ကာတွန်းဆရာ မောင်မောင်ဖောင်တိန်၏ လူမှုကွန်ရက် အကောင့်တခုဖြစ်သည် ဖေ့ဘွတ်စ် S Tha Htoo အကောင့် စာမျက်နှာသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက ရီပို့( Report) ထိကာ သုံးစွဲသူက ဝင်မရဘဲ ဖြစ်နေကြောင်း သိရသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ကာတွန်းဆရာ မောင်မောင်ဖောင်တိန် ရေးဆွဲထားသော ကာတွန်းတခုဖြစ်သည့် အကြီးကောင်မလေးတဦးနှင့် ကောင်လေး ၂ ဦးတို့ တဦးကိုတဦး ပြစ်တင်စကား ပြောဆိုနေကြရာတွင် ကောင်လေးတဦးက အကြီးကောင်မလေးအား “ အစ်မလုပ်ချင်တာကြ ပြောပြီး၊ ကျနော်တို့ လုပ်ချင်တာပြောတော့ စိတ်ဆိုးတယ်နော်” ဆိုသည့် ပြန်လည်ပြောဆိုနေသော ကာတွန်းပါ စာသားကြောင့် ရီပို့ထိခြင်း ဖြစ်နိုင်သည်ဟု ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ဧရာဝတီကို ပြောသည်။ l
“အံ့အားသင့်တယ်။ လန့်သွားတယ်။ ဦးသိန်းစိန် အစိုးရ ခေတ်တလျှောက်လုံး ကျနော်ရေးလာခဲ့တယ်။ ဒီလို မဖြစ်ခဲ့ဖူးဘူး” ဟု မောင်မောင်ဖောင်တိန်က ဆိုသည်။
ကာတွန်းဆရာ မောင်မောင်ဖောင်တိန်သည် ၁၉၈၇ ခုနစ်ကတည်းက ကာတွန်းများ စတင်ရေးဆွဲလာခဲ့သူဖြစ်ပြီး၊ စစ်အစိုးရလက်ထက်က စစ်အစိုးရ အာဏာရှင်များကို ဝေဖန်သည့် ကာတွန်းများစွာကို ရေးဆွဲခဲ့သည့် ကာတွန်းဆရာ တဦးလည်း ဖြစ်သည်။
အထက်ပါ မောင်မောင်ဖောင်တိန်၏ ကာတွန်းသည် ဒေါ်အောင်ဆန်းစုကြည်က နောင်ဖွဲ့မည့်အစိုးရအဖွဲ့တွင် ဝန်ကြီးလုပ်လိုသူများက စာရေးပြီး တောင်းဆိုမှု မပြုလုပ်ရန် ပြောဆိုခဲ့ခြင်းအပေါ် သရော်ဝေဖန်ခြင်းဟု ဖေ့ဘွတ်သုံးစွဲသူများက ဆိုကာ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အချို့က ရီပို့( Report) တင်ရန် ဆော်ဩခဲ့ပြီး ယခုကဲ့သို့ ဖေ့ဘွတ်သို့ ဝင်မရဖြစ်လာခဲ့သည်။
ဖေ့ဘွတ်လူမှုကွန်ရက်သည် မြန်မာပြည်တွင် တနေ့တခြား လူသုံးများလာနေပြီး နိုင်ငံရေးအရ ပြောဆိုဝေဖန်မှုများလည်း မြင့်တက်လာနေသည်။ ဦးသိန်းစိန်အစိုးရကို ဝေဖန်သူ အများအပြား ရီပို့( Report) ထိခဲ့ပြီး မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် တောင်းပြီး နာမည်ရင်းဖြင့် ပြန်လည်ဖွင့်ခွင့်ပေးခံခဲ့ဖူးသည်။
ကာတွန်းဆရာ မောင်မောင်ဖောင်တိန်သည် ကာတွန်းရေးဆွဲရာတွင် မျှမျှတတ ရေးဆွဲသည့် ကာတွန်းဆရာ တဦးဖြစ်ကြောင်း၊ ယခုလို နိုင်ငံရေး ရှုပ်ထွေးသည့်အချိန်တွင် မသမာမှု များစွာရှိနေသဖြင့် ထိုကဲ့သို့ရီပို့ ထုခံရကာ အကောင့်ပျက်ခြင်း ဖြစ်နိုင်ကြောင်း ကာတွန်းဆရာ အော်ပီကျယ်က သုံးသပ်ပြောဆိုသည်။
“ကာတွန်းဆရာကတော့ သူ့အမြင် သူ့ခံစားချက် စေတနာနဲ့ ထောက်ပြတာပါ။ ကျနော်ကတော့ မစိုးရိမ်ပါဘူး။ ကာတွန်းဆရာတွေက ရိုးရိုးသားသား ဆွဲနေတာ။ ရေးစရာရှိတာ ရေးနေမှာပဲ။ ဘယ်သူမှ စိတ်ဆိုးနေမှာ မဟုတ်ဘူး။ အရင်စစ်အစိုးရ ခေတ်တုန်းက ဝေဖန်တာလဲ မုန်းတဲ့စိတ်နဲ့ ဝေဖန်နေတာမှ မဟုတ်တာ” ဟု ဆရာ အော်ပီကျယ်က ဆိုသည်။
ယခုကိစ္စသည် ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ပွဲဆူစေခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်ထိန်နှင့် RFA အမေး အဖြေကိစ္စ နောက်ဆက်တွဲ ကပ်လျက် ဖြစ်ပေါ်လာသောကြောင့် လွတ်လပ်စွာ ပြောဆို ရေးသားခွင့် အာမခံနိုင်မှု အတိုင်းအတာကို မေးခွန်းထုတ်ရန် ဖြစ်လာစေခဲ့သည်။
စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က “ဒီဟာက အကြမ်းဖက်ဖို့ လှုံ့ဆော်တာ မဟုတ်သလို၊ လူမျိုးရေး ဘာသာရေး လူတယောက်ကို စော်ကားတာလည်း မဟုတ်ဘူး။ ဒီလိုနည်းလမ်း သုံးတာကတော့ အနိုင်ကျင့်တယ်လို့ ကျနော် ထင်တယ်။ ဒီလို မတူကွဲပြားမှု အမြင်မျိုးကို ခွင်မပြုဘူး ဆိုတာလည်း အာဏာနဲ့ အမိန့်ပေး အာဏာရှင် ဆန်တယ်လို့ ကျနော်ထင်တယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံရေး ယဉ်ကျေးမှုတွင် ပြည်သူအများ ကြည်ညိုလေးစားသည့် သူများကို ဝေဖန်ပါက မကြိုက်ကြကြောင်း၊ သို့သော် ဒီမိုကရေစီ သဘောတရားအရ မည်သူမဆို ဝေဖန်ခွင့်ရှိကြောင်း Generation Wave အဖွဲ့မှ ကိုမိုးသွေးက ပြောသည်။
“ကာတွန်းဆရာတယောက်ရဲ့ဝေဖန်ချက်ကြောင့် သူ့ရဲ့လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးကန့်သတ်တာ လက်မခံနိုင်စရာပါ။ သူ့ ကာတွန်းကို မကြိုက်ရင် သူ့ကို ဆဲဆိုခွင့်ရှိပါတယ်။ ဒါပေမယ့် သူရဲ့ဖန်တီးမှုတွေ ရပ်တန့်အောင်တော့ လုပ်ခွင့်မရှိပါဘူး”ဟုလည်း ကိုမိုးသွေးက သူ၏ ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာတွင် ရေးထားသည်။