အရည်အသွေးမြင့်မားတဲ့ ဒီမိုကရေစီစနစ်တွေ ရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ထောက်တိုင်တွေ အများကြီးရှိတဲ့အထဲမှာ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ထောက်တိုင်ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ အရည်အသွေး မြင့်မားတဲ့ ဒီမိုကရေစီတခု ဖြစ်လာစေဖို့ဆိုရင် မည်ကာမတ္တ တရားဥပဒေ စိုးမိုးရေးလောက်နဲ့တော့ မရနိုင်ပါ။ ဘာကြောင့် မရနိုင်လဲဆိုတာကို သမိုင်းအမြင်နဲ့ နောက်ပိုင်းမှာ ရှင်းပြပါမယ်။ အရည်အသွေးမြင့် ဒီမိုကရေစီအတွက် တကယ် လိုအပ်တာက ဒီမိုကရေစီနည်းကျ၊ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားဥပဒေစိုးမိုးရေးပါ။ အဲဒီလိုမျိုး တရားဥပဒေ စိုးမိုးရေးက နိုင်ငံရေး အခွင့်အရေးတွေ၊ အရပ်ဖက် လွတ်လပ်ခွင့်တွေ၊ တာဝန်ခံမှု တာဝန်ယူမှု စည်းစနစ်တွေရှိနေတာ သေချာအောင် လုပ်ပေးပါလိမ့်မယ်။ အဲဒီကနေတဆင့် နိုင်ငံသားတွေ အားလုံးအတွက် ရသင့်ရထိုက်တဲ့ နိုင်ငံရေး တန်းတူညီမျှမှု အခွင့်အရေးတွေကို ရစေပါမယ်။ နိုင်ငံတော်အာဏာကို အလွဲသုံးစား မလုပ်မလာနိုင်အောင်လည်း ဟန့်တားထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဆိုတာက ဒီမိုကရေစီ အရည်အသွေးမှာ ပါဝင်တဲ့ တခြားအစိတ်အပိုင်းတွေ ရှု့ထောင့်တွေနဲ့လည်း နီးနီးစပ်စပ် ချိတ်ဆက်လုပ်ဆောင်နေတယ်ဆိုတာ သွားတွေ့ရပါတယ်။
လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်က အကာအကွယ်ပေးထားပြီး ခိုင်မာအားကောင်းတဲ့ တရားဥပဒေစိုးမိုးမှုသာ မရှိရင် အခွင့်အရေးတွေကလည်း လုံခြုံစိတ်ချရနိုင်မယ်တော့ မဟုတ်ပါ။ နိုင်ငံသားအားလုံးရဲ့ တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာတွေလည်း အန္တရာယ်နဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ဒီမိုကရေစီနည်းကျ တရားဥပဒေတွေ စိုးမိုးလာနိုင်မှသာ ရွေးကောက်ပွဲ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ အပြန်အလှန် တာဝန်ခံခြင်းဆိုတဲ့ အေဂျင်စီ အသီးသီးတွေက ထိထိ ရောက်ရောက် လုပ်ကိုင်လာနိုင်ပါလိမ့်မယ်။ နိုင်ငံတော်အာဏာကို ရယူထားတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ ပိတ်ဆို့ဟန့်တားတာ ခြိမ်းခြောက်တာတွေလည်း ကြုံတွေ့လာနိုင်တော့မယ် မဟုတ်ပါ။ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ တာဝန်ခံမှုဆိုတဲ့ ဒီမိုကရေစီရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တရားဥပဒေစိုးမိုးရေးက အားဖြည့်ပေးမှသာ နိုင်ငံသားအများစုရဲ့ အကျိုးစီးပွားတွေနဲ့ လိုအပ်ချက်တွေကို အစိုးရတွေက တာဝန်ယူဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
ကျနော်အရင် ရေးခဲ့ဖူးသမျှ ဆောင်းပါးတွေမှာ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးရေး ရှိသင့်ရှိထိုက်ကြောင်း၊ မှန်ကန်ကြောင်းကို သဘောတရားအနေနဲ့ရော၊ စံနှုန်းအနေနဲ့ပါ ကြိုးစားရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ တို့ရုံထိရုံလောက်သာ ကိုးကားပြောဆိုပါတော့မယ်။ တရားဥပဒေ စိုးမိုးရေး ဒါမှမဟုတ် ဒီမိုကရေစီနည်းကျ တရားဥပဒေ စိုးမိုးရေးကို စိတ်ကူးပုံဖော်လို့ရနိုင်မလား၊ ဘယ်လိုစိတ်ကူးကြည့်လို့ ရနိုင်မလဲ ဆိုတာနဲ့ ဘယ်လောက် အတိုင်းအတာအထိ တိုင်းတာစစ်ဆေးလို့ ရနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးတဲ့အခါ အကျိုးတစုံတရာ ပြုနိုင်အောင် ရည်ရွယ်ရေးသားပါမယ်။ အဲဒီရည်ရွယ်ချက် အတွက်နဲ့ကိုပဲ တရားဥပဒေစိုးမိုးမှုကို တိုင်းတာနိုင်မဲ့ “ကိန်းရှင်” တစုံကို ဒီဆောင်းပါးရဲ့ နိဂုံးပိုင်းမှာ အဆိုပြု တင်ပြထားပါတယ်။ ဒီနေရာမှာ တခုမှတ်သားရမှာက ဆောင်းပါးပါ တင်ပြထားတာတွေက ခေတ်ပြိုင် လက်တင်အမေရိက အတွက် ဦးစားပေး စဉ်းစားထားတယ် ဆိုတာပါ။ ဒါကြောင့်မို့ လေ့လာတင်ပြချက်တွေကို လက်တင်အမေရိက ပြင်ပမှာ အသုံးချလို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို ဆက်လက် ဆွေးနွေးရပါဦးမယ်။
“တရားဥပဒေစိုးမိုးမှု” ဆိုတာ စကားလုံးကိုယ်တိုင်ကိုယ်က အငြင်းပွားဖွယ်ရာ ဖြစ်နေတာပါ။ ၎င်းကို (သမိုင်း အစဉ်အဆက် လက်ခံလာခဲ့ပြီး) အခုလောလောဆယ် အဓိပ္ပါယ်ဖွင့်ဆိုချက် အကျဉ်းအရဆိုရင် စီရင်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ထားတဲ့ မှုခင်းတွေ ဖြစ်မလာခင်မှာကိုပဲ တည်ရှိနေသမျှ ဥပဒေတွေအားလုံးကို ရေးချထားပြီး ပြည်သူတွေ သိအောင် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြန့်ဝေပေးထားကာ အခင်းဖြစ်ပွား လာရင်လည်း တရားစီရင်ရေး (တခြားနိုင်ငံတော် အင်စတီကျူးရှင်းတွေလည်း ပါဝင်လာနိုင်ပါတယ်) အပါအဝင် သက်ဆိုင်ရာ နိုင်ငံတော် အင်စတီကျူးရှင်းတွေက မျှမျှတတအသုံးချ ဆုံးဖြတ်ပေးတာကို တရားဥပဒေစိုးမိုးမှုလို့ ခေါ်ပါတယ်။
“မျှမျှတတစွဲကိုင် ဆုံးဖြတ်ပေး” ဆိုရာမှာတော့ ဖြစ်ပွားပုံတူညီတဲ့ အမှုအခင်းတွေ အားလုံးအတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို အုပ်ချုပ်ရေးပိုင်းက အသုံးချရာမှာ ဒါမှမဟုတ် တရားစီရင်ရေးအပိုင်းက အသုံးချရာမှာ ရှေ့နောက် တပြေးညီဖြစ်တယ်လို့ ဆိုလိုတာပါ။ စီရင်ဆုံးဖြတ်တဲ့အခါမှာ လူတန်းစား၊ အဆင့်အတန်း၊ ရာထူးအာဏာ အနည်းအများကို မကြည့်ဘဲ ဆုံးဖြတ်တာမျိုး ဖြစ်ရပါမယ်။ ကြိုတင်ချမှတ်ထားတဲ့၊ အလွယ်တကူ သိနားလည်နိုင်တဲ့၊ အမှုတစ်ခုချင်းစီမှာ ပါဝင်နေတဲ့အမြင်တွေနဲ့ အကျိုးစီးပွားတွေကို မျှမျှတတ ဖော်ထုတ်ခွင့်ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကိုင်စွဲရပါမယ်။ အခုဆက်ပြောမယ့် ဟာတွေကလည်း အကျဉ်းချုံးဖွင့်ဆိုတာဖြစ်ပေမယ့် အရေးတကြီး ထည့်သွင်းစဉ်းစား ကိုင်စွဲရတဲ့ စံနှုန်းပဲဖြစ်ပါတယ်။ “ဦးကကြီး” နဲ့ “ဦးခခွေး” တို့က မြေယာငှားရမ်းခြင်း၊ သီးစားခချထားခြင်း၊ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဆိုခြင်း ဒါမှမဟုတ် အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး အမှုအခင်းဖြစ်ကြကာ ဦးခခွေးမှာ ရာထူးအာဏာနဲ့လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ် ဆိုပါစို့။ “ဦးကကြီး”မှာ တရားဥပဒေကြောင်း အရ အခြေခံ အခွင့်အရေးတွေ ရှိထားတယ်လို့လည်း ဆိုကြပါစို့။ ဒါဆိုရင် ဦးကကြီးနဲ့ ဦးခခွေးတို့ရဲ့ အမှုှုတွေကို စီရင်ဆုံးဖြတ်ပေးရမယ့် နိုင်ငံတော် အင်စတီကျူးရှင်းတွေက ဦးခခွေးကို ဆက်ဆံသလို ဦးကကြီးကိုလည်း တန်းတူဆက်ဆံရပါမယ်။
ဒါကိုကြည့်ခြင်းအားဖြင့် လုပ်ထုံးလုပ်နည်းအရ တန်းတူညီမျှမှုရှိတယ်ဆိုတာ နည်းလမ်း ၂ သွယ်နဲ့ ပြောနိုင်ပါတယ်။ ပထမက တန်းတူညီမျှမှုကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေထဲမှာ တည်ဆောက်ထားသလို တည်ဆဲ ဥပဒေတွေနဲ့လည်း ကျားကန်ပေးထားပါတယ်။ ဘာကြောင့်အဲဒီလို ပြောနိုင်သလဲဆိုတော့ လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာချာ ကြိုတင်ချမှတ်ပြီးနောက်မှာ တန်းတူညီမျှမှုကို ခွင့်ပြုပေးထားတာဖြစ်ပြီး နောက်ဆုံးမှာတော့ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းကွပ်ထားပါတယ်။ ဒုတိယက သေချာ တိတိကျကျပြောထားတဲ့ အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေက လောကလံုံး သဘောဆောင်ပြီး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ဘာကြောင့်အဲဒီလို ပြောရသလဲဆိုတော့ လူ့အဖွဲ့အစည်းအတွင်းမှာ လူတယောက်ရဲ့ အနေအထားက ဘယ်လိုပဲ ဖြစ်နေပါစေ တရားဥပဒေအရ သတ်မှတ်ထားတဲ့ အရွယ်ရောက်သူအဖြစ်ကို ရောက်ရှိပြီး (တိတိကျကျ သတ်မှတ်ထားပြီး တရားဥပဒေနဲ့အညီ ပြဌာန်းထားတဲ့) တားမြစ်ချက်တွေကိုသာ ငြိစွန်းနေတာမရှိရင် လူတယောက်ချင်းစီကို ဥပဒေနဲ့ ညီညွတ်သူအဖြစ် သဘောထားပါတယ်။ အပေါ်မှာ ဥပမာပေးခဲ့သလိုမျိုး ဖြစ်ရပ်တွေရဲ့ အကြောင်းရင်းလည်းဖြစ်ပြီး အကျိုးဆက်တွေလည်းဖြစ်တဲ့ ဥပေဒကြောင်းအရ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ အနေအထားတွေမှာ အားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ကိုလည်း အဆိုပါ အခွင့်အရေးတွေက အားဖြည့်ပေးပါတယ်။ “ဥပဒေ ရှေ့မှောက်မှာ အားလုံး တန်းတူညီမျှဖြစ်တယ်” ဆိုတဲ့စကားက အခုပြောခဲ့တဲ့ တန်းတူညီမျှမှုထဲမှာ အလိုလိုပါလာပြီးသား မျှော်မှန်းချက်ပါ။
