လက်ပံတန်းတွင် ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းပြီးနောက် အဖမ်းခံထားရသည့် ကိုမင်းသွေးသစ် အပါအဝင် ၅ ဦးသည် ရန်ကုန်ဆေးရုံကြီးတွင် တလကျော်ကြာ ဆေးကုသမှု ခံယူခဲ့သော်လည်း ကျန်းမာရေးအခြေအနေ စိတ်မချရသေးသည့်အတွက် ဆက်လက် ဆေးကုသ ခံရမည်ဖြစ်ကြောင်း သိရသည်။
“ဆေးရုံတက်နေတဲ့ ကျနော်ရယ်၊ ကိုထိန်လင်းအောင်၊ ကိုမာနော်၊ ဦးမြကြီးနဲ့ ကိုကျော်စွာလင်းတို့ ၅ ဦးကတော့ ဆေးဆက်လက် ကုသရဦးမယ်။ သူတို့ပြောတာက ထောင်ပြန်ရောက်သွားပြီးမှ ရောဂါပြန်ဖြစ်ရင် ဆေးကုသခွင့် မရဘူးလို့ ဆရာဝန်တွေကို ပြောထားတော့ အခု လက်ရှိက ပိုပြီး စိတ်ချသွားအောင်လို့ ဆက်လက် စောင့်ကြည့်နေတာပေါ့” ဟု ကိုမင်းသွေးသစ်က ပြောသည်။
၎င်းတို့ ၅ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကိုမင်းသွေးသစ်မှာ အစာအိမ် ပိုးဝင်နေသည့်အတွက် ပိုးသတ်ဆေး ၂ ပတ်နှင့် အစာအိမ်ဆေး ၁ လ သောက်ရမည်ဖြစ်ကြောင်း၊ ကိုထိန်လင်းအောင်မှာ အူရောင်နေသည့်အတွက် ဆေးဆက်သောက်ရမည် ဖြစ်ကြောင်း သိရသည်။
ကိုမာနော်မှာ အကြမ်းဖက် ဖြိုခွင်းမှုတွင် အရိုက်ခံရသည့် ဒဏ်ကြောင့် ကျောက်ကပ်ထိသွား၍ ဆေးကုသမှု ခံရမည် ဖြစ်ပြီး ဝန်းရံပြည်သူတဦးဖြစ်သည့် ဦးမြကြီးမှာ ဦးခေါင်းအက်ကွဲဒဏ်၊ မေးရိုးထိခိုက်သည့် ဒဏ်များကို ဆေးစစ်ချက်တွင် တွေ့ရကာ ခြေလက် ထုံကျင်မှု ခံစားနေရကြောင်း သိရသည်။ ကိုကျော်စွာလင်း အူအတက်ရောင်သည့်အတွက် ခွဲစိတ်ရန် စောင့်ကြည့်နေကြောင်းလည်း သိရှိရသည်။
ကိုထိန်လင်းအောင်နှင့် ဦးမြကြီးတို့ သာယာဝတီ တရားရုံးချိန်းတွင် အာမခံလျှောက်ထားသော်လည်း ဆက်တိုက်ပယ်ချခံနေရသည်။ ယနေ့ သာယာဝတီ မြို့နယ် တရားရုံးချိန်းတွင် ကိုထိန်လင်းအောင် အာမခံရရန် အထက်တရာရုံးတွင် ဆက်လက် လျှောက်ထားကြောင်း ရုံးချိန်းပုံမှန်သွားပေးနေသည့် မအေးအေးခိုင်က ပြောသည်။
“ကိုထိန်လင်းအောင် အာမခံ လျှောက်ထားတာကို ပယ်ချလိုက်တယ်။ အကြောင်းပြချက်ကတော့ ဆက်လက် ဆေးကုသခွင့် လိုအပ်ကြောင်း ဆရာဝန် ထောက်ခံချက် ယူရမယ်လို့ ပြောတယ်။ ကျမတို့ အစကတည်းက ရန်ကုန်ဆေးရုံကြီးက ဆေးရုံအုပ်လက်မှတ်တွေ၊ ဆေးစစ်ချက်တွေ အားလုံးကို တင်ပြထားပြီးသားပါ။ အခု မရလို့ အထက်ကို ဆက်လျှောက်လွှာတင်ဖို့ ကြိုးစားနေပါတယ်” ဟု မအေးအေးခိုင်က ဆိုသည်။
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်မှုကြောင့် ကျောင်းသားနှင့် ဝန်းရံပြည်သူတဦးကို ဖမ်းဆီးပြီးနောက် ၉ လကျော်အတွင်း ရုံးထုတ်မှု အကြိမ် ၃၀ ကျော် ရှိပြီ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကျော်ကိုကိုအား ဖမ်းဆီးခဲ့ပြီးနောက် အမှုသွားအမှုလာကို ပြန်လည် စစ်ဆေးနေကြောင်း သိရသည်။
ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် ၅၀ ခန့်ကို ယနေ့အထိ ဖမ်းဆီး စစ်ဆေးနေဆဲ ဖြစ်ပြီး ကျောင်းသားများ၏ အမှုရုံးချိန်းကို ဇန်နဝါရီ ၁၉ ရက်တွင် ထပ်မံ ချိန်းဆိုထားသည်။