မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စုစနစ် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးသည့်အခါ နိုင်ငံတကာတွင် အသုံးပြုနေသည့် DDR/ SSR လုပ်ငန်းစဉ်များအတိုင်း လက်နက်ဖြုတ်သိမ်းခြင်းများကို အချိန်သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ တပ်မတော်တွင် တာဝန်ထမ်းနိုင်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့် မိန့်ခွန်းတွင် တပ်ချုပ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်ကို Standard Army ဖြစ်စေရေး လုပ်ဆောင်လျက် ရှိကြောင်း ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတိုင်းတွင် တပ်မတော်တရပ်သာ ထားရှိကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းမူဝါဒကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းရင်းသား လက်နက် ကိုင် များ တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။
“ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ်ရပ်စဲရေး ဖြေရှင်းဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံ မိမိကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင် ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေး အတွက် ဖိတ်ခေါ်ကြိုဆို ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပြည်ထောင်စုညီလာခံသို့ တက်ရောက်လာသည့် သမ္မတဦးသိန်းစိန်က လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ် ဆိုထားသည့် တိုင်းရင်း သားလက်နက်ကိုင် ၈ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးပွဲညီလာခံ ပြုလုပ်ရသည်မှာ NCA ပါ အချိန်ဇယား များကို အဓိက ထားပြုလုပ်ခြင်း မဟုတ်ဘဲ အစိုးရသစ်လက်ထက်တွင် ချောမွေ့စွာ အာဏာလွဲ ပြောင်းပေးနိုင်ရန်၊ အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးစားပေး ဆက်လက်လုပ်ဆောင်နိုင်ရန် ယခု ညီလာခံကို ကျင်းပရခြင်း ဖြစ်သည်ဟု အဖွင့်မိန့်းခွန်းတွင် ထည့်သွင်း ပြောဆိုသည် ။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အနေဖြင့် DDR/ SSR လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်ဖြုတ်သိမ်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် ရပ်ရွာလုံခြုံအေးချမ်းရေးဆောင်ရွက်နေသော တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲများအတွင်း ဝင်ရောက်ပူးပေါင်းရန် ယခင်ကပြောဆိုခဲ့ဖူးသော်လည်း ယခုမိန့်ခွန်းတွင်မူ လက်နက်ဖြုတ်သိမ်းရေး စောင်းပေးပြောဆိုခဲ့ခြင်းမရှိပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လက်နက်ဖြုတ်သိမ်းရေးကို သဘောမတေူသေးပဲ DDR/ SSR လုပ်ငန်းစဉ် အသေးစိပ်ကို ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိနေကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် က လည်း လာမည့်အစိုးရသစ်လက်ထက်၌ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်မည့် ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်ပေါ်လာရေးကို မျှော်လင့်ကြောင်း ပြောဆိုသည်။
“ကျမတို့က ၂၁ ရာစုနှစ်နဲ့ ကိုက်ညီမှုရှိမယ့် ပင်လုံညီလာခံမျိုးကို မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
၁၉၄၇ ခုနှစ်က ပြည်မခေါင်းဆောင်များနှင့် တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်တို့အကြား ပင်လုံစာချုပ် ချုပ်ဆိုခဲ့ပြီး စည်းလုံးညီညွတ်မှုဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သကဲ့သို့ လာမည့်အစိုးရသစ် လက်ထက်တွင် စည်းလုံးညီညွတ်ခြင်းဖြင့် တိုင်းရင်းသားအားလုံး မျှော်လင့်နေသည့် ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ကို အရယူနိုင်ရန် ဆောင်ရွက်ကြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေးသည် အရေးကြီးပြီး ယခုအခါ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား အဖွဲ့များအကြား နားလည်မှု မလွဲမှားစေရန် အထူးဂရုပြုကြပါဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “အခုဖြစ်ပွားနေတဲ့ တိုက်ပွဲများကို မိသားစုစိတ်ဓါတ် အခြေခံပြီး ရင့်ကျက်တဲ့ နိုင်ငံရေးစိတ်ဓါတ်များကို ပြုစုပျိုးထောင်ခြင်းအားဖြင့် အမြန်ဆုံး ရပ်စဲသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို နေပြည်တော်ရှိ MICC-2 ခန်းမတွင် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်ထိ ကျင်းပလျက်ရှိသည်။
ညီလာခံသို့ အစိုးရ၊ တပ်မတော်ဘက် တာဝန်ရှိသူမှ တာဝန်ရှိသူများ နှင့် NCA လက်မှတ်ထိုးထားသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့က နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ လုံခြုံရေး၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
ညီလာခံတွင် ဆွေးနွေးဖက်များအဖြစ် အစိုးရ အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၈ ဖွဲ့ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စားလှယ် ၅၀၊ ဖိတ်ကြားသင့်သူ ၅၀ တို့ တက်ရောက်ကြသည်။
NCA လက်မှတ်ထိုးထားသည့် ၈ ဖွဲ့မှာ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံအပြင် တဖက်တွင်လည်း တပ်နေရာချထားရေး လုပ်ငန်းများကို တပ်မတော်နှင့် ဆောင်ရွက်နေကြောင်း၊ NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကို အစိုးရက ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တတ်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။