သတင်း

ငြိမ်းချမ်းရေး ညီလာခံတွင် အခြေခံမူများ ချမှတ်နိုင်သည်အထိ ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ စသည့် ကဏ္ဍကြီး ၅ ရပ်စလုံးတွင် အခြေခံမူများ ချမှတ်နိုင်သည်အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယနေ့ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသားအစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်း က“အခု ပထမအကြိမ် ညီလာခံမှာ ကဏ္ဍ အသီးသီးရဲ့ အခြေခံမူတွေကို ချမှတ်နိုင်တဲ့အထိ ဆွေးနွေးနိုင်ဖို့ ကျနော်တို့ လျာထားပါ တယ်”ဟု ဧရာဝတီသို့  ပြောသည်။

သို့သော် ယင်းကဏ္ဍကြီး ၅ ရပ်ကို အဓိက ဆွေးနွေးမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ်မည် မဟုတ်ဟု ပြည်ထောင် စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)က ညီလာခံ မကျင်းပမီ ပြောဆိုထားသည်။

နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်၌ အခြေခံသင့်သည့်မူများ၊ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ကဏ္ဍ တွင် အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေ သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေးကဏ္ဍတွင် ပြည်တွင်း ဒုက္ခသည်များ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေး ကဏ္ဍတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင် ရာ အခြေခံသင့်သည့် မူများ၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ကဏ္ဍတွင် စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များဟူ၍ ဆွေးနွေးမည် ဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည် ။

ကဏ္ဍကြီး ၅ ရပ်အောက်တွင် အချက်အလက်များစွာ ဆွေးနွေးရန် ရှိနေသဖြင့် ထိုကဲ့သို့ ကဏ္ဍ ၁ ခုချင်းစီ အောက်တွင် ဆွေးနွေး မည့် ခေါင်းစဉ်များ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကဏ္ဍကြီး ၅ ရပ်ကို ဆွေးနွေးရမည့် ကိုယ်စားလှယ် အစုအဖွဲ့များခွဲ၍ လက်ရှိတွင် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ဟူ၍ ခွဲခြားကာ တံခါးပိတ် ဆွေးနွေးနေပြီး ထိုအစုအဖွဲ့တဖွဲ့ချင်းစီမှ ကဏ္ဍကြီး ၅ ရပ်အတွက် အဖွဲ့ငယ် ၅ ဖွဲ့စီ ပြန်ဖွဲ့မည် ဖြစ်သည်ဟု သိရသည်။

ပဒိုစောကွယ်ထူးဝင်းက“အဖွဲ့ငယ်အသီးသီးမှာ တူတဲ့ ကဏ္ဍတွေအတွက် အဖွဲ့တွေကို ပြန်ပေါင်းပြီးတော့ ဆွေးနွေးမှာ ဖြစ်တယ်။ ပြီးတော့ ဆွေးနွေးချက်တွေကို စုံညီ ညီလာခံမှာ ပြန်ချပြပြီး မှတ်တမ်းတင်မှာပါ”ဟု ပြောသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအောင်မိုးဇော်ကလည်း ညီလာခံ ပထမ ၂ ရက်ဖြစ်သည့် ဇန်နဝါရီလ ၁၂ ရက် နှင့် ၁၃ ရက်သည် အစုအဖွဲ့ခွဲခြင်းဖြင့်သာ အချိန်ကုန်သွားမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများကိုမူ ဇန်နဝါရီလ ၁၄ ရက် ရောက်မှသာ စတင် ဆွေးနွေးနိုင်မည်ဟု ဧရာဝတီသို့ ပြောသည်။

ပထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပလျက် ရှိသည်။

ညီလာခံသို့ အစိုးရ၊ တပ်မတော်ဘက် တာဝန်ရှိသူမှ တာဝန်ရှိသူများ နှင့် NCA လက်မှတ်ထိုးထားသည့် ကရင် အမျိုးသား အစည်း အရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရသည်။

ညီလာခံတွင် ဆွေးနွေးဖက်များအဖြစ် အစိုးရ အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ တပ် မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၈ ဖွဲ့ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံ ရေး ပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စားလှယ် ၅၀၊ ဖိတ်ကြားသင့်သူ ၅၀ တို့ တက်ရောက်ကြ သည်။

Loading