ပြည်တွင်းဘဏ်လုပ်ငန်းတခုဖြစ်သည့် ကမ္ဘောဇဘဏ်(KBZ) ဘဏ်အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်မှုတွင် အများဆုံး ဖြစ်သည်ကို ဖြစ်ကြောင်းနှင့် ၄ နှစ် ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ရပ်တည်လျက် ရှိကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးအောင်ကိုဝင်းက“ကျနော်တို့ ဒီနှစ်က ၄ နှစ်မြောက် ပထမ။ နောက် ၂ နှစ် လည်း ထပ်ကြိုဆောင်ထားပါတယ်။ ဒီနှစ်လည်း ကြေညာ ချက် ထွက်နေပါပြီ။ ကျနော်တို့ပါပဲ။ ပထမပါ။ ၄ နှစ်ဆက် တိုက်ပေါ့။ သိနေပါပြီ”ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရွှေသံလွင် ကုမ္ပဏီ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သည့် “ရွှေ” ဘဏ်ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ဦးအောင်ကိုဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၃ နှစ် ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ရပ်တည်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်းပေါင်း ၁၇ ဘီလီယံ ကျော်ဖြင့် အခွန် အများဆုံး ထမ်းဆောင်ခဲ့သည်ဟု ယင်းဘဏ်က ထုတ်ပြန်ခဲ့သည်။
ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း အခွန် ၂ နှစ်စာ ကြိုတင် ထမ်းဆောင်ပြီး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က“အခွန်သမားက ကြိုပေးရတဲ့ စနစ် ရှိတယ်လေ။ လက်ရှိနှစ်အတွက်ကို အန်ကယ်တို့က ကြိုပြီး တော့မှ ဆောင်ထားရတာ ရှိတယ်။ အခွန်တော့ မကြသေးဘူးပေါ့ဗျာ။ ခန့်မှန်းခြေ ဘယ်လောက်ရှိတယ်ဆိုတာ ကြိုပေးရတာ ရှိတယ်။ ကြိုတင်ခွန်ပေးထားတဲ့ ဟာကို နောက်နှစ်ကြမှာ ကျသင့်ငွေဟာ ဘယ်လောက် ကြိုတင်ငွေဟာ ဘယ်လောက်၊ ပိုထပ်ပေးရမယ်ဆိုလည်း ဘယ်လောက်ဆိုပြီး စနစ်နဲ့ သွားနေတာပါ။ အန်ကယ်တို့က ၃ နှစ် ဆက်တိုက်က အများဆုံး ပေးဆောင်သူလေ။ မကြေညာရသေးပေ မယ့် ကြိုတင်ပေးထားပြီးပြီလေ။ အခု ဒီဇင်ဘာအထိက ၉လ ရှိနေပြီ။ ၉ လ ဆိုတော့ ခန့်မှန်းလို့ရနေပြီ”ဟု ပြောသည်။
ထို့ပြင် ကမ္ဘောဇဘဏ်သည် ပြည်တွင်း၌ အကြီးဆုံး ကုမ္ပဏီ အဖွဲ့အစည်းများထဲတွင် မပါဝင်သော်လည်း အခွန်တွင် အများဆုံး ထမ်း ဆောင်နိုင်ကြောင်း ဦးသန်းလွင်က ပြောဆိုသည်။
ယခုနှစ် အခွန်ထမ်းဆောင်သူများ အများဆုံး စာရင်းကို ပြည်တွင်း အခွန်ဦးစီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အခွန်ဦးစီးဋ္ဌာနက ထုတ်ပြန်သည့် အခွန်ထမ်း စာရင်းတွင် ကမ္ဘောဇဘဏ်က ထိပ်ဆုံးမှ ဖြစ်ပြီး ၎င်း၏ နောက်တွင် ဦးအိုက်ထွန်းပိုင်ဆိုင်သည့် ရွှေတောင် ကုမ္ပဏီ၊ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Asia World ကုမ္ပဏီနှင့် ဦးဇော်ဇော် ပိုင်ဆိုင်သည့် Max Myanmar ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အခွန်ထမ်းစာရင်းတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်သည့် မြန်မာ့တပ်မတော်ပိုင် မြန်မ့ာစီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီ နှင့် မြဝတီ Trading ကုမ္ပဏီများမှာ ဝင်ငွေခွန် ပေးဆောင်မှု ကျပ်သန်း ၇၀၀ အောက်သာရှိပြီး ရွှေသံလွင် မီဒီယာ ကုမ္ပဏီနှင့် ဦးတေဇ ပိုင် Htoo Trading ကုမ္ပဏီတို့မှာလည်း ဝင်ငွေခွန် ကျပ်သန်း ၈၀၀ ဝန်းကျင်သာ ပေးဆောင်ကြောင်း တွေ့ရသည်။