ပျောက်သောသူ ရှာရင်တွေ့ ဆိုသော်ငြားလည်း

ဟန်ပိုင်

This article has been converted from Zawgyi One to Unicode

၁၉၈၅ ခုနှစ်မှာ ပြသခဲ့တဲ့ The Official Story (တရားဝင်ဇာတ်လမ်း) ဆိုတဲ့ အာဂျင်တီးနား ရုပ်ရှင်ဇာတ်ကား ကြည့်ဖူးပါတယ်။ ဇာတ်လမ်းကတော့ အာဂျင်တီးနား နိုင်ငံ ဗျူနိုအေးရီးစ် မြို့က လူလတ်တန်းစား မိသားစုတစုက တရားမဝင် ကလေးမွေးစားခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ မွေးစားမိခင်က ဒီကလေးဟာ အာဂျင်တီးနားရဲ့ နောက်ဆုံး စစ်အာဏာရှင်စနစ် (၁၉၇၆-၁၉၈၃) အတွင်း ဖြစ်ပွားခဲ့တဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအတွင်း ပျောက်ဆုံးသွားသူ မိဘတွေရဲ့ ကလေးဖြစ်နိုင်တယ်လို့ သံသယဝင်ရင်း၊ အမှန်တရားကို ရှာဖွေသွားတဲ့ အကြောင်းပါ။

ဇာတ်လမ်းအကျဉ်းကတော့ အာဂျင်တီးနားမှာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ခါနီး ကာလတွေဖြစ်တဲ့ ၁၉၈၀ လောက်မှာ အစိုးရက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သောင်းနဲ့ချီတဲ့ လက်ဝဲနိုင်ငံရေး ယုံကြည်သူတွေနဲ့ အပြစ်မရှိသူတွေကို ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူတွေကိုလည်း အမှတ်အသား ပြုလုပ်မထားတဲ့ နေရာတွေမှာ မြှုပ်နှံခဲ့ကြပါတယ်။ အစဖျောက်ပစ်ခဲ့ကြပါတယ်။

အယ်လီစီရာ (Alicia) ဆိုတဲ့ ကျောင်းဆရာမနဲ့ ရိုဘာတို (Roberto) ဆိုတဲ့ အစိုးရအရာရှိ လင်မယားဟာ သူတို့မွေးစားသမီးလေး ဂယ်ဘီ (Gaby) နဲ့အတူ ဗျူနိုအေရီးစ်မြို့မှာ နေထိုင်ကြတယ်။ ဂယ်ဘီလေး ၅ နှစ်မြောက် မွေးနေ့မှာ အယ်စီရာအနေနဲ့ ဂယ်ဘီရဲ့ မိဘအရင်းတွေက ဘယ်သူလဲဆိုတာ သိချင်လာတယ်၊ သူ့ယောကျာ်ပြောတဲ့ ဂယ်ရီလေးကို ဘယ်လို ရခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းကိုလည်း သူသံသယဝင်လာတယ်။

အယ်လီစီရာရဲ့ သူငယ်ချင်းဟောင်း အန်း (Ana) က ပြည်ပမှာ တိမ်းရှောင်ရာကနေ ပြန်ရောက်လာပြီး သူ့အတွေ့အကြုံတွေ ပြောပြရာမှာ အဖျက်သမားလို့ စွပ်စွဲခံရသူတွေကို နှိပ်စက်ညှင်းပမ်းတာတွေ၊ အကျဉ်းသားတွေထံကနေ ကလေးတွေကို အာဏာပိုင်တွေက အတင်းအဓမ္မ ယူဆောင်သွားတာတွေ ပါဝင်တယ်။ အဲဒီမှာ ဂယ်ဘီလေးရဲ့ မိဘတွေလည်း အခုလိုပုံစံမျိုး အဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ အယ်လီစီရာ စဉ်းစားမိလာတယ်။
အယ်လီစီရာလည်း ဂယ်ဘီလေးရဲ့ မွေးစာရင်းနဲ့ မှတ်တမ်းတွေကို ဆေးရုံမှာ သွားရောက်ရှာဖွေရင်း ပျောက်ဆုံးသွားတဲ့ ကလေးတွေကို ရှာဖွေပေးတဲ့ အဖွဲ့အစည်းတခုအကြောင်း သိလာတယ်။ အဲဒီမှာ ဆာရာ (Sara) ဆိုတဲ့ အမျိုးသမီးကြီးနဲ့ တွေ့ဆုံကြပြီး ဆာရာ့အနေနဲ့ ဂယ်ဘီလေးဟာ ပျောက်ဆုံးသွားတဲ့ သူ့သားသမီးတွေရဲ့ ရင်သွေး၊ သူ့မြေးလေးဖြစ်နိုင်တယ်လို့ ယုံကြည်နေတယ်။

