန်းများနှင့် ငြိမ်းချမ်းရေး အတွက် အကူအညီများ ပေးခြင်းများပင် ပြုလုပ်လာနိုင်ဖွယ် ရှိနေပါသည်။ သို့ရာတွင် ၆ လမှ ၁၂ လ ကာလအတွင်းတွင် တရုတ်နိုင်ငံက ၎င်းအတွက် အရေးကြီးသော အကြောင်းကိစ္စများနှင့် ပတ်သက်၍ တုံ့ပြန်မှုပေးရန် တောင်းဆိုလာနိုင်ဖွယ်ရာလည်း ရှိနေပါသည်။ ၎င်းတို့ထဲတွင် ဆိုင်းငံ့ထားသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အပြီးသတ် ဖြေရှင်းပေးရန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် ရေရာသော ဆုံးဖြတ်ချက် ချပေးရန် တို့အပြင် တရုတ်-မြန်မာ အဝေးပြေး လမ်းများနှင့် ဧရာဝတီမြစ်ကြောင်းမှ တဆင့် ကုန်စည်ပို့ဆောင်မှုကို ပူးပေါင်းဆောင်ရွက်ရန် ကဲ့သို့သော One Belt and One Road စီမံကိန်းများ အတွက် သဘောတူညီချက်များ ပေးရန်တို့လည်း ပါဝင်လာမည် ဖြစ်သည်” လို့ သုံးသပ်ထားပါတယ်။ ။