Environment

ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျ၍ ၃ ဦး သေဆုံးပြန်

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကန်ခန်တောင်အနီးတွင် ဇန်နဝါရီ ၁၂ ရက် ည ၁၀ နာရီခန့်က မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသည့်လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံ တိုး လာ နိုင်ကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးလော်ရော်က ဧရာဝတီကို ပြောသည်။

“ရေမဆေးကျောက် ရှာဖွေတဲ့သူတွေက နေ့ရောညရော လုပ်နေကြတာ။ အသေအပျောက် စာရင်းက လူပျောက်လာရှာမှ သိရမယ်။ ဘယ်နှစ်ယောက် ပျောက်သွားလဲဆိုတာကို သူတို့မိသားစု၊ သူတို့အဖော်တွေပြောမှ သိနိုင်မယ်”ဟုလည်း ဦးလော်ရော်က ဆိုသည်။

ကန်ခန်တောင် မြေစာပုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပထမအကြိမ်ပြိုကျခဲ့ရာတွင် လူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ သည်ဟု သိရသည်။

ထို့အတူ ကန်ခန်တောင်အနီးရှိ မြေစာပုံသည် ထပ်မံပြိုကျရန် အလားအလာ ရှိနေပြီး ကုမ္ပဏီများက မြေစာပုံများ လာရောက်စွန့်ပစ် ရာတွင် စည်းကမ်းမဲ့စွာ ပုံချကြကြောင်း၊ မြေစာတင်သည့် ကားများသည် လက်ရှိအချိန်အထိ များစွာ ဝင်လာစွန့်ပစ်နေသည်ကို တွေ့ရကြောင်း ဦးလော်ရော်က ပြောသည်။

လာမည့် အစိုးရသစ်သည် အပြောင်းအလဲများစွာ ပြုလုပ်ပေးနိုင်မည်ဟု မျှော်လင့်သော်လည်း လက်ရှိ ဖြစ်နေသည့် ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်မှုများနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းမည်ကို သံသယဖြစ်နေကြသည်ဟု ဖားကန့်ဒေသခံများက ပြောဆိုကြ သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျ၍ သေဆုံးသူများ အရေးနှင့် ပတ်သက်ပြီး ပြည်သူတို့၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်၍ လုပ်ငန်းဆက်လက် လုပ်ကိုင်ခြင်း စသည့် နည်းလမ်း ၃ လမ်း စီစဉ်ထားသည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသိန်းသန်းထွန်း က ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ဖားကန့်မြို့၌ ကုမ္ပဏီ ၆၂၇ ခုကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ခုကို အစိုးရနှင့် အကျိုးတူလုပ်ကွက် ၃၁၁ ကွက်ပေး၍ ကျောက်စိမ်းတူးဖော်ခွင့် ပြုထားကြောင်း သတ္တုတွင်းဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။

Loading