အယ်လီစီရာအနေနဲ့ တခြား အာဂျင်တီးနား အထက်တန်းလွှာတွေလိုဘဲ သူတို့တိုင်းပြည်ထဲမှာ လူတွေ ဘယ်လောက် အသတ်ခံရလဲ၊ ဒုက္ခရောက်ကြသလဲဆိုတာ သတိမထားမိကြဘူး။ သူ့အမြင်တွေ မှားယွင်းနေကြောင်းကို ကျောင်းက ဆရာတဦးနဲ့ သူ့ကျောင်းသားတွေက မဟုတ်မှန်ကြောင်း စောဒက တက်ကြတယ်။ ကျောင်းသားတဦးကဆိုရင် အစိုးရထုတ်ဝေပြဌာန်းတဲ့ သမိုင်းစာအုပ်ဟာ “လူသတ်သမားတွေ ရေးတဲ့သမိုင်း” ဆိုပြီး ဝေဖန်ခဲ့တယ်။ နောက်ပိုင်းမှာ အယ်လီစီရာနဲ့ သူ့ကျောင်းက ကျောင်းဆရာ ရင်းနှီးသွားပြီး တိုင်းပြည်တွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ရှာဖွေဖို့ အယ်လီစီရာ အနေနဲ့ အမှန်တရားနဲ့ နီးစပ်လာတယ်။

ရိုဘာတိုကတော့ အလုပ်ထဲမှာ အဆင်မပြေတာ၊ အယ်လီစီရာရဲ့ သူငယ်ချင်း အန်းက လူသိရှင်ကြား စွပ်စွဲပြစ်တင်တာတွေ ကြုံရပြီး ရှေးရိုးစွဲ စစ်တပ် အထက်တန်းလွှာတွေနဲ့ ဝင်ဆန့်နေတဲ့ ရိုဘာတိုနဲ့ လွတ်လပ်မှုကို လိုလားတဲ့ သူ့အဖေ၊ အစ်ကိုတို့ကြား သဘောထားကွဲနေတယ်။

နောက်ဆုံးမှာ အယ်လီစီရာက ဆာရာကို ရိုဘာတိုနဲ့ တွေ့ပေးဖို့ အိမ်ခေါ်လာတာနဲ့ ပတ်သက်ပြီး လင်မယားချင်း စကားများကြတယ်။ အဲဒီညနေမှာပဲ ဂယ်ဘီလေး အိမ်မှာ မရှိဘူးလို့ ပြောလိုက်တဲ့အခါ အယ်ဘာတိုဟာ ဒေါသ ပေါက်ကွဲသွားတယ်။ ဒါနဲ့ပဲ အယ်လီစီရာက “ရှင့်သမီး ဘယ်မှာရောက်နေလဲ ဆိုတာ မသိတဲ့အခါ၊ ရှင်ဘယ်လို ခံစားရလဲ” လို့ ပြောလိုက်တဲ့ အခါမှာတော့ ရိုဘာတိုဟာ ထိန်းချုပ်နိုင် စွမ်းမရှိတော့ဘဲ အယ်လီစီရာကို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန် ကျူးလွန်တဲ့အထိ ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ ဖုန်းသံကြားလို့ ကောက်ကိုင်လိုက်တဲ့အခါ ဂယ်ဘီလေး ဖြစ်နေပြီး သူ့အမေကို မေးနေတယ်၊ နောက်တော့ သူဆိုနေကျ သီချင်းလေး ဆိုပြတဲ့အခါ ဖုန်းကိုကိုင်ပြီး ရိုဘာတိုတယောက် မျက်ရည်တွေတွေကျနေပြီး အသက်မဲ့နေသလို ဖြစ်နေတော့တယ်။

ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။ အာဂျင်တီးနားနိုင်ငံရဲ့ Dirty War (ညစ်ပတ်သောစစ်ပွဲ) အတွင်း စစ်အာဏာရှင်တွေဟာ နိုင်ငံရေးအရ သဘောထား ကွဲတဲ့သူတွေကို အကျဉ်းချ၊ နှိပ်စက်၊ သတ်ဖြတ်ပစ်ပြီး သူတို့ရဲ့ ကလေးတွေကို ရိုဘာတိုတို့လို အာဏာပိုင်တွေက ခိုးယူ၊ မွေးစားကြတယ်။ တကယ်တမ်း သူတို့မွေးစားခဲ့တဲ့ ကလေးတွေရဲ့ ဆွေမျိုးအစစ်အမှန်တွေ ပေါ်ပေါက်လာတဲ့အခါ ကလေးတွေကို မခွဲနိုင်၊ မခွာရက် ဖြစ်လာကြတယ်။ မတရား မွေးစားခဲ့တဲ့သူတွေတောင် ဒီလောက်ခံစားရရင်၊ ဆွေမျိုးရင်းခြာ၊ သွေးရင်းသားရင်းတွေဆို သူတို့ ပျောက်ဆုံးသွားတဲ့ သားသမီးတွေနဲ့ သူတို့ရဲ့ ရင်သွေး မြေးမြစ်တွေကို ပြန်လိုချင်မှာ၊ ပြန်တွေ့ချင်မှာကတော့ ပြောစရာတောင် လိုမှာမဟုတ်ပါဘူး။ ဒါကတော့ ရုပ်ရှင်ဇာတ်လမ်းပါ။

တကယ့်လက်တွေ့ဘဝမှာလည်း အာဂျင်တီးနား အဖိုး၊ အဖွားတွေဟာ ပျောက်ဆုံးသွားတဲ့ သူတို့ သွေးသားတွေကို ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ရှာဖွေခဲ့လို့ နှစ်ပေါင်း ၃၀ ကျော်မှ ပြန်လည်ဆုံဆည်း နိုင်ကြတာတွေလည်း ရှိပါတယ်။

မကြာသေးခင်က အဖြစ်အပျက်တခုမှာတော့ အာဂျင်တီးနားနိုင်ငံ စစ်အာဏာရှင် လက်အောက်မှာ ပျောက်ဆုံးသွားတဲ့ မြေးမြစ်တွေကို ပြန်လည်ရှာဖွေပေးတဲ့ “ဒီ မာယို ရင်ပြင်မှ အဖွားများ” (Grandmothers of the Plaza de Mayo) ကို တည်ထောင်သူ တဦးဖြစ်သူ မာရီယာ အစ္စဘယ် ချိုရိုဘစ်ခ် ဒီ မာရီရာနီ (María Isabel Chorobik de Mariani) ခေါ် ချီချာ (Chicha) တယောက် နှစ်ပေါင်း ၃၉ နှစ်လောက် ပျောက်ဆုံးနေတဲ့ သူ့မြေးကို ပြန်တွေ့ပြီဆိုလို့ တနိုင်ငံလုံး ဝမ်းသာအားရ ဖြစ်ကြပါသေးတယ်။ ဒါပေမယ့် တကယ်တမ်း မျိုးဗီဇစစ်ဆေးမှုတွေ တိုက်ဆိုင်ကြည့်တော့မှ သူ့မြေးမဟုတ်မှန်း သိကြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သွေးရိုးသားရိုးမဟုတ်တဲ့ လူပျောက်ဆုံးမှု၊ အစဖျောက်ခံရမှုများ ဖြစ်ခဲ့ဖူးပါတယ်။ ကုလသမဂ္ဂရဲ့ ပျောက်ဆုံးသူများ စုံစမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ရဲ့ မှတ်တမ်းအရ ၁၉၈၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ စုမ်ချိုင်း နီးလပိုင်ဂျစ် (Somchai Neelapaijit) အပါအဝင် လူပေါင်း ၈၂ ဦး လက်စတုန်း ဖျောက်ဖျက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကလည်း ထိုင်းနိုင်ငံအတွင်း ပျောက်ဆုံးနေသူ လူ ၈၂ ဦး ကိစ္စကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးဖို့ မကြာသေးမီက တိုက်တွန်းခဲ့ပါတယ်။ OHCHR က မစ္စတာ ဇိဒ် ရာအယ်ဟူစိန် (Zeid Ra’ad Al Hussein) က “ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာနဲ့ စုံစမ်းဖော်ထုတ်မှုတွေရဲ့ ဖြစ်ထွန်းမှုနဲ့ ရလဒ်တွေကိုလည်း သူ့တို့ရဲ့ မိသားစုတွေဟာ သိရှိပိုင်ခွင့် ရှိရမှာဖြစ်တယ်” လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ကချင်ပြည်နယ်မှာ စစ်ပွဲတွေတကျော့ပြန်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်အတွင်း ပျောက်ဆုံးသွားတဲ့ ဆွန်လွတ်ရွယ်ဂျာ အမှုမျိုးတွေလည်း ရှိနေပါတယ်။ ဆွန်လွတ်ရွယ်ဂျာရဲ့ ခင်ပွန်းအနေနဲ့ ဒီအမှုကို တရားရုံးချုပ်အထိ တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ယနေ့အချိန်အထိ သူ့ရဲ့ ကံကြမ္မာဟာ ဘယ်လိုရှိတယ်ဆိုတာ မိသားစုအနေနဲ့ သိခွင့် မရသေးပါဘူး။

ကိုယ့်သားသမီး၊ မြေးမြစ်တွေကျတော့ အာခံတွင်းထဲတောင် ငုံထားမတတ် တုန်နေအောင် ချစ်ပြနေပြီး သူများ မိသားစုတွေ၊ ရှင်ကွဲကွဲ၊ သေကွဲကွဲနဲ့ ကြုံနေရတာကို လျစ်လျူရှုထားမယ်ဆိုရင် လောကကြီးဟာ ဘယ်လိုမှ လှပသာယာမှာ မဟုတ်သလို တရားမျှတမှုလည်း ရှိမှာ မဟုတ်ပါဘူး။ မိသားစုဝင်တွေ အနေနဲ့ ပျောက်ဆုံး သွားသူတွေကို တွေ့ရလိမ့်နိုး၊ မျှော်လင့်တကြီးနဲ့ အခက်အခဲတွေကြားက ရှာဖွေရတဲ့ ဒုက္ခဟာလည်း ဘယ်လောက်ကြီးမား၊ စိတ်ဆင်းရဲရမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ကိုးကား
-The Official Story
-Bangkok Post
-Elpais.com

(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)

Loading