နောက်ထပ်အရေးကြီးတဲ့ အချက်တခု ကျန်ပါသေးတယ်။ နိုင်ငံသားတယောက်အတွက် ဒီမိုကရေစီစနစ်က တွဲစပ်ပေးလိုက်တဲ့ အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေက လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ အဖဲ့ွဝင်တယောက်အပေါ် ဥပဒေနဲ့ညီညွတ်သူအဖြစ် တွဲစပ်ပေးလိုက်တဲ့ အခြေခံ အခွင့်အရေးတွေ၊ တာဝန်ဝတ္တရားတွေရဲ့ လက်အောက်ခံ အစိတ်အပိုင်း သဘောမျှသာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ခံပိုင်ခွင့်လိုမျိုး လူသိများတဲ့ ပူးပေါင်းပါဝင် အခွင့်အရေးတွေအပြင် ဒီမိုကရေစီ အစိုးရတရပ် တည်ရှိနေစေဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ လွတ်လပ်ခွင့်တွေ (လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ လှုပ်ရှားဆောင်ရွက်ခွင့် စသဖြင့်) ကိုလည်း ဒီနေရာမှာ ပြောနေတာဖြစ်ပါတယ်။ တော်တော်လေးကို ချမ်းသာကြွယ်ဝသွား၊ ဖွံ့ဖြိုး တိုးတက်ပြီးသွားတဲ့ နိုင်ငံတွေမှာတော့ အဲဒီလို လွတ်လပ်ခွင့်တွေနဲ့ အလားတူ လွတ်လပ်ခွင့်တွေက နိုင်ငံရေးလွတ်လပ်ခွင့်တွေ ရမလာခင် အစောကြီးတည်းကိုကပဲ တရားဥပဒေကြောင်းအရ ခွင့်ပြုပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးတွေ ဖြစ်နေခဲ့ပြီးပါပြီ။
ဒါပေမယ့် တိတိကျကျ ပြောရမယ်ဆိုရင်တော့ အဲဒီနိုင်ငံတွေမှာ “တရားဥပဒေစိုးမိုးမှု” မရှိ ဒါမှမဟုတ် “ဥပဒေနဲ့အညီ အုပ်ချုပ်” တာမျိုး မရှိဘူးခဲ့ဘူးလို့ ပြောရပါမယ်။ ဘာတွေပဲ ရှိနေတာလည်းဆိုရင် “ဥပဒေ” လို့ (ကြိုတင် သတ်မှတ်ထားတဲ့ အခြေအနေတွေအတိုင်း) ယေဘူယျ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွမ်းကျင်မှု အရည်အချင်း အမျိုးမျိုးကွဲပြားနေတဲ့ လူပုဂ္ဂိုလ်တွေက အသီးသီး အနက်အဓိပ္ပယ် ပြန်နေကြတာမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမျိုးကလည်း ဟော့ဘ်စ်ပြောခဲ့တဲ့ သဘာဝအခြေအနေ (လူမှုအဖွဲ့အစည်းနဲ့ စနစ်တကျ မနေထိုင်ခင် အရိုင်းခေတ်) ဒါမှမဟုတ် အာဏာရှင်တယောက်ရဲ့ အလိုဆန္ဒအတိုင်း စည်းမျဉ်းစည်းကမ်းေတွေကို ရေးဆွဲတာ ကျင့်သုံးတာထက်တော့ သာလွန်သေးတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမယ့် သာမန်လူတယောက် ဒါမှမဟုတ် အများပြည်သူနဲ့ သက်ဆိုင်သူ တယောက်ရဲ့ တချို့သော လုပ်ဆောင်ချက်တွေက ပြဌာန်းဥပဒေတွေနဲ့ ကိုက်ညီတယ်ဆိုရုံနဲ့ပဲ လုံလောက်ပြီးလားဆိုရင်တော့ မလုံလောက်သေးပါလို့ ပြောရမှာပါ။
ဥပဒေနဲ့အညီ လုပ်ဆောင်ချက်တခုက မတော်မတရား ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာကို ဖြစ်စေတဲ့ ဥပေဒေတခုကို ကျင့်သုံးမိလျက်သားလည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် အောက်မှာ ဆက်ပြီး ရှင်းပြပါဦးမယ်။ ဒါမှမဟုတ် အဲဒီလို လုပ်ဆောင်ချက်တခုက ဥပဒေတခုကို လိုသလို ဆွဲယူ ကျင့်သုံးလိုက်တာကြောင့် တခြားဥပဒေတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားမျိုးလည်း တွေ့ကြုံလာရနိုင်ပါတယ်။ အထူးအခွင့်အရေးရတဲ့ အုပ်စုတွေက ကင်းလွတ်ခွင့်တွေကို မတော်မတရား ရနေတဲ့ အချိန်မျိုးမှာတောင် အဲဒီလို ဖြစ်လာနိုင်ပါတယ်။ ပထမ ဖြစ်နိုင်ချေ တခုကတော့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ချိုးဖောက်လိုက်တာမျိုးပါ။ အဲဒီလို ကိုယ်ကျင့်တရား စံနှုန်းတွေကို ဒီနေ့ခေတ်မှာ နိုင်ငံတွေအများစုက သူတိ့ုအခြေခံ ဥပဒေတွေထဲမှာ ထည့်သွင်း ရေးသားထားကြပြီး လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတကာ အနေအထားအရ လေးစားလိုက်နာလာဖို့ တာဝန်တွေရှိလာပါပြီ။ ဒုတိယ ဖြစ်နိုင်ချေတခုကတော့ သဘောသဘာဝချင်းတူတဲ့ အမှုတွေကို တန်းတူညီမျှ ကိုင်တွယ် စီရင်မယ်ဆိုတဲ့ တရားမျှတမှုရဲ့ အသက်တမျှအရေးကြီးတဲ့ အခြေခံမူကို ချိုးဖောက်လိုက်တာမျိုးပါ။ နောက်ထပ်ဖြစ်နိုင်ချေ တမျိုးလည်း ရှိလာနိုင်ပါသေးတယ်။ အဲဒါကတော့ အမှုတခုမှာ ဥပဒေတွေကို သင့်တော်လျောက်ပတ်အောင် ကျင့်သုံးပေမယ့် နောင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အလားတူ အမှုအခင်းတွေမှာ ဥပဒေတွေကို သင့်တော် လျောက်ပတ်အောင် ကျင့်သုံးဖို့ တာဝန်မရှိဘူးလို့ အာာဏာပိုင်တွေစိတ်ထဲ ဖြစ်ပေါ်လာနိုင်တာပါ။
အဲဒီလို ဖြစ်ရပ်မျိုးတွေကို “ဥပဒေနဲ့အုပ်ချုပ်တယ်” လို့ပြောကောင်းပြောနိုင်ပေမယ့် “တရားဥပဒေစိုးမိုးမှု”လို့ ကျနော်တို့ ပြောတိုင်း ခေါင်းထဲကို ဝင်ရောက်လာတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ်တော့ မဟုတ်ပါ။ တကယ်တော့ အဲဒီလို ဖြစ်ရပ်မျိုးတွေက တရားဥပဒေ စိုးမိုးမှုကို ကြောင်းကျိုးဆီလျော်တဲ့ နည်းလမ်းတွေနဲ့ ကျင့်သုံး အကောင်အထည်ဖော် မနေဘူး (ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ချိုးဖောက်နေတယ်) ဆိုတာကို ညွှန်ပြနေပါတယ်။
အပြုသဘောနဲ့ အဓိပ္ပါယ်ဖွင့်ခြင်း
တရားဥပဒေစိုးမိုးမှုကို အပြုသဘောဖက်ကနေ အဓိပ္ပါယ် ဖွင့်ကြည့်တာကလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ ပထမဆုံးပြဿနာက တရားဥပဒေစိုးမိုးမှုကို အင်္ဂလိပ်သာသာမှာ ပြောဆိုသုံးစွဲတာနဲ့ စပိန်ဘာသာစကား၊ ဂျာမန် ဘာသာစကား (ရိုမန်ကနေ ဆင်းသက်လာတဲ့ တရားမဥပဒေကို ကျင့်သုံးတဲ့ နိုင်ငံတွေက ဘာသာစကားတွေ) တွေမှာ ပြောဆိုသုံးစွဲတာတွေက တထပ်တည်းမကျပါ။ အဲဒီအကြောင်းကိုလည်း နောက်ပိုင်းမှာ ဆွေးနွေးပါမယ်။ ဒါ့အပြင် စကားလုံးအသုံးအနှုန်း တခုချင်းစီကိုပဲ အဓိပ္ပါယ်တွေ အမျိုးမျိုးတွေဖွင့်ဆိုကြပြီး နှုန်းစံအမျိုးမျိုးနဲ့ တိုင်းတာပြီး အငြင်းပွားကြပါသေးတယ်။ ဒါကြောင့်မို့ အခြေခံကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ တချို့ကိုပဲ ကိုင်စွဲရှင်းပြသွားပါမယ်။ ပထမ၊ တရားဥပေဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီး တရားမဥပဒေနဲ့ အင်္ဂလိပ်ရိုးရာဥပဒေတွေ ၂ ခုလုံးရဲ့ အမြင်မှာတော့ တရားရေးစနစ်ဆိုတာ ဥပဒေတွေကို ဝါစဉ်အလိုက် စီစဉ်ထားတာဖြစ်ပြီး ထိပ်ဆုံးမှာတော့ အခြေခံဥပဒေဆိုင်ရာ ကျင့်ဝတ်စံနှုန်းတွေ ရှိနေပါတယ်။ ပြီးပြည့်စုံအောင် ကြိုးစားထားပေမယ့် မအောင်မြင်သေးပါ။ ဆိုလိုတာကတော့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တခုနဲ့တခုကြားရှိ ဆက်ဆံရေးကိုလည်း တရားဥပဒေနဲ့ ကိုက်ညီအောင် ထိန်းကွပ်ထားတယ် ဆိုတာပါ။
လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက သူတို့လုပ်ရပ်တွေကို ထိန်းကျောင်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြောင်းပြချက်ပေးပြီး ဆန္ဒအလျောက် ဖျက်သိမ်းတာမျိုး ဆိုင်းငံ့တာမျိုး ဘယ်တော့မှ မလုပ်ဆောင်နိုင်ဘူးလို့လည်း ဆိုလိုပါတယ်။ ရာထူးအာဏာအမြင့်ဆုံး ရယူထားသူတွေ အပါအဝင် ဘယ်သူ တဦးတယောက်ကမှ ဥပဒေအထက်မှာ မရှိရပါ။ ဒါပေမယ့် အာဏာရှင်စနစ် ပုံစံမျိုးစုံမှာ (အင်စတီကျူးရှင်း တည်ဆောက်ပုံအရ စနစ်ကျပြီး တရားဝင် အသိအမှတ်ပြု ခံထားရတဲ့ အာဏာရှင်စနစ်တွေ အပါအဝင်) တော့ အမြင့်ဆုံးနေရာမှာ လူပုဂ္ဂိုလ်တယောက် ဒါမှမဟုတ် အစုအဖွဲ့တခု (ဘုရင်တပါး၊ စစ်ဗိုလ်ချုပ်တစု၊ ပါတီကော်မတီ) က နေရာယူထားပြီး အချုပ်အာဏာပိုင် ဖြစ်နေပါတယ်။ အချုပ်အခြာ အာဏာပိုင်ဆိုတာကို အစဉ်အလာအတိုင်း ဖွင့်ဆိုရမယ်ဆိုရင်တော့ ဥပဒေထိန်းချုပ်မှုမရှိဘဲ ဆုံးဖြတ်ချက်တွေ ချဖို့လိုလာပြီလို့ အမြင့်ဆုံးအာဏာပိုင် လူပုဂ္ဂိုလ်ဒါမှမဟုတ် အစုအဖွဲ့က ဆုံးဖြတ်ထားတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်တာကို အချုပ်အခြာ အာဏာပိုင်တယ်လို့ ခေါ်ပါတယ်။
ဒုတိယ၊ “အစိုးရကိုယ်တိုင်ကို ဥပဒေနဲ့ ချုပ်ကိုင်ထားပြီး ဥပဒေ လေးစားလိုက်နာစေတယ်” ပြီးတော့ “ဥပဒေ ရေးဆွဲပြဌာန်းတဲ့ လုပ်ငန်းစဉ်ကိုလည်း ဥပဒေနည်းကျ ထိန်းကွပ်ထားပါတယ်” လို့ပြောတာက တရားရေးစနစ် ကိုယ်တိုင်က လူမှုစနစ် တည်ဆောက်ပုံ တခုလုံးရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီး “လူတယောက်နဲ့ တယောက် ဆက်ဆံရာမှာ အဓိပ္ပါယ်တွေ၊ တိကျမှုတွေ ရှင်းလင်းမှုတွေနဲ့ ခန့်မှန်းရလွယ်မှုတွေ” ပါဝင်လာစေပါတယ်။ ဒါမျိုးကိုသာ ရအောင် စွမ်းဆောင်နိုင်ရင် (တခြားကောင်းကျိုးတွေနဲ့ တွဲဖက်ကောင်း တွဲဖက်နိုင်ပေမယ့်) အများပြည်သူတွေအတွက် ကောင်းကျိုး ကြီးကြီးမားမား ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုမျိုး ဖြစ်လာစေဖို့ဆိုရင် ဥပဒေကိုယ်တိုင်မှာက တချို့သော စရိုက်လက္ခဏာတွေ ပါဝင်ရမှာပါ။ အဲဒီစရိုက်လက္ခဏာတွေကို စာရင်းတွေ ပြုစုထားတာ ရှိကြပေမယ့် ဒီနေရာမှာတော့ ဥပဒေပညာရှင် ဂျိုးဇက်ရက်စ် လက်ခံ တင်ပြထားတာကို လက်ဆင့်ကမ်းချင်ပါတယ်။
၁။ ဥပဒေတွေ အားလုံးက ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်းနဲ့ အနာဂတ်အတွက် ကြိုတင်မြော်မြင် ပြင်ဆင်ထားသင့်
၂။ ဥပဒေတွေက အတော်အသင့် တည်ငြိမ်မှုရှိသင့်
၃။ အထူးဥပဒေတွေ ပြဌာန်းချမှတ်တဲ့အခါ ပွင့်လင်း၊ တည်ငြိမ်၊ ရှင်းလင်းပြီး ယေဘုယျဆန်တဲ့ စည်းမျဉ်းတွေကို လမ်းညွှန်ချက်အဖြစ်ထားသင့်
၄။ တရားစီရင်ရေး မဏ္ဍိုင်လွတ်လပ်မှုကို အာမခံချက်ပေးသင့်
၅။ သဘာဝကျတဲ့ တရားမျှတမှု ပေါ်ထွန်းလာရေးအခြေခံမှုတွေ (ပွင့်လင်းခြင်း ၊တရားမျှတသော ကြားနာမှုဖြစ်ခြင်း၊ဘက်လိုက်မှုကင်းခြင်း) ကို လေးစားလိုက်နာသင့်
၆။ တရားဥပဒေစိုးမိုးမှုနဲ့ ကိုက်ညီခြင်းရှိစေဖို့ တရားရုံးတွေမှာ ပြန်လည်ဆန်းစစ်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာရှိထားသင့်
၇။ တရားရုံးတွေကို ဝင်ထွက်သွားလာပြီး အားကိုးအားထားပြုရတာ လွယ်ကူစေရမယ်
၈။ ရာဇဝတ်မှု ကာကွယ်တားဆီးရေး အေဂျင်စီတွေရဲ့ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်မှုကြောင့် တရားဥပဒေလမ်းကြောင်းကို လွဲမှားသွားခြင်း မဖြစ်စေသင့်
ပထမ ၃ ချက်ကတော့ ဥပဒေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေကို ရည်ညွန်းပါတယ်။ အချက် ၁ ခုချင်းစီက ဥပဒေတွေကို သင့်တော် လျောက်ပတ်အောင် အတည်ပြု ထုတ်ပြန်ရာမှာရယ် ဥပဒေအတွင်း ပါဝင်တာတွေရယ်နဲ့ပါ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် “ဥပဒေဆိုတာ လိုက်နာဖို့အဆင်ပြေတဲ့ အနေအထားမျိုးမှာ ရှိသင့်ပြီး ပြည်သူတွေအပေါ် သိနားလည်မှုအရဖြစ်စေ၊ ဒါမှမဟုတ် အမူအကျင့်အရဖြစ်စေ ကြောင်းကျိုးမဆီလျော်တဲ့ တောင်းဆိုမှုတွေ မထားရှိသင့်” လို့ ရက်စ်နဲ့ တခြားပညာရှင်တွေ အလေးပေး ပြောခဲ့တာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရက်စ် ပြုစုထားတဲ့ တခြား အချက်တွေကတော့ တရားရုံးတွေကို ရည်ညွှန်းတာဖြစ်ပြီး တခြားနိုင်ငံတော် အေဂျင်စီတွေကိုတော့ သွယ်ဝိုက်ပြီးတော့ပဲ ရည်ညွှန်းထားပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားရုံးတွေရဲ့ တန်ဖိုးကို နံပါတ် ၄ အချက်မှာပြောထားပြီး ယေဘုယျ ဆန်လွန်းတာကြောင့် တိတိကျကျ ပြောဖို့လိုပါသေးတယ်။
အာာဏာရှင်တွေကို မကြာခဏ အရိုအသေ ပေးလွန်းတဲ့ တရားစီရင်ရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး အမှီခိုကင်း လွတ်လပ်တဲ့ တရားရုံးတွေရဲ့ တန်ဖိုးကို ထင်ရှားအောင် ပြသပါတယ်။ ဒါပေမဲ့ တရားစီရင်ရေး စနစ်အတွင်းက အရာရှိတွေရဲ့ အခွင့်အရေးတွေကို အားပေးမြှင့်တင်ဖို့ ဒါမှမဟုတ် တရားဥပဒေတွေကို အစစ်အဆေး အမေးအမြန်းမရှိ တဖက်သတ် အနက်အဓိပ္ပါယ် ပြန်ဆိုနိုင်ဖို့အတွက် တရားစီရင်ရေးစနစ် လွတ်လပ်မှုကို အလွဲသုံးစားပြုတတ်ကြပါတယ် (ဒီမိုကရေစီ ရသွားပြီးသား လက်တင် အမေရိကမှာလည်း အကြိမ်ပေါင်းများစွာ အဲဒီလိုအလွဲသုံးစား ပြုထားကြပါတယ်)။ အကျိုးဆက်အနေနဲ့ “ဥပဒေ အနက်ပြန်ဆိုပြီး အကောင်အထည်ဖော်ရမယ့် သူတွေက “ဥပေဒနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို အလွန် အလေးအနက် ထားရမယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ဒါကြောင့်မို့ ဥပဒေတွေကို ထိန်းသိမ်းကြီးကြပ်ရသူတွေက ဒီမိုကရေစီစနစ် ကျယ်ကျယ်ပြန့်ပြန် ဖြစ်လာအောင် ထောက်ပံ့ပေးနိုင်ဖို့ အသင့်အနေအထားကနေ ရှိနေသင့်ပါတယ်။ အကြောင်းကတော့ အာဏာရှင်စနစ်နဲ့ မတူတာက ဒီမိုကရေစီစနစ်ကသာ တရားစီရင်ရေး အရာရှိတွေအတွက် အမှီအခိုကင်းတဲ့ လွတ်လပ်ခွင့်တွေ ပေးနိုင်တာကြောင့်ပါ။ အခက်အခဲတွေက နေရာတိုင်းမှာ ရှိနေတာဖြစ်ပြီး လက်တင်အမေရိကားမှာတော့ ပိုမိုဆိုးရွားပါတယ်။ အဲဒီမှာတော့ အင်စတီကျူးရှင်းတွေကို ဆန်းသစ်အောင် မွမ်းမံမှုတွေ အများကြီးလုပ်ဆောင်ပေမယ့် တရားစီရင်ရေးကဏ္ဍကို တခြားကဏ္ဍတွေလက်အောက် ဆွဲသွင်းခြင်းနဲ့ တရားစီရင်ရေးကဏ္ဍလွတ်လပ်မှု အလွန်အကျွံဖြစ်မသွားအောင် လုပ်ဆောင်ခြင်းနှစ်ခုကြား ဟန်ချက်ညီအောင် ထိန်းရာမှာတော့ နည်းနည်းပဲ အောင်မြင်တယ်ဆိုတာ ပြနေပါတယ်။
လက်တင်အမေရိကားမှာပဲ ခက်ခက်ခဲခဲ ရရှိခဲ့တဲ့ နောက်ထပ် အောင်မြင်မှုတခုကို အမှတ် ၆ က ညွန်ပြပါတယ်။ ရွေးကောက်ပွဲကနေ တက်လာတာကြောင့် ရာထူးရနေစဉ်မှာ သူတို့လုပ်ဆောင်သမျှက အကောင်းတွေချည်းပဲလို့ မှတ်ထင်နေတဲ့ သမ္မတွေရဲ့ ဥပေဒရေးရာ လုပ်ဆောင်ချက်တွေကို ထိန်းကွပ်ပေးရတာနဲ့ အမှတ် ၆ က အဓိက သက်ဆိုင်နေပါတယ်။ ဆင်းရဲသားတွေ၊ အကာအကွယ် မဲ့နေသူတွေ အမျာအပြားကို နစ်နာကြေးမပေးဘဲ ငြင်းဆန်နေတဲ့ အကြောင်း (အမှတ် ၅ နဲ့ ၇) ကို နောက်ပိုင်းမှာ ဆက်လက်ပြီး ပေါ်လွင်အောင် ရှင်းပြပါမယ်။ အမှတ် ၈ နဲ့ ပတ်သက်ပြီးတော့လည်း အလားတူ ပြောနိုင်ပါတယ်။ ရဲနဲ့ တခြား လုံခြုံရေးအဖွဲ့တွေက အပြစ်ပေး အရေးမခံရဘဲ လွတ်မြောက်နေတာနဲ့ ပတ်သက်ပြီး အမှတ် ၈ က ပြောပါတယ်။ ဒါ့အပြင် တရားလက်လွတ် အပြုအမူတွေကို တာဝန်မဲ့စွာ ရှောင်လွှဲနေတဲ့ ဒါမှမဟုတ် ပူးပေါင်းပါဝင်တာတောင် ဖြစ်နေတဲ့ တရားရုံးတွေနဲ့ ရပ်တပ်ဖွဲ့တွေ ရှိနေတာကို အခွင့်ကောင်းယူတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။
ဆက်လက်ဖော်ပြပါမည်။
(ဂီရာမို အိုဒေါ်နယ် (Guillermo’Donnell) သည် Notre Dame (နော်တာဒိန်း) တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်ပါသည်။ လက်ရာဟောင်းများဖြစ်သည့် The Quality of Democracy:Theory and Applications (၂၀၀၄)၊ Polyarchies and the (Un) Rule ofLaw in Latin America ၊ The Rule of Law and the Underprivileged in Latin America (၁၉၉၉) တို့ကို အနည်းငယ် ပြင်ဆင်ရေးသားပြီး လေ့လာ့တွေ့ရှိချက် အသစ်များနှင့် ပေါင်းစပ်ကာ ယခုဆောင်းပါးကို ရေးသားထားသည်။ နောက်ဆုံးစာအုပ် ၂ အုပ်ကို University of Notre Dame Press က ပုံနှိပ်ထုတ်ဝေသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)