နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက် အား သဘောမတူဘဲ မူလအဆိုပြု ပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက ယနေ့ ပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသား လွှတ်တော် သို့ ပေးပို့လာသည်နှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးနှင့် ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ဖြစ်သော ဦးဖုန်းမြင့်အောင်နှင့် ဒေါ်ခင်ဝိုင်းကြည်တို့က ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုဥပဒေ၏ အဆိုပြုပြဋ္ဌာန်းချက်တွင် ပါရှိသော ကိုယ်ရံတော်အဖွဲ့ဆိုသည့် စကားရပ်အား လုံခြုံရေးအဖွဲ့ဆိုသည့် စကားရပ်အဖြစ် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ထားမှုကို မူလအဆိုပြု ပြဋ္ဌာန်းချက်ပါအတိုင်း ကိုယ်ရံတော်အဖွဲ့ဟုသာ ပြန်လည် ပြင်ဆင်လိုကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ရဲနိုင်ဦးက အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့သည်။
“ကိုယ်ရံတော်အဖွဲ့ ဆိုသည်မှာ ကိုယ်ရံတော်ကို အထူးပြု ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ထားတဲ့ လုံခြုံရေးအဖွဲ့ ဆိုသည်မှာ အခြားလုံခြုံရေး အဖွဲ့များနဲ့ ရောထွေးနိုင်လို့ မူလအဆိုပြု ပြဋ္ဌာန်းထားတဲ့အတိုင်း ပြင်ဆင်သင့်ပါကြောင်း တင်ပြ အပ်ပါတယ်”ဟုလည်း ၎င်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကိုယ်ရံတော် ခန့်အပ်ရာတွင် ပြည်ထဲ ရေး ဝန်ကြီး ဌာနမှသာ ခန့်အပ်ရမည်ဟု အတည်ပြုထားပြီး အမျိုးသား လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းကို တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မြင့်ဝင်းကလည်း မူလအဆိုပြု ပြဋ္ဌာန်းချက် အတိုင်းသာ အတည်ပြု ပြဋ္ဌာန်းရန် ဆွေးနွေးခဲ့သည်။
ဒုဗိုလ်မှူးကြီး မြင့်ဝင်းက မြန်မာနိုင်ငံတွင် နေရာ လုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေး၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး စသည့် ကိစ္စအ၀၀ကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ပူးတွဲ၍ဖြစ်စေ၊ သီးခြားဖြစ်စေ တာဝန်ယူ ဆောင်ရွက်ရကြောင်း၊ မူလပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ကိစ္စရပ်များကို ကာကွယ်ရေး ဝန်ကြီးဌာန (သို့မဟုတ်) ပြည် ထဲ ရေး ဝန်ကြီးဌာနက ရွေးချယ်ခန့်အပ်နိုင်မည် ဖြစ်သော်လည်း ပြင်ဆင်ချက်အရ ပြည်ထဲရေးကပဲ ခန့်အပ်ရမည့်သဘော ဖြစ်နေကြောင်း တင်ပြခဲ့သည်။
“နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအပေါ် လေးစားတန်ဖိုးထားပြီး သမ္မတတာဝန် ထမ်းဆောင်သူသည် မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ရန် ကိုယ်ရံတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ ရွေးချယ်ခန့်အပ်ရာတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဖြစ်စေ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှဖြစ်စေ မိမိစိတ်ကြိုက် ရွေးချယ်ခန့်အပ်နိုင်ထားရေးအတွက် ပြင်ဆင်ထားသော ပြည်ထဲရေး ဝန်ကြီးဌာနအစား မူလအဆိုပြုချက် ပြဌာန်းချက်ပါ သက်ဆိုင်ရာ ဝန်ကြီးဌာနဆိုသည့် စကားရပ်အား အတည်ပြု ပြဌာန်းပါရန်”ဟု ဒုဗိုလ်မှူးကြီး မြင့်ဝင်းက ပြောဆို သည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အများပြည်သူ သိစေရန် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပေးခဲ့ရာ ထိုဥပဒေကြမ်းပါ အခန်း (၄) ပုဒ်မ ၁၀ တွင် ပါရှိသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက သမ္မတ အဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ၎င်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်း တို့ မရှိစေရဟု ဖော်ပြထားသည့် အချက်ကို နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“ဒီဥပဒေမှာ မပါသင့်ဘူးထင်လို့ သမ္မတ ဘာပဲလုပ်ခဲ့လုပ်ခဲ့ လုပ်ခဲ့တဲ့ အကြောင်း အရာပေါ်မှာ သူ့အနေနဲ့ အားနည်းချက်တွေ ရှိနိုင်တယ်။ လာဘ်ပေးမှုတွေ ရှိနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၃ မှာ မည်သူမဆို တည်ဆဲဥပဒေကို ကျူးလွန်ရင် အရေးယူရမယ်ဆိုတာ ပါတယ်။ သမ္မတမို့လို့ လွတ်ငြိမ်းခွင့် မပေးနိုင်ဘူး။ ဒါကြောင့် အဲဒီ အပိုဒ်ကို ဖျက်ပေးပါလို့ ပြောတာ”ဟု ပြောဆိုသည်။
အဆိုပါ ပုဒ်မကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပယ်ဖျက်ရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ မူလအတည်ပြုချက် အတိုင်းသာ ဖြစ်ခဲ့သည်။
ထိုဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော် အမတ်လေးဦး၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့တွင် ပြန်လည်ကြားနာ အစီရင်ခံစာ တင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယင်း ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ပြည်သူ့ လွှတ်တော်တွင် စတင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။