ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲစခန်းတွင် ထိန်းသိမ်းထားသည့် အချုပ်သားတဦးက ပေါက်တူးဖြင့် ခုတ်သည့် အတွက် မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တဦး ဇန်နဝါရီ ၈ရက် နေ့လယ်ပိုင်းကသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မူးယစ်ရမ်းကားသည့်အတွက် အင်ပင်ရဲစခန်းတွင် ခေါ်ယူထိမ်းသိမ်းထားသည့် အချုပ်သား အောင်ကျော်ဝင်းနှင့် တခြားသူ တဦးတို့အား ရဲစခန်းရှေ့ရှိ ရဲသက်သာစိုက်ခင်းတွင် အလုပ်ခိုင်းစေထားစဉ် အချုပ်သား အချင်းချင်းစကားများ ရန်ဖြစ်သည့် အတွက် ရဲတပ်ကြပ် ရဲမြင့်က ဝင်ရောက် ဖျန်ဖြေရာ အချုပ်သား အောင်ကျော်ဝင်းက တပ်ကြပ်ရဲမြင့်ကို ပေါက်တူးဖြင့် ခုတ် ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
“ပေါက်တူးနဲ့ အခုတ်ခံရတဲ့ ရဲတပ်ကြပ်ကတော့ ဆုံးသွားပါပြီ။ သူ့အလောင်းကို အင်ပင်ဆေးရုံမှာပဲ ထားရှိပါတယ်”ဟု မြို့မ ရဲစခန်းမှ တာဝန်မှူးဖြစ်သူက ဧရာဝတီကို ပြောသည်။
ပေါက်တူးဖြင့် အခုတ်ခံရသည့် တပ်ကြပ် ရဲမြင့်မှာဒဏ်ရာပြင်းထန်သည့်အတွက် အင်ပင်တိုက်နယ် ဆေးရုံမှ လူနာတင် ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် အင်္ဂပူမြို့အရောက်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီအချုပ်သား ၂ ဦးက အင်ပင်စခန်းကို ရောက်နေတာ ၃ ရက်လောက် ရှိပြီပေါ့။ သူတို့ချင်း စကားများတာကို တပ်ကြပ် ရဲမြင့်က ဝင်ဆွဲရင်း ရဲတပ်ကြပ်ကိုရော သူနဲ့စကားများတဲ့ အချုပ်သားကိုရော အောင်ကျော်ဝင်းက ပေါက်တူးနဲ့ ခုတ်တာပေါ့။ ပေါက်တူးနဲ့ အခုတ်ခံရတဲ့ နောက်ထပ်အချုပ်သားတယောက်ကတော့ အင်ပင်ဆေးရုံမှာ တင်ထားရတယ်” ဟု အင်ပင်
ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
အချုပ်သား အောင်ကျော်ဝင်းမှာ တပ်ကြပ်ရဲမြင့်ကို ပေါက်တူးဖြင့် ခုတ်ပြီးနောက် ထွက်ပြေးသွားသည့်အတွက် ဒေသခံ များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီ၈ရက် နေ့လယ် ၁ နာရီခန့်တွင် ကုန်းကြီးကျေး ရွာလယ်ကွင်း အတွင်း၌ ဖမ်းဆီး ရမိခဲ့ပြီး မြန်အောင် မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။