ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပ မြို့ နယ်၊ နန္ဒဝန်ဈေးအနီးနေ အသက် ၄၀ အရွယ် အမျိုးသမီးက အသက်မပြည့်သည့် ကလေးသူငယ် ၄ ဦးကို လိင်အလွဲသုံးစားပြုလုပ်ကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သဖြင့် လူကုန်ကူး တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
“ကလေးတွေကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနမှာ ထိန်းသိမ်းထားတယ်။ အားလုံးက ရန်ကုန်တိုင်းထဲကပဲ။ မိဘတွေကလည်း သိကြတယ်ပြောတယ်။ အခုတော့ စစ်ဆေးနေတုန်းပဲ။ ဒီအမျိုးသမီး အခုလိုလုပ်တဲ့ကိစ္စကို Save the Children ကတဆင့် သတင်းရထားတာ တပတ်လောက်ရှိပြီ။ ဒါပေမယ့် ကွင်းဆက်ပြတ်မှာ၊ ရဲမှန်းသိသွားရင် ကလေးတွေကို ကယ်ထုတ်ဖို့ ခက်ခဲမှာ စိုးရိမ်တာကြောင့် သေချာဆောင်ရွက်ရတယ်” ဟု အောက်မြန်မာပြည် လူကုန်ကူး တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင်မောင်လှက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “လူကုန်ကူးမှုနဲ့ ဖွင့်လိုက်တာက အပြင်းထန်ဆုံးပဲ။ ကလေးသူငယ်၊ အမျိုးသမီးစသည်ဖြင့် တခုချင်းစီအတွက် အမှုလိုက်ဖွင့်တာထက် လူကုန်ကူးနဲ့ ဖွင့်လိုက်ရင် အားလုံးအကျုံးဝင်တယ်။ ဖမ်းထားတဲ့ အမျိုးသမီး နာမည်ကိုတော့ လက်တလော ထုတ်ဖော်ပြောလို့ မရသေးဘူး။ ကလေးတွေ နာမည်ကိုလည်း ထုတ်ပြောပြလို့ မရဘူး” ဟု ရှင်းပြသည်။
အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ အသက် ၁၃ နှစ်၊ ၁၆ နှစ် နှင့် ၁၇ နှစ်အရွယ် မိန်းကလေး ၄ ဦး နှင့် အသက် ၁၉ နှင့် ၂၀ နှစ်အရွယ် မိန်းကလေး ၂ ဦးကို စင်တင်ဂီတ ဖျော်ဖြေသည့် ဆိုင်များတွင် အလုပ်လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အဆိုပါ မိန်းကလေးများနှင့် ပျော်ပါးရန် ငှားရမ်းသည့် နိုင်ငံခြားသားများကို တဦးလျှင် ၈၀၀၀၀ ကျပ်ခန့် တောင်းယူကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်သဖြင့် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည်က ဖမ်းဆီးကာ လူကုန်ကူးမှု ဥပဒေဖြင့် တောင်ဥက္ကလာပရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ဇွန်လကုန်အထိ လူကုန်ကူးမှုပေါင်း ၈၄၅ မှု ဖြစ်ပွားခဲ့ပြီး ကလေးသူငယ် လူကုန်ကူးခံရသူဦးရေ ၆၁ